ကျနော်တို့မှာ ရန်သူရှိလား။တိုင်းတပါးသား လက်အောက်များကျရောက်နေလား။သူ့ကျွန်ဘ၀၌ ကျရောက်နေခြင်း မဟုတ်ပါလျင် ဘာကြောင့် တမျိုးသားလုံး၏ လူချင်းတူတူ သူချင်းမျှမျှ လူ့အခွင့်အရေးများ ဘာကြောင့်ပျောက်ပျက်ဆုံးရှုံးနေပါသနည်း။ ဘယ်သူတွေက ကျနော်တို့ဘ၀တွေကို ရက်ရက်စက်စက် လုပ်ကြံနေပါလိမ့်ဗျာ။လူ့အသက်သေသွားတာထက် ဘ၀တွေရှင်လျက် သေနေကြရတယ်။တမျိုးသားလုံးညီညွတ်နေကြရင် ငတ်ပြတ်နေလည်း အတူ၊ စည်ဝေပြည့်ဝလာလည်း အတူ ခံစားပျော်ရွှင်နိုင်ကြမှာပါ။လူသားအားလုံး အတူတူပါပဲ။ ဘယ်လူမျိုးမှ ထူးပြီး သိမ်ငုပ်ညံ့ဖျင်းနေတာ မရှိပါဘူး။အားလုံးဟာ ဖန်တီးပြုပြင် ပြောင်းလဲလို့ရနိုင်ပါရက် တဖက်သတ် ဖိနှိပ်ရက်စက်နေတာတော့ တရားလွန်လှပါရဲ့။ပိုင်ဆိုင်ထားတဲ့ ကိုယ့် ဘ၀ ဒုက္ခမခံချင်လို့၊ အခြေမယိုင်ဖို့၊ တိုးတက်မြင့်မားဖို့၊ တခြားသူတွေထက် အဆင်ပြေသာယာဖို့၊ ဘာကြီးဖြစ်ဖို့၊ ညာကြီးဖြစ်ဖို့၊.......ဖို့......ဖို့........ရှိနိုင်ပါတယ်။ရှိကြပေါ့။ဒါပေမဲ့....... ကိုယ့်လူမျိုး ဘာညာ..စကားကြီးစကားကျယ် သုံးမနေပါဘူး။ တပါးသူကို မထိခိုက်ပဲ ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားကြရမှာပါ။ အခုတော့ ငါ့အတွက်ဆို ဘာကိုမဆို၊ ဘယ်သူ့ကိုမဆို ချနင်းလိုက်ဖို့ လွယ်ကူကြတယ်။ဘာကိုမှ မငဲ့ကွက်ပဲ ရက်စက်ကြတယ်။အခုလိုတစ်တိုင်းပြည်လုံး ဒုက္ခသုတ္ခ အတိရောက်နေချိန်မှာ အတ္တလေးတွေ ကိုယ်စီ ဘေးချပြီးရင်ဆိုင်ကြသင့်ပါပြီ။ငါက ဘယ်သူဘယ်ဝါ၊ ဘယ်လိုကောင် ဆိုတာလေးတွေလည်း မေ့ထားလိုက်ပါ။ တမြေထဲနေ၊တရေထဲသောက်ကြတဲ့ ညီအကိုမောင်နှမတွေချည်းပဲဗျာ။စတေးခံရသူတွေထဲမှာ အလွှာပေါင်းစုံကနေ ပုံစံအမျိုးမျိုး နဲ့ ပါဝင်နေတာ အားလုံးအသိပါ။တချို့လည်း စတေးခံနေရမှန်းသိရက် နေသာ သလိုနေကြတာ၊ အနေချောင်သလို နေကြတာတွေဟာ ဒီလိုအချိန်မှာ မဖြစ်သင့်တော့ပါဘူး။ဒီအခက်အခဲတွေကနေ လွတ်မြောက်အောင် စုပေါင်းပြီး ကြိုးစားရုန်းကန်ဖို့ အချိန်တန်နေပါပြီ။ အခုလို တနိုင်ငံလုံး၊ တမျိုးသားလုံး ဆင်းရဲမွဲတေ ငတ်မွတ်နေချိန်မှာ ခင်ဗျားတစ်ယောက်တည်း ထူးပြီး အောင်မြင်ပေါက်မြောက်နေ၊ တော်နေတတ်နေ၊ ပြည့်စုံသာယာနေ တော့ရော ခင်ဗျား စိတ်ချမ်းသာပျော်ရွှင် နေနိုင်ရဲ့လား။သိပ်ပြီး အတ္တကြီးလွန်းသူဖြစ်မယ်ဆိုရင်တောင် အနည်းဆုံးတော့ ခင်ဗျား ဘာလူမျိုးလဲ ဆိုတဲ့မေးခွန်းမျိုးတွေ မေးလာတဲ့အခါတော့ စိတ်မချမ်းမသာဖြစ်ရမှာပဲလေ။စနစ်အမျိုးမျိုးရဲ့ နာမည်တွေ အမျိုးမျိုး ပြောင်းခဲ့ပြီးပါပြီ။အသံပဲရှိတယ် အဆံမပါခဲ့ဘူး။သူ့ကျွန်ဘ၀က လွတ်မြောက်ပြီးကတည်းက ကျွန်တော်တို့နိုင်ငံ ဘယ်နှစ်ကြိမ်များ ဦးမော့ ခေါင်းထောင်ခဲ့ပါသလဲဗျာ။ကျနော်တို့ သိမှီသမျှ တော့ တစ်ကြိမ်တစ်ခါမျှ တိုးတက်ဖွံ့ ဖြိုးလာတာ မရှိခဲ့ပါ။အခု ကျနော်တို့ မမှီလိုက်တဲ့ သမိုင်းအစစ်အမှန်တွေ သိရှိပြန်တော့လည်း တိုင်းပြည်တစ်ပြည်ရဲ့ အတိုင်းအတာနဲ့ ဘက်စုံ၊ ဂဏ္ဍစုံမှာ တိုးတက်ပြောင်းလဲမှုမတွေ့ရပါ။ အဘယ်ကြောင့်ပါနည်း။ ဒီအခြေအနေတွေကို မခံမရပ်နိုင်ကြတဲ့ကျောင်းသားကျောင်းသူ ၊လူငယ် ၊ လူကြီးတွေ ပြည်ထောင်စုသား ညီအကိုမောင်နှမများစွာ အချိန်တွေနဲ့ရင်း၊ဘ၀တွေနဲ့ရင်း၊အသက်တွေနဲ့ရင်း၊ အစစအရာရာ ရင်းနှီးပေးဆပ်လို့ တော်လှန်ဖြိုဖျက်ကြတယ်။သူတို့ ဖြိုဖျက်နေကြတာ တော်လှန်နေကြတာ စနစ်ကိုပါ။ အဲဒီစစ်အာဏာရှင်စနစ် မှာ မိဘ မရှိ၊သွေးချင်းသားချင်း မရှိ၊ညီအကိုမောင်နှမ မရှိ၊ဓမ္မ မရှိ၊ ညီမျှခြင်း မရှိ၊ လူသားဦးနှောက် မရှိ၊ ချင့်ချိန်နိုင်ခြင်း မရှိ၊ စာနာနိုင်ခြင်း မရှိ၊ အမှန်တရား မရှိ၊ အသိတရား မရှိ။ အဓမ္မ အတ္တ၊ တဖတ်သတ်အမြင်နှင့် ဆိုးယုတ်ခြင်းသာတည်၏။ဤစနစ်ဆိုး အမြစ်မကျန် လုံးလုံးလျားလျား ပျက်ဿုန်းမှသာ တမျိုးသားလုံးချမ်းသာရာ ရမည်ဟု ယုံကြည်ပါသည်။ဤစနစ်ပျက်ဿုန်းသည့်နောက်ပင် တမျိုးသားလုံး၏ စနစ်ဆိုးမှပေးအပ်ခဲ့သော အကျင့်စာရိတ္တဆိုးများကို ပြုပြင်တော်လှန်ပစ်ရဦးမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း မြန်မာလူငယ် လူပြိန်းတစ်ဦး၏ အမြင်တချို့အနေဖြင့် ရေးသားလိုက်ပါသည်။
No comments:
Post a Comment
ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။