ဩော်....သူတို့တွေကတော့ ငြိမ်းချမ်းရေးရလို့ ဒုက္ခမြေကနေ ၀ဋ်ကြွေးကျေလို့ လွတ်မြောက်သွားချေပြီ။ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြ....ကဲ...လူငယ်မျိုးဆက်သစ်တွေ အသင့်ဖြစ်လေပြီလား မသိ...။ကျောခိုင်းသွားသူတွေကတော့ ပြန်လှည့်ကြည့်နိုင်မှာ မဟုတ်ပေဘူး။ ဒုက္ခက ကြီးတော့ လူတွေက ကိုယ့်ဒဏ်ရာကိုယ် သက်သာရာ ရှာနေကြတော့တာပါပဲလေ။ အခု တစ်ယောက်သေပြန်ပြီ။ ကျုပ်တို့တွေ သိတဲ့ ရီမောဖွယ်ရာတွေ ခူးခပ်ကျွေးတဲ့ လူကြီးလေ..၁၉၃၈ ခုနှစ်တွင် ဓနုဖြူမြို့ မင်းပိုင်ရပ်၌ မွေးဖွားသည်။ အဖ ဦးမောင်နှစ်၊ အမိ ဒေါ်ညွှန့်မေတို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ အမည်ရင်းမှာ ကိုကျော်ထွန်း ဖြစ်၍ မူလ ကလောင်အမည် (ဓနုဖြူ) ကျော်ထွန်း ဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလတွင် စာ စရေး၍ ယနေ့ အထိ စဉ်ဆက်မပြတ် ရေးသာရာ စာရေးသက် အနှစ် ငါးဆယ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ‘အီကြာကွေး’ ကလောင် အမည်ကို ထပ်ပွားသည်။
မွေးသက္ကရာဇ် ၁၉၃၈ ခုနှစ် အမည်ရင်း ကျော်ထွန်း မိဘအမည် ဦးမောင်နှစ် + ဒေါ်ညွှန့်မေ နိုင်ငံ မြန်မာ ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ မွေးဖွားရာဒေသ ဓနုဖြူမြို့ မင်းပိုင်ရပ် တွင်နေထိုင်ခဲ့သည်။
ဓနုဖြူ အစိုးရ အထက်တန်းကျောင်းတွင် တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။ ၁၉၅၃ - ၁၉၅၄ ခုနှစ်တွင် စာပေ ဝါသနာရှင်များ အသင်း (ဓနုဖြူ) ၏ စာပေ တာဝန်မှူးနှင့် စာကြည့်တိုက်မှူး တာဝန်ယူ၍ မုန်တိုင်း စာစောင် အမှတ် (၁)နှင့် အမှတ် (၂) တို့ကို ထုတ်ဝေခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပြည်သူ့ လူငယ် အဖွဲ့ (ဓနုဖြူ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ပြည်သူ့ လူငယ် အဖွဲ့ (ဓနုဖြူ) တွင် ဥက္ကဋ္ဌနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဓနုဖြူ) တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်မှ စာရေး ဆရာကြီးများအား ဖိတ်ကြား၍ စာဆိုတော်နေ့ စာပေ ဟောပြောပွဲကို စတင် ကျင်းပ ပေးခဲ့သည်။ ဓနုဖြူတွင် စာပေ ဟောပြောပွဲကို မျိုးစေ့ ချပေးခဲ့ခြင်း ဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် တောင်ဥက္ကလာ ကဗျာ့ ကလာပ်စည်း၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ပစ္စက္ခ ကဗျာများနှင့် ပဲ့တင်သံ ကဗျာများ စုပေါင်း ကဗျာစာအုပ် နှစ်အုပ် ထုတ်ခဲ့သည်။ အီကြာကွေး အမည်ဖြင့် ရေးခဲ့သော (နောင်တခါ မေးရင် ဖြေလိုက်မယ်) ဝတ္ထုတိုကို ရုရှဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရသည်။
(ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ကဗျာ ၁၂ဝဝ ကျော်၊ ဝတ္ထုတို ၈ဝ ကျော်၊ မဂ္ဂဇင်း ဝတ္ထုရှည် ၃ ပုဒ်နှင့် ပီမိုးနင်း၏ ဝတ္ထုတို အတတ်ပညာ စာပေကျမ်း (၁) ကျမ်းကို ပြုစုခဲ့သည်။ လက်သင်စ ကဗျာရှင်များ အတွက် လမ်းညွှန် နည်းပြ မဂ္ဂဇင်းတွင် ‘ကဗျာ့ ပွဲခင်းသာ’ ကဏ္ဍကို နှစ်ပေါင်း သုံးဆယ်ကျော် လစဉ်မပျက် တာဝန်ယူ ရေးသားခဲ့သည်။ ယခုအခါ သောကြာ စာစောင်တွေင် ‘ကဗျာ့ ပွဲခင်းသာ’ ကဏ္ဍကို ဆက်လက် ရေးသားခဲ့ရာ သုံးနှစ် သက်တမ်း ရှိခဲ့ပြီး ဖြစ်၏။ (ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ရေးသားခဲ့သော ခွပ်လိုက်ကြစို့သူငယ်ချင်း ကဏ္ဍအကြောင်းများနှင့် လက်ရှိရေးသားနေသော သက်ရှိထင်ရှားရေးဖေါ်များ စသောဆောင်းပါးများဖြင့် ဘ၀တူစာပေလောကသား အချို့အကြောင်းတစ်စေ့တစ်စောင်းပုံဖေါ်ခဲ့သည်။ ဓန / မြန်မာ့ဓန မဂ္ဂဇင်းများတွင် ရယ်စရာတွေးစရာ အဖြစ် ၀တ္တုဆိုရမည့်စာများ ပင်တိုင်ရေးသားခဲ့သည်။
အီကြာကွေး အမည်ဖြင့် လုံးချင်း အုပ် ၂ဝ ရေးသားခဲ့ပြီး၍ သောကြာ စာစောင်တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။
စာစတင်ရေးသားလာစဉ်မှစ၍စာပေလုပ်ငန်းများတွင်သာအခြေချလုပ်ကိုင်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာထဲကပင် စာရေးခြင်းသက်သက်ဖြင့်ဘ၀ရပ်တည်ခဲ့သည်။ အိမ်ထောင်မပြု လူပျိုကြီးဘ၀ဖြင့်သာနေထိုင်ပြီး တောင်ဥက္ကလာပ ရှိနေအိမ်နှင့်ခြံဝင်းကို ကြိုတင်လှူဒါန်းထားပြီးဖြစ်သည်။
ဒီဇင်ဘာ ၁၅ ရက်နေ့၊ ၂၀၀၉ ခုနှစ်တွင် ကွယ်လွန်သည်။
စာရေး ဆရာ အီကြာကွေး ခေါ် (ဓနုဖြူ) ကျော်ထွန်း၏ အတ္ထုပ္ပတ္တိ အကျဉ်း (နတ်ရူးတို့ ကြောင်နိုင်ပေ စာအုပ်မှ)
Search This Blog
Showing posts with label ဖြန့်ဝေခြင်း၊ဆောင်းပါး. Show all posts
Showing posts with label ဖြန့်ဝေခြင်း၊ဆောင်းပါး. Show all posts
Dec 16, 2009
Jun 7, 2009
သစ္စာနီ၏ မနက်ဖြန်ထွက်မဲ့နေ
ကျွန်ုပ်မှာသာ အခွင့်အရေးရှိမည်ဆိုလျှင် မဟာစကြာဝဠာတံတိုင်းပေါ်မှာ ကဗျာတစ်ပုဒ်ရေးချင်ပါသည်။ အာဒံကို အေဒင်ဥယျာဉ်ထဲက သစ်သီးအား မစားဖြစ်အောင်တားမြစ်ချင်ပါသည်။ မောင်ချောနွယ်ကို အိုင်ယာလန်ပို့ချင်ပါသည်။ ဟစ်တလာကို ပန်းပဲမောင်တင့်တယ်နှင့် အလဲအထပ် ရိုက်ချင်ပါသည်။
ဖြစ်တည်မှုပဓန၀ါဒကို ငရဲမီးစားကြည့်ချင်ပါသည်။ ဟီရိုရှိးမားမြို့ထဲက သြဂုတ် (၆) ရက်နေ့ကို ထာဝရနုတ်ယူထားချင်ပါသည်။ အီရက်သို့သွားကာ ဒေါ်လာ ၂၅ သန်းတန် ဆက်ဒမ်ဟူစိန်အား ရှာဖွေချင်ပါသည်။ မိုက်ယ်အိန်ဂျလို၏ လက်များကို ကျောက်တုံးဖြစ်အောင် ဖန်ဆင်းချင်ပါသည်။ အမေရိကန်နိုင်ငံခြားရေးပေါ်လစီကို ခြောက်မူးတစ်ပဲနှင့် ၀ယ်လိုပါသည်။ (ပြန်အမ်းငွေမယူပါ) လူတိုင်းတွင် အခွင့်အရေး ရှိမည်ဆိုပါက အခွင့်အရေးကို အခွင့်အရေးဟု အမည်ပေးကြလိမ့်မည် မထင်ပါ။ အမည်ဆိုသည်မှာ….
ဆိုကရေးတီးသောက်ခဲ့သော အဆိပ်ခွက်၏အမည်မှာ အမှန်တရားဖြစ်ပါသည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်ပြီး စကြ၀ဠာကို အမဲလိုက်ခဲ့သော သူ၏အမည်မှာ စတီပင်ဟော့ကင်းဖြစ်ပါသည်။ မြေချစ်သူ၏ လျှာပေါ်တွင် တည်ဆောက်ခဲ့သော စက်ရုံအမည်မှာ “၀ိုင်” ဖြစ်ပါသည်။ ကျေးပိုင် ကျွန်ပိုင်ခေတ်က ကျောက်ဖြစ်သွားသော ချွေးစက်များ၏အမည်မှာ ပိရမစ်ဖြစ်ပါသည်။ ကမ္ဘာမြေကြီးက လက်ခံထားသော ပရောမီးသီးယပ်စ်၏ ခိုးရာပါပစည်းအမည်မှာ မီးဖြစ်ပါသည်။ ၁၉၄၆ ခု၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် ဘုရားသခင်လက်မှ လွတ်ကျတော်မူခဲ့သော ပစ္စည်း၏ အမည်မှာ သစ္စာနီဖြစ်ပါသည်။ (ကံအားလျော်စွာ ကွဲရှသွားသည်) ကျွန်ုပ်ကြိုက်ခဲ့ပြီး ကျွန်ုပ်မရခဲ့သော မိန်းမများ၏အမည်မှာ ဂျိမ်းဖွန်ဒါ၊ ကက်သရင်း ဒဲန်ညူ၊ နမ်စီကွမ်၊ ရှမီလာတဂိုးနှင့် ခင်မေအောင်တို့ဖြစ်ပါသည်။ သို့မဟုတ် အမည်နာမများမှာ ပညတ်များသာဖြစ်ပါသည်။ သို့မဟုတ် အမှန်တရား၊ သိပ္ပံပညာ၊ လူ၊ စနစ်၊ ရမ္မက်၊ သေခြင်းတရားနှင့် အရာအားလုံးမှာ ပညတ်များသာဖြစ်သည်။ ပညတ်ဆိုသည်မှာ မသေချာသော အရာဖြစ်ပါသည်။
ကျွန်ုပ်တွင် ၀တ္ထုတစ်ပုဒ်ရှိသည်မှာသေချာပါသည်။ သို့သော ထိုဝတ္ထုထဲတွင် ဇာတ်လမ်းပါရန်မှာ မသေချာပါ။ သည်ပန်းသည် ရနံ့မွှေးသည်မှာ သေချာပါသည်။ သို့သော် သည်ပန်းကို နှင်းဆီဟု ခေါ်ကြောင်း မသေချာ။ ကလီယိုပက် ထရာကိုကိုက်သည့် ပန်းသီးခြင်းထဲမှ မြွေသည် အဆိပ်ရှိကြောင်း သေချာပါသည်။ သို့သော် ထိုမြွေသည် မြွေဟောက်ဖြစ် ကြောင်း မသေချာ။ စာရေးဆရာညိုသစ်တွင် အိမ်ထောင်မရှိကြောင်း သေချာပါသည်။ သို့သော် လူပျိုဖြစ်ကြောင်း မသေချာ။ သည်အရာမှာ ရွှေတစ်ကျပ်သားဖြစ်ကြောင်း သေချာသည်။ သို့သော် ရွှေစစ်စစ်ဖြစ်ကြောင်း မသေချာ။
မနက်ဖြန် နေထွက်မည်လား မသေချာ။ မသေချာခြင်းမှာ နောက်ဆုံးပေါ် သိပ္ပံနည်းကျ အယူအဆဖြစ်ပါသည်။ ရူပဗေဒသိပ္ပံနယ်တွင် ထင်ရှားလှသော ဟိုင်ဇင်ဘတ်ခ်၏ မသေချာမှုနိယာမ (Uncertainty Principle) ကို သင်ကြားဖူးပါသလား။ လူမှုရေးသိပ္ပံနယ်တွင် သတင်းနည်းပညာတော်လှန် ရေးက မွေးထုတ်လိုက်ကာ ဂလိုဘယ်လိုက်ဇေးရှင်း၏ ၀ိသေသတစ်ခုအဖြစ် Uncertainty မရေရာမှုသီအိုရီကို ရောဘတ်ဆင်မျူရယ်ဆင်လို ပညာရှင်တွေ ကိုင်စွဲအသုံးပြုနေကြသည်ကို သင်ကြားဖူးပါသလား။ အနုပညာနယ်ပယ်တွင် ပို့စ်မော်ဒန်တို့၏ အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ၀ုဖ်ဂန်အဇ္ဇာ WOLFGANGISER ၏ ရှိမှုမရေရာခြင်း သဘောတရားခေါ် ONTOLOGICAL UNICERTAINTY ကို သင်ကြားဖူးပါသလား။ သင်ကြားဖူးသည်မှာ သေချာပါသလော။ သေချာသည်မှာ မသေချာပါ။ (မှတ်ချက် သည်ဝတ္ထုကို ဟွန်းမဲ့ဇုံအဖြစ် သတ်မှတ်ထားပါသည်။)
သစ္စာနီ၊၂၀၀၃ နိုဝင်ဘာ၊ ရုပ်ရှင်အမြူတေ

Labels:
ဖြန့်ဝေခြင်း၊ဆောင်းပါး
Subscribe to:
Posts (Atom)