Search This Blog

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Dec 2, 2013

ဇရာ နဲ့ ငယ်အိမ်မက်

သုညနဲ့တစ် သာ လည်တဲ့ဒီကမ္ဘာကို

နေပျော်ပါတယ်လို့
မြေတိုင်းစာရေးလေးက ပြောတယ်...

ဥစ္စာရူး ကတော့

ရေခမ်းတဲ့ မြစ်တစ်ဖက်ကမ်းမှာ လွန့်လွန့်လူးလို့

အိုဇုန်းလွှာအပေါက်ချဲ့နေလေရဲ့

......။......
ပေကပ်ကပ် နာရီလက်တံတချို့

ရီရီဝေေ၀ သက္ကရာဇ်စားတဲ့ အဆိပ်

ငါတို့ဟာ ဇီဝ မျိုးပြောင်း အဆိပ်နဲ့ အသက်ဆက်သူတွေ

အိပ်ဖို့ မလို....အစာခြေစနစ် မလို....

နားတွေဆူနေတာ လျှော့ပေးပါ...
ဂီတဆိုတာ ဆိတ်ငြိမ်ခြင်းရဲ့ အရှင်သခင်ပဲ...။

.....။.....

 ခပ်ပေါပေါ ငါ အတုတော့ မသုံးဘူး

မီဒီယာကို မီဒီယာနဲ့တိုက်ကွာ

အဲဒီလိုနဲ့.....

အလျားလိုက် မြစ်ထဲ စိတ်လိုလက်ရကူး

ငါတို့ကိုက အစာမကြေတဲ့ အကောင်တွေ

မွေးတာတူပေမဲ့ ဇာတိကွာကြတယ်...။

.....နဲ့.....

 ခွင့်လွှတ်ခြင်း

အတ္တ

အနာ

ရင့်မာခြင်း

...စပ်လျဉ်း၍...

အုံနဲ့ကျင်းနဲ့ ယဉ်ကျေးမှုထူထောင်ပေးခဲ့လို့

ဗျစ်ရည်ဆိုင်ထဲ အသဲကွဲလူတကာအတွေးတွေ

စတိဂျော့နဲ့ လက်ဖက်ရည်ဆိုင်ရောက်နိုင်ပေမဲ့

ပီကာဆိုနဲ့ဆို ကော်ဖီဆိုင်ပဲ သွားရမှာလေ...။

မင်း တခါက ပြောသလိုပေါ့...။

ဟိုလှည့်ဒီလှည့်နဲ့ အသက်က အကြွေးတင်သွားတာပဲ

ငယ်အိမ်မက်ကို ၂၀၁၄ရိုးရွိက်စီးနေရသလို 
တရှိုက်မက်မက် ဖက်တွယ်ပြိုကျ

လက်တို့ သတိပေးချိန်က နေ၀င်လုပြီ.....။            ။



သတိရခြင်းနှင့် စပ်လျဉ်း၍


နွေလှိုင်ဿုန်း

၁.၁၂.၂၀၁၃ 

Oct 8, 2013

အိမ်ရာသစ်

ရိုက်ခက်သမျှ လှိုင်းတံပိုးအလွင့်

ရောက်တဲ့ကွေ့

ရတဲ့တက်နဲ့လှော်….

အလင်းမဲ့နေတွေ ထုံကျင်အေးခဲ.…

နေသားတကျလို ကိုယ့်ကျင့်ဝတ်ကို မေ့ထားခဲ့ရ...

 အခုတော့ဖြင့် ဒီကောင်းကင်ဟာ …

မုန်တိုင်းကင်းစင်တဲ့အလှပေပ

လူပျိုပေါက် အရိပ်ကောင်းပင်ပျိုအောက်မယ်…

ရင်ငွေ့ခို အေးချမ်းလိုသူတွေနဲ့ အတူ

မျက်ရည်နဲ့ မျက်နှာသစ်ခဲ့ မနက်တွေရဲ့ အဝေး…

ပျံရင်းနဲ့ အတောင်ညောင်းခဲ့ ရက်တွေရဲ့အဝေး…

ကာရံမဲ့ ကမောက်ကမ လမ်းပျက်တွေ…အဝေး…..


ဟေး….. ဒီမှာ ……..

ငါ့တို့မနက်ဖြန်

တံခါးတွေ တွန်းဖွင့်မဲ့ ရုန်းကန်ခြင်းနဲ့….

ဖိအားတွေ အံတုမယ့်အလင်း….ဒါ…

ငါတို့ရဲ့ ရင်တွင်းအကြည်ဓာတ်သာပဲ…

ငါတို့ရင်နဲ့ရင်း …ထွန်းမယ့်အလင်းနဲ့

ကမ္ဘာနဲ့မြန်မာ နီးဝေးခြင်းမဲ့ ရှိစေမယ်..

ကမ္ဘာနဲ့ မြန်မာ တရွာတည်းသား ဖြစ်စေမယ်

ကမ္ဘာနဲ့မြန်မာ ရင်ချင်းအပ်လို့ ပိုမြတ်စေမယ်



 စာဂသွေး

Sep 3, 2013

ဥပေက္ခာလောက


လူဦးရေ အစာ ကမ္ဘာက ငိုနေတာကြာပြီလေ
သီရေခက်နီ ရီနေသောမျက်ရည်
ကမ်းမနေပါနဲ့ မင်းလက်တွေ ပေကျန်ပါ့မယ်

တိုးနေတဲ့ အလိုဆန္ဒ..နည်းလာတဲ့ အသိတရား
 မတွေးလေနဲ့တော့ နေတောင် အတော်စောင်းခဲ့ပြီမို့
နေမ၀င်မီ ကိုယ် စိုက်သမျှ ရိတ်သိမ်းဖို့လိုလာပြီ...။

အနမ်းနှုတ်ခမ်းမဲ့  တဖွဲဖွဲ..လွင့်..လွမ်းရဲတယ် စကားကျွံမှတော့
အလွမ်းလည်း ရင်ထဲ သည်းသည်းမဲမဲပေါ့...။...

အခုဒီမှာ 
ရှိတဲ့ ရွှေရည်လူး အနာဂတ်တွေ... 
 အသွင်ပြောင်းတေးကို ရင်ဘတ်ကို ရိုက်ချိုးလို့ ဟစ်ကြွေးသီ...
မျက်နှာပြင်ပေါ်ဖြတ်ရိုက်
 အရှက်စိုထိုင်းဆများများ ပူလောင်မှု 
ခပ်ရိုင်းရိုင်းအချဉ်မျိုးက ကိုင်းချိုးလို့ အချိုပြောင်ခြင်း...။...
ပကတိအမြင်တွေ က ခေါင်းငုံ့ဆိတ်ငြိမ်ခြင်း...
ငါ့ခံတွင်းတွေ က လေးသီတဲ့ရိုသေခြင်း...
နှလုံးသားက တဆစ်ဆစ် ကြုံလှီငုပ်လျှိုး...
ငါ့စွန်လေးရယ်...
ကြိုးကုန်လွှတ်လိုက်ပြီးမှ
လေလည်းပျောက် နေလည်းပျောက်ချိန်
 ကိုယ့်ကြိုးစ ကိုယ်ပြန်သိမ်းရသလို....
ကိုယ့်ဂုတ် ကိုယ်ချိုး..ငါ့ဝိညာဉ် ငါပြန်ပျိုး ရ..
ငါ့အရိုးနဲ့ ငါ့ပြန်ထိုးပါဦးမယ်..
အိုး...
ငါ က မနေ့ က ....
နေကြဲကြဲတောက် သာတဲ့ အညာမြေ...
ငါ့ရဲ့ မနေ့က .....
ဟောဒီကလူတွေ....မသိတဲ့ ရင်ကွဲနာတွေ...
အိုး....ငါ့ရဲ့ မနေ့က 
ခရေကို မြေလို နှင်းချစ် သစ္စာတရားသာအရင်းရှိရဲ့လေ...
ငါ့ရင်ဘတ်အိုထဲမတော့..
အကြည်ဓာတ်လေးတစ်ရပ်...
အပြင်ကမ္ဘာနဲ့ ကင်းကွာတဲ့ညီမလေးရေ...
ဘာတွေပဲ ဖြစ်နေနေပေါ့ကွယ်...
မင်းဟာ ငါ့ဘ၀ဇာတ်ခုံမှာ အမြင့်ဆုံးဇာတ်ရှိန်
မင်းဟာ....................... ငါကိုယ်စားပြုတဲ့ ခရေ
မင်းခန္ဓာနဲ့ ဘာဆိုင်သလဲ....
ငါ...အစ ကတည်းက မတမ်းမျှော်တာ
ခပ်ကြမ်းကြမ်း အမှန်တရားတွေကြား
 ဟောဒီရင်ဘတ်မှာ မကင်းကွာခဲ့ပါဘူးကွယ်..
ဒီကမ္ဘာမှာ မင်းရှိနေတာကကို
 ငါနေပျော်ရခြင်း အကြောင်းပါကွယ်...။               ။
နွေလှိုင်ဿုန်း
(၃.၉.၂၀၁၃) 

Dec 1, 2012

ရက်စက်ပါစေ

ငါဟာ တစ်မျက်နှာပဲ ရှိတယ်..
နောက်ထပ်တစ်မျိုးဖြစ်နိုင်ဖို့ဆို
ငါ့နောက်ကြောင်းအေး ငြိမ်းချမ်းလေမှ ဖြစ်မယ်...။
မဖြစ်...
မဖြစ်သေးဘူးလေ...
ဘယ်တော့လဲ...ငါ့နိုင်ငံ...
နောက်ကြောင်းမအေးတာ ငါမဟုတ်ဘူး...
ဒါပေမဲ့...
ငါ့နောက်ကျောနဲ့ ရင်တွေပါပူတယ်...
နောက်ကျောမလုံတာ ....ငါမဟုတ်ဘူး... 
ဒါပေမဲ့...ငါ့အိမ်မက်တွေပျက်စီးခဲ့ရတယ်...
ငါ့ပျိုရွယ်မှုတွေ ပျက်စီး ....အကြည်ဓာတ်တွေ ပျက်စီး...
ငါတို့ရဲရင့်မှု...တက်ကြွမှု....နိုးကြားမှုတွေ...ကြည်လင်မှုတွေ...
အရွယ်ရောက်ခြင်းနဲ့အတူ...တလွင့်လွင့် မျောပါပျက်စီးခဲ့ကြရ...
ခွင့်လွှတ်တော့....ချောသိဂီင်္ရတနာရယ်...
ငါဟာလေ....ငါ့ကိုယ်ငါ နာကျင်စေခဲ့သလို 
အားလုံးကိုလည်း ခံစားမိစေခဲ့သူပါပဲ....
ငါဟာ............ခေတ်စနစ်က ထုဆစ်တဲ့ အပြစ်သား သာပဲ...။ 

Sep 14, 2012

သမားရိုးကျ အလိမ်ဇာတ်

ဆူလွယ်နပ်လွယ်ရှိတဲ့တရားတွေမှိုင်းတိုက်
 တငွေ့ငွေ့ တလူလူ အူနေဆဲ ဗမာပြည်
ဖွဲမီးတော့မဟုတ်ဘူး...ငရဲမီး
ဝတ်ကြီးလိုက်တဲ့ ငါတို့ခေတ်
မင်းဆိုးမင်းညစ် စွန့်ပစ်ထားတဲ့ မစင်ပုံလို
ယင်တစ်လောင်းလောင်းနဲ့ အညှီအဟောက်မို့
လောက်ကောင်တွေကတော့ အလုအယက်
ဟင်္သာကိုးသောင်းပျက်တော့မလိုပါပဲလား...။....
ကိုယ့်အရိုးနဲ့ ကိုယ့်ပြန်ထိုး...
ကိုယ့်မြေမှာ ဆီပုလင်းပါ ခါးချိတ်ပေးရ
ရိုင်းလိုက်တဲ့ဘဝ
လေလွင့်ရင်းနဲ့သာ ရာသီတွေလည်တယ်...
ဒီအနာတွေ ဘယ်တော့မှ ပြန်မကြပ်ဘူး..။...
ဟန်ဆောင်လို့တောင် ယုယမပြနိုင်ပါပဲ
လည်လှီးသမျှ ကြည်ဖြူပြမဲ့သူ ရှိမလား...။...
ယုံကြည်မှုတောင် မတည်ဆောက်နိုင်ပဲ 
သံသယမပွားဖို့ ဘယ်လိုတားချင်လို့လဲ
အကုသိုလ် အရှိန်မကုန်ခင်ထိတော့ 
အညှီအကပ်တွေနဲ့ ချီတက်နေကြပေဦးလျော့။        ။

နွေလှိုင်ဿုန်း
၁၄၊စက်တင်ဘာ၊၂၀၁၂
 

Apr 26, 2011

သင်းကွဲမြို့

အိပ်တန်းမတွေ့တဲ့မြေ
တစ္ဆေဆောက်တဲ့ .... ကြပ်ခြောက်လမ်း
ရောင်စုံဖြာထိန် ... လိမ်နေတဲ့မီးပန်းတွေ
ငါသေတာနဲ့ အဲဒီကြပ်တန်း
မစင်ညစ်ညမ်းတဲ့ အမှိုက်နန်းတော်သာပဲ...။
သူလည်း အဓိပ္ပါယ် မရှိ ၊ ငါလည်း အဓိပ္ပါယ် မရှိ
သေချာတာ.....၊......
နှစ်၃၀ လုံး.....ငါ
မျက်လုံးဖွင့်ပြီး အိပ်ခဲ့ရတာလေ
အသက်ရှင်နေခဲ့ပေမဲ့
များများသုံးတဲ့စက်.....စောစောပျက်ရတာပါပဲ ။
ဘာပြောပြော
ငါ့မှာရေးစရာ ဒီတစ်မျက်နှာပဲ ကျန်တော့တယ်...။ ။

Apr 3, 2010

ငါ့ အမြင်တွေ

ဆွေးဆွေးလွင့်လွင့် ....
အရောင်တွေက ရင့်တောက်တောက် ...
အတောင်အတက်တွေ..အချွန်အထက်တွေနဲ့..
ဘယ်အရာ..ဘယ်သူကမှ မညှာတာ မငဲ့ညှာ
အသိအမြင်ဆိုတာလည်း အလိုလျှောက်ရောက်လာမျိုးမဟုတ်တော့
ရှုံးနိမ့်ပြီးရင် အောင်မြင်မှုလာသလား..? 
ဆင်းရဲပြီးရင်ကော ချမ်းသာလာမှာလား..?
ကမ္ဘာကြီးက စိတ်ကျဝေဒနာတွေ တိုးပြီးရင်း..ဆိုး........

Feb 10, 2010

သစ်ပင်လို ဘဝ

ငါ့ခြံဝင်းက စည်းရိုး မရှိပေမဲ့....ခြံတံခါးတော့ ရှိတယ် ။
မင်းဝင်လိုရာက ဝင်နိုင်ပါရဲ့....။...
လုံခြုံရေးအတွက်လည်း ခွေးတွေမွေးမထားပါဘူး...
ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့လုံလောက်တဲ့ တိတ်ဆိတ်ခြင်းတော့ ရှိတယ် ။
လိုလိုလားလား ရှိရင် မင်းကိုယ်မင်းလည်း ကြည့်နိုင်တာပေါ့...x...
ငါလည်း လူသားတစ်ဦးပဲလေ...x...
ငါ့အစာအိမ်က လက်မခံတော့တာတွေ များလာတော့လည်း
ငါ ဟာ လူလိမ္မာ လုပ်လိုက်ရင် ကောင်းမလား တွေးတယ် ။
အိမ်မှာ TV မရှိဘူး...
ဒါပေမဲ့...
တရိပ်ရိပ် တလိပ်လိပ် ပြေးနေတဲ့ စိတ်ရှိတယ်===။
ဒီပုံရိပ်တွေ ရပ်တန့်ဖို့ ခက်လို့ ရုပ်ရှင်၊ဗွီဒီယို မလိုဘူး....
ကာကွယ်ဖို့ သေနတ်လည်း မရှိသလို..
လေးခွကိုတောင် မကိုင်တတ်တဲ့ကောင်
ငါ မကြားချင်တာတွေ ကြားချင်တာတွေ ရှိနေလေတော့...
ရှုပ်လွန်းလို့...
သတင်းလည်း မကြားချင်...သီချင်းလည်း မထားချင်တော့ဘူး ။
၈ ရက်..၉ ရက် နေ့တွေမှာ လှိုင်သာယာ တန္ဒပြပွဲတွေ ရှိတယ်...
မင်းသွားမကြည့်ဘူးလား...။
လုံခြုံရေးတွေက ...
လမ်းထိပ် အမှိုက်ပုံတွေလို ပွစိတက်နေတာ တွေ့လိမ့်မယ် ။
ASEAN FREE TEX AREA ဆိုတာက...
အတော်ရေပန်းစားနေတဲ့ စကားလုံးလေ
သူတို့နဲ့ အဆင်မပြေတဲ့ ကုမ္ပဏီတွေ ဒုက္ခရောက်လေတော့မယ်...။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေလည်း တွေ့လားတွေ့ရဲ့...
ဘာလုပ်ကြလဲ တော့ မသိလေဘူး...။
ဘာပဲပြောပြော အသက်ရှူမဝတာတော့ သေချာတယ်...။

 နွေလှိုင်ဿုန်း
၁၀-၂-၂၀၁၀

Dec 18, 2009

သိမ်မြောင်းသော ပယောဂများ

ငါ့ ကမ္ဘာ လမသာတော့တာ ကြာခဲ့ပြီပဲ
ဘာကြောင့်များလှိုင်းထာန်ရပါလိမ့်ကွယ်...

အမည်နာမမှတ်ဥာဏ် အင်မတန်အားနည်းသူ...ငါ
ငါ့ အကြားအာရုံကတဆင့် ..ငါ့သွေးတွေ
ဆောင့်ကြီးအောင့်ကြီးတိုးဝင်
ပြိုလဲပြီးသား အိမ်...
ငါ့မြေ..ခရေတွေလည်း မကြွေတာကြာခဲ့ပေါ့..။

တောင်တန်းမြူခိုးလည်း ငိုဖို့ကိုပဲ ပင်ပန်းလွန်းခဲ့
အဲဒီညတစ်ညလုံး ငါ့အမြင်အာရုံ အကုန်ကန်းတယ်
တကယ်တော့ ဒီပွဲလေ..
ဟောဒီပွဲပေါ့****
နှစ်ဖက်စလုံး အနိုင်မပါ..အရှုံးသက်သက် သိမ်းခဲ့တဲ့ပွဲ
အဟောင်းတွေနဲ့အတူ အကောင်းအတိုင်း ..
ဘာတစ်ခုမှ မကျန်လည်း
အခုတော့ ဘယ့်နှယ့်လဲလို့ နာနာကျည်းကျည်း မမေးရက်..
မသေသရွှေ့လျှောက်မဲ့လမ်း
ဝဋ်ကျေတမ်းကျေ မချိမဆန့်ဝေဒနာတွေ 

 ကျေပါစေလို့ ဆုမတောင်းတော့ပါဘူး...။
ငါ ယုံကြည်တဲ့ဘဝက သဲထဲရေသွန်
ရေဆိုးလောက်မှ တန်ဖိုးမရတဲ့ နှလုံးသွေး
အဲဒါပဲ ငါ့ရဲ့ အဓိက တွန်းအား တစ်ရပ် 
အဲဒါပဲ ငါရဲ့ နာကျည်းဖွယ်ရာ ဘ၀ရှင်သန်မှု
.......\....၊....*...+..=...\...
အဲဒီလိုနဲ့...
ငါမျက်လုံးတွေ ဖွင့်တဲ့ မနက်ဆိုတာ
အရောင်တွေ ရင့်ရော်အိပဲ့နေပြီ
အမြင်အာရုံရှေ့ လူတွေ...
ငါ့မြေက ငါ့လူတွေလေ...
ပျားပမ်းခက်လူးလွန့်လှုပ်ရှားနေကြ..ယောင်ယောင်လေး
ယောင်ယောင်လေး ဆိုတော့လည်း
ငါနုတ်ဖျားက စားမဲ့နံပြားက မြိုမကျ
တောင်တန်းမြူခိုးတွေလည်း ငိုဖို့တောင် ပင်ပန်းခဲ့နုတ်ဆိတ်အိပ်ချိန်တန်ပြီလား
ဘဝဒဏ်ကဗျာဆိုတာ စကားလုံးတွေထက်ပိုလေတော့..
ဟင်းစားရရင် အိမ်ပြန်မယ်လို့ မရောင့်ရဲကြတော့ဘူးလေ ။
ဝမ်းနည်းပါတယ်...။   ။ 

 နွေလှိုင်ဿုန်း
၁၈၊၁၂၊၂၀၀၉

Dec 14, 2009

လေလွင့်ခြင်းငြီးညူသံ

တစ်ခါက ညတွေလေ...
အလင်းအမှောင် တွေ မပြောင်းလဲပေမဲ့
နဂိုအတိုင်း ပြန်မဖြစ်တော့တာ သေချာတယ်..။
ငါလေ...
ရှက်တတ်ခဲ့လို့ မရှက်တဲ့သူပါ

ရေးခဲ့ဖူးတဲ့ ငါ့ ကဗျာ တစ်ပုဒ်ကို မမေ့သေးတဲ့
သူငယ်ချင်းတစ်ယောက်က
ငါသည်...ကဗျာ ဆရာ ဖြစ်လေ၏။
စာကြောင်းရေ တစ်ကြောင်းမကျန် မှင်များပြည့်နှက်ခဲ့သည့်
စာမျက်နှာ ၅ နှစ်တာ ကာလ...
ကောင်မလေး တစ်ယောက်က
ငါသည်....

နားလည်ရခက်သော စကားပြေရေးသူ သာ။
ဦးခေါင်းခွံလှန်ထားသည့်
အကန့်ပျက်မှတ်ဥာဏ်များ..x.x..
ဘဝ အပိုင်းအပြတ်များ၏ ရာဇဝင်ခင်းကျင်းပွဲက
ငါသည် ....
မော်ဒန်ပန်းချီကားတစ်ချပ်
သတိသာထားပေရော့ ကလေးရေ...
ငါတို့ ဒီထက် ပိုပြောခွင့်မရဘူးကွ..
စကြာဝဠာ လွတ်လပ်ခြင်းရဲ့ ...
ဆိုးကျိုးသက်သက်သာ ကျဲပက်စိုက်ပျိုး...
အကုသိုလ် အကျိုးတစ်ရားတွေ ...
ကူးသန်းရောင်းဝယ်ကြလိမ့်မယ်... ကလေး..။  
ပြီးတော့ ...
လိပ်ပြာ ဖမ်းတမ်း ကစားကြလိမ့်မယ်....
ပြီးတော့ ....
အတောင်ပံပေါင်းများစွာကို လှီးဖဲ့သိမ်းပိုက်လိမ့်မယ်...
ပြီးတော့ ......လား
ပြီးတော့..ပြီးသွားပါလိမ့်မယ်...။
ကလေးရေ... တခါတရံ..
ဘဝဆိုတာ 
ဒဏ်ရာနဲ့ရေးတဲ့ တေးတစ်ပုဒ်လောက်ပါပဲ...။xxxxx။
နွေလှိုင်ဿုန်း
၁၄-၁၂-၂၀၀၉

Sep 18, 2009

နွေလမ်း

ခေတ်ပေါ်နံက်စာ ဗိုက်ဟောင်းလောင်းတစ်ပွဲနဲ့
အကြွေစောတဲ့ မနက်ခင်းတစ်ခု
ကိုယ်ထူကိုယ်ထ လမ်းမပေါ်...မှာ
ပစ္စလက်ခက် ဒဏ်ရာတွေနဲ့ ဟောဒီညတွေက
မှောင်သထက်သာ နက်နေဆဲလေ...။
လက်သည်းကြားထဲဝှက်ထားတာ ကြေးညှော်တွေပါ

ထိန်းမနိုင်သိမ်းမရ ပြိုလဲမှုတွေကြား
လရိပ်ခိုလို့ အေးမြလိုပေမဲ့...
ကိုယ့်ကိုယ်ကို တန်ဖိုးတွေ နင်းချေနေမိခဲ့
အိမ့်မက်ခွင့်မရှိအောင် အတွေးတွေ ထိုးထောင်ဖြူဖွေး..
အလင်းချို့ ပင်ပျိုတွေထက် 
ချိနဲ့တဲ့ အတောင်ပံတွေလေ...။...
ကောင်မလေးရေ..
မင်းဆရာ တစ်ခါက ပြောဖူးတဲ့စကားလိုပေါ့
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားမှာထက်
ငှက်တစ်ကောင်က... 
အပင်တစ်သောင်းဖြစ်ရမယ်ဆိုတာလေ
ပစ္စုပ္ပန်ကို လက်ခံရင်း 
ငှက်တစ်ကောင် ဖန်ဆင်းမယ်။   ။

Aug 18, 2009

သီချင်းများနှင့် ကျနော့် နှလုံးသေ

ဘ၀နဲ့မကွာတဲ့ဝဋ်ကြွေးလေ
လူတွေ ရဲ့ လိုအင် ငါ့လိုအင်
ဆန္ဒတွေနောက် လေလွင့်ရင်းမျော
မျော....မျော...မျော နေဆဲ
လောကကြီးကိုက...
မထင်မှတ်တာတွေ ဖြစ်တတ်တဲ့နေရာလေ
နှလုံးသေနဲ့ ရှင်နေမဲ့ကောင်လို့  
တမ်းတမျှော်လင့်ခြင်းကင်းမဲ့စွာ...
ခန္ဓာကိုယ်ထဲ စီးဝင်ဆဲ  အိမ်မက်ဆိုးများနဲ့
မင်းတို့ထင်မထားတဲ့ ဖြစ်ပျက်ကင်းချစ်ခြင်းရှိတယ်
မင်းတို့ ရူးသွပ်တဲ့လူတစ်ယောက်အဖြစ် မြင်တွေ့ဖို့
ငါ့နှလုံးသေက ရူးသွပ် ပျက်စီးခဲ့ရပြီးသားလေ
မင်းတို့မြင်တာ မမှားဘူးလေ 
ငါ့စာမျက်နှာ ၁၉ ကနေ

ဘ၀ကိုထုချေခွဲဖျက်ပြီးနောက် သစ္စာရှိစရာမဲ့သူ
မင်းတို့လိုပဲ လိုချင်တဲ့ အချစ် မရပဲ လွမ်းနေရသူ
ဖအေတူ မအေတူထုက အချစ်ကိုတွေ့ပြီလား
ချာတိတ်တစ်ယောက်ကျဆုံးချိန်တွေ ဖြတ်သန်းခဲ့ပြီးမှ
ခန္ဓာကိုယ်ထဲ လှုပ်ရှားလို့မရအောင် တုပ်နှောင်တဲ့ အဆွေးသီချင်းတွေနဲ့
ဘ၀ကို မျှင်းသတ်လို့ ရပ်မနေပါရစေနဲ့
အမှားတွေနဲ့ပဲ ဖြစ်ဖြစ်..ဘ၀ခါးထဲမှာ ငါ HipHopနဲ့ ကမယ်

နွေလှိုင်ဿုန်း
၁၇.၈.၂၀၀၉

Aug 4, 2009

လောကဓံ ၂ ပါး

ခပ်ပါးပါးလေးပါပဲ
အနည်မထိုင်သေးတဲ့ တည်ငြိမ်မှုနဲ့
တခါတရံ လှဲကျတတ်သလို..
တခါတလေလည်း ရုန်းထခဲ့ပါတယ် ။
ငါဆိုတာတော့ ....ငါ ပဲလေ...
ခပ်ဖျင်းဖျင်းညံ့ညံ့ ဆိုလည်း...ဒါ..
ငါပဲ ။ .... တာဝန်ယူရဲပါတယ်..
ရင်ဆိုင်ရဲပါတယ် ။ ...
လေဟုန်စီးခွင့်ရတုန်းတော့
အာကာသထိ အိမ်မက်မက်ခွင့်ပေးပါ...။...
ကောင်းကင်မှာ လွင့်မျောနေချိန်တော့ 
မိုးကုတ်စက်ဝိုင်းနဲ့လွတ်ကင်းသလို မြင်တာပေါ့ ..။..
တစ်ခုတော့ ရှိတယ် ။
လူ ရဲ့ ဖြစ်တည်ခွင့်ဟာ 
အသက်ရှင်နေသမျှ ကန့်သတ်ချက်မဲ့တည်နေတယ်လေ..။   ။
နွေလှိုင်ဿုန်း
၎ရက်၊ဩဂုတ်၊၂၀၀၉


Jul 13, 2009

မိုးသက်လေပြင်း

ဘာရယ် မဟုတ်ဘူး။...ကမ္ဘာကြီးရဲ့ အော်သံတွေနဲ့
လူတွေရဲ့ အတ္တနဲ့ တုပပြိုင်ဆိုင်မှုတွေ
မင်းနားလည်နိုင်တဲ့ ဘာသာစကားပါပဲ
ဒါပေမဲ့....မင်းနားလည်ဖို့ ခက်မှာပါ
အားလုံးက နားနဲ့မဆန့်တဲ့ အဆန်းတွေချည်းပဲ
တွန်းတိုက်ရုန်းကန် အသက်မွေးခြင်း..
....ငြီးငွေ့စိတ်ပျက်ဖွယ် အကြောင်းများ..
ကိုယ့်ကိုယ်ကို အားကိုးချင်တဲ့သူတွေ နည်းပါးလာသမျှ
အပေါ်ယံကောင်တွေ အနေချောင်ဦးမှာပါ
မရှက်တမ်း တွေးတတ်ဖို့တော့ မကြိုးစားလေနဲ့
ကိုယ့်ကိုယ်ကို သတ်သေတာက
ဘုရားဟော အဖန် ငါးရာငါးကမ္ဘာတဲ့
ငွေဆိုတာက မင်းသိသလို
ဘုရားမှ မဟုတ်တာပဲ
လူတွေ သည်းခြေကြိုက်လို့ ပြောတဲ့ဦးလေးကို
ပါးစပ်ဖြတ်ရိုက်ခဲ့တဲ့ကောင်လေ
စက္ကူကို ဘုရားလို ကိုးကွယ်တဲ့သတ္တဝါတွေ တယ်များသကိုး....
အဲဒါကြောင့် .......
အစစ ခြားနားလွန်းတဲ့ ငါ့ကို
အတွေးထဲက ထုတ်လိုက်ပါလေ
အင်း...တမျှောမျှော တလွင့်လွင့်နဲ့ပါပဲ
ဒီနေ့က မနေ့...ဘာလဲ....မနေ့က ဒီနေ့
ဘာများကွာခြားလဲ ရုန်းလေနစ်လေနဲ့
လူ ၂ မျိုးပဲကျန်ခဲ့တယ်...။
တော်တော်ကြမ်းကြမ်း ထုရိုက်ထားတဲ့ပန်းပုမျိုး
ကိုယ့်အသက်ကိုယ် မလုနိုင်ရင်လည်း ..။...
လှည့်ကြည့်နိုင်သူ ရှိမယ် မထင်လေနဲ့.....
ဒီနေ့နဲ့မနေ့လေ
ဒီနေ့နဲ့ မနေ့ပေါ့ မတူဘူးလားဗျာ
ခင်ဗျား အဲဒါတွေ မသိလည်း စဉ်းစားလို့ရပါတယ်
မတူပေဘူးလားဗျာ..........။ ။


Jul 2, 2009

၃ မိနစ် ကဗျာ

ငါနေတဲ့မြို့လေ.............
အက်ကြောင်းတွေထပြီး ဘယ်နေ့ပြိုကျမယ် မသိတာ
ငါမြင်တဲ့ အသိအာရုံတွေလေ
ဒီညသာပြီးမယ် ပြောဆုံးဖို့ မမြင်တဲ့ပုံပြင်
ဆွေးဆွေးမြေ့မြေ့နဲ့ နှေးကွေးစွာ နောက်ဆုတ်နေတယ်
မျက်ဝန်းတွေ ကြည့်လိုက်တိုင်း
ဝေသီမှုန်ဝါးတဲ့ နေ့စဉ် အသက်ရှင်ခြင်းသက်သက်
လေးလန်လွန်းတဲ့ ငါ့လက်ဖျားတွေ အတွက်
ထပ်ရေးဖို့ လိပ်ထားဖို့ မတောင်းဆိုပါနဲ့တော့


နွေလှိုင်ဿုန်း(U95)
၂ရက်၊ ဂျူလှိုင် ၊၂၀၀၉

May 4, 2009

အရောင်များနဲ့ ကဗျာ

ငါ့ကို အဖက်မလုပ်တဲ့ သန္တ
ငါ့ဘေးက လူစိမ်းတွေနဲ့
နီဝါရောင်ပျပျတွေထဲ ညတွေ အမြဲxကxတာကိုး
ပျော်ရွှင်မှုတော့ ဟုတ်ပုံမရဘူး
ဝိညာဉ်ကိုက မစောင့်ချင်တဲ့အိမ်မက်ရိုင်းလေ
ငါ...
ဘယ်အခါမှ အိမ်မှာငြိမ်မနေခဲ့သူ.....
အရွယ်ရတာနဲ့အမျှ
ကိုယ့်ကိုယ်ကိုပြန်မြင်အောင် တိတ်ဆိတ်လာတော့
ဆည်းလည်းသံတွေ ကြားလိုသတဲ့လား
မသေချာတဲ့ကြိုးတစ်ချောင်းမို့
မတုပ်နှောင်တာ ကောင်းလိမ့်မယ်
ပန်းနုရောင်နဲ့ ကျနော်မတည့်ဘူး အဖေ...

သွေ့ခြောက်ဆိတ်ငြိမ်တဲ့ အိမ်
သားသမီးတွေကို လွမ်းတဲ့ ကောင်းကင်ပြာ
လူ့ဘဝဆိုတာ လွမ်းမောစရာလားလို့
အိမ်တံခါးဝက မျက်ရည်ဝဲရုံမျှော်ရင်း
စိတ်နာနာမတွေးပါနဲ့ အမေ
ဖက်တွယ်တဲ့ ဗုဒ္ဓအဆုံးအမနဲ့
အေးချမ်းသာယာပါစေ အမေ
အဝါရောင်..အပြာရောင်..အနီရောင်...
ဘယ်အရောင်ဖြစ်ဖြစ်
ကြိုးဆိုတာတော့ပူလောင်တာချည်းပဲ အမေ ။ ။
နွေလှိုင်ဿုန်း (၅.၅.၂၀၀၉)

Apr 30, 2009

ခံစားချက်ကြွေရွက်များ

ချစ်ခြင်းမှာ အခိုက်အတန့်နားခိုချင်လို့
သီအိုရီမဆန်တဲ့ လမ်းပျက်ထဲမှာ
ဘဝဆိုတာကို ပစ်သွင်းခဲ့ဖူးတယ်....။
ပိုင်ဆိုင်သမျှကို စွန့်ပစ်ရင်း
ရိုင်းစိုင်းတဲ့လောကဓံကြောင့်
မထုံတက်တေး ဖြစ်ခဲ့ရတာ သူမသိ
မရှိခြင်းမှာ မွှေ့လျော်တတ်ရင်
ဘာတွေလိုချင်ဦးမလဲလေ....။
မာကျောတဲ့အပြုံးအတွက်တော့
တစ်သက်လုံး အမုန်းတွေ သယ်မထားချင်
ဒါပေမဲ့လည်း....
ကျောခိုင်းသွားတဲ့အချိန်တွေထဲ
ဖုံးကွယ်မှု
ဟန်ဆောင်မှု
လိမ်လည်မှု..တွေ
အဆိုးဆုံးက အတ္တတွေ
ငါစားသုံးလာခဲ့တယ်...။
ရာစုသစ်ထဲ ရပ်တည်နိုင်ဖို့
အစာအိမ်ထဲက အဆိပ်အတောက်တွေ
အိမ်မက်ထဲ အန်ထုတ်ခဲ့
နိုးထလာတော့ ချို့တဲ့တဲ့ ယုံကြည်မှုနဲ့
မှေးဖျော့ဖျော့ မျှော်လင့်ချက်တွေသာ ကျန်တော့ရဲ့..။
ဘာပဲဖြစ်ဖြစ်လေ
ဦးခေါင်းထက်မှာ အဆုံးအစများစွာနဲ့
မြက်ခင်းပြင်ကြီးဖြစ်ဖို့
သစ်ပင်အိုရဲ့ နောက်ဆုံးအချိန်မှာ
ပြစ်တင်စုပ်ဖြဲလိုက်ရင်လည်း
မျိုချထားခဲ့လိုက်ပါ့မယ်...။ ။
အိမ်မက်အိုများရဲ့မှတ်တမ်း (၁၀.၇.၂၀၀၁)
နွေလှိုင်ဿုန်း

Apr 28, 2009

စွန်းပေမှုများ

မြေပြင်က ပက်လက်လှန်ကြည့်တော့
သက်သေ သာဓက မကျန်တော့တဲ့
ရိုးသားဖြူစင်မှုဟာ ကောင်းကင်ချိတ်ဆွဲတိမ်လို
ပါးလျစွာ မှေးဖျော့ပျောက်ကွယ်ခဲ့တာ
အသိစိတ်နဲ့ ကြည့်မိရဲ့လား...။...

ကောင်းကင်ကပန်းတစ်ပွင့်ကို လိုချင်ရင်
မြေကြီးကို ချစ်တတ်အောင်သင်ယူပေါ့
တကယ်ဆို...
မိတဲ့ငါးကိုမှ မလိုချင်သူ
ငတ်မွတ်သွားတာ နည်းသေးတယ်...။...
သက်ပြင်းရှိုက်လည်း မှောင်မိုက်မှုက မပျယ်
မောပန်းပူလောင်စွာ ပေးဆပ်ရသူတွေမှာ
ကြွေခဲ့သမျှကို ရေတွက်ရင်း
ဒီကောင်းကင် ကြယ်တွေ မလင်းနိုင်တော့...။...
ကွက်ကြားမိုးတွေရွာနေလိုက်တာများ..
မနှစ်မြို့စရာ လှပလေရဲ့...။...
ငါ့ရှေ့မှာ မှန်တစ်ချပ်ရောက်နေတာ မသိခဲ့...
အရှုံး၊အနိုင်ကြားမှာ
အမှန်တရား ဘယ်မှာနေလဲ....မသိခဲ့...
ဖြတ်သန်းလာလိုက်တာ...။..။.။။..။..
မြက်ခင်းပြင်က ပက်လက်လှန်ကြည့်တော့ ...
.....။....
ပေါက်ခွဲချင်စရာ
.......။......
ငါ့ဘဝကိုမြင်ရတယ်လေ ....။ ။
အိမ်မက်အိုများရဲ့ မှတ်တမ်း (၁၀.၇.၂၀၀၁)
နွေလှိုင်ဿုန်း

Apr 15, 2009

ကျီစားခြင်း

မင်းလွှတ်တင်လိုက်တာ လေပြေ ဆိုပေမဲ့...
ငါ့မှာတော့ ပူလောင်ခြောက်ကပ်လို့ရယ်...
မထူးဇာတ်ကနေတာများ...

မျက်ရည်ပါထိုးကျွေးရမှာလား...။ ရှိပါစေတော့...။...
မျှော်လင့်ခြင်းတွေနဲ့ငါ
ရှင်လျက်လည်း မသေချင်တော့ဘူး..။
ဒါပေမဲ့...
ငါပိုင်ခဲ့ဖူးတဲ့ မာနနဲ့ သိက္ခာ
ကျန်နေသမျှလေးတော့ ပြန်ကောက်လို့
ငါ.........

သိမ်းထုပ်အိမ်ပြန်ခဲ့ပါပြီ...ကျောင်းတော်ရေ..။ ။
နွေလှိုင်ဿုန်း
၂၂.၂.၂၀၀၃ F.C.C.M ရင်ခုန်သံများမှ

Apr 6, 2009

တိမ်တေလေ

သဘာဝဓမ္မထဲ လက်နှိုက်ဆွဲယူလိုက်တော့
တစ်ခါတစ်ရံသာ တောင်းတချင်တဲ့
အတ္တရမ္မက် မကင်းတဲ့အချစ်က
အမြီးကနေပါလာလေရော...
လွင့်မျောနေတုန်းပဲ............
ကမ္ဘာကြီးနဲ့ လူသားတွေကို ချစ်လို့..
အိမ်ထောင်ပြုဖို့အစီအစဉ်ကို..
ခြောက်ကပ်ကပ်နေ့တွေထဲမှာ
ဘဝတစ်သိ...စာ
ဖျက်သိမ်းလိုက်တယ်..
ဒီလို...
ငါ့ကိုယ် ငါ မီးသှင်းလိုက် ...ရေလောင်းလိုက်နဲ့
ငါ့ဆုံးဖြတ်ချက်တွေ အတ္တနဲ့နပမ်းလုံးခဲ့တယ်...
ဟာတာတာမှောင်ပိန်းနေတဲ့အလင်းမျိုးနဲ့....
သဟဇာတ မရှိတဲ့ လောကကြီးထဲ
လမ်းမသိတဲ့ဝိညာဉ်...ခေါင်းငုံ့ ၊ ခေါင်းမော့ ကင်းတယ် ။
အရာရာမမြဲတဲ့ သင်္ခါရထဲမှာ ရွာချဖို့ မသေချာ...
လွင့်ပျယ်မလား မသေချာ.... မျောပါမလားလည်း မရေရာ...
တကယ်တော့ အပြစ်များဖန်ဆင်းသူ
တန်ခိုးရှင်ကြီးဆိုတာ....ငါ.. ။....
ကိုးကွယ်စရာ မလိုဘူး..။ ။ ။

အာခေါင်ခြစ်ဟစ်ကြွေးတဲ့ သန်းခေါင်ယံတွေ အခုထိ...
အမှောင်အတိပြီးဆဲ ငရဲကမ္ဘာ...
ငါ့ဒုက္ခကို ငါ အပြီးမသတ်နိုင် သရွေ့
ငါဆိုတာကို အမှားတွေနဲ့ အလံတလွင့်လွင့်ရှိနေပါ့မယ် ။
ဘယ်အခါမှ ရှင်သန်တော့မှာ မဟုတ်တဲ့
အိမ်မက်ကိုမက်မောပွေ့ဖက်ရင်း..
ကတ်ကိုဘိန်းနဲ့ သီချင်းအတူဆိုရန်ရှိသလို...
ဂျက်လန်ဒန်နဲ့လည်း စကားပြောစရာရှိတယ် ။
ဘီသိုဗင်ဆီသွားပြီး ငါ့အကြောင်းတွေ ပြောပြရမယ် ။
တော်စတွိုင်းဆိုတဲ့ကောင်ကိုတော့ မခေါ်ဘူး...
လေးဖြူက ရှက်တတ်လို့..နောက်သူက
မြေတိုင်းစာရေး လည်း လုပ်ခဲ့တော့ ဘော်တွင်းကိုလည်း
လေးဖြူတခါတလေ လွမ်းပေမပေါ့ ။
သူတို့ ညီအကို ပေါက်ခဲ့တဲ့ ဘိန်းခြံကြီးက ဘိန်းတွေ သီးပွင့်နိုင်ပေမဲ့....။
သူတို့နှလုံးသားတွေ ရီဝေမူးမိုက်ခြင်းကင်းကြတယ်...။...
စိုင်းထီးဆိုင် သီချင်းဆိုနေတဲ့ ပိတ်ဆွယ်တော ထဲတော့ မသွားချင်ဘူး ။
မြွေကိုက်မှာကြောက်တယ်..။
ဟောဒီမှာ...ငါတို့တွေကတော့....
ခေတ်ပျက်ကြီးထဲ ကြီးပြင်းကြရသူတွေမို့
အခြေခံလူတန်းစား... ဘယ်တော့မှ အောင်မြင်တဲ့ဘဝ ရ လမ်းမမြင်...။
လူ့အသိုင်းအဝိုင်းနဲ့ဆန့်ကျင်ဖက်လမ်းမပေါ်..
ဘောင်ဝင်အနေချောင်စေမဲ့
မလှိမ့်တပတ် ပေါကြောင်ကြောင် အတွေးအခေါ်တွေ...
ကိုယ့်ကိုယ်ကို မှတ်ကျောက်တင်မခံရဲရင်တော့
ဘာအတွက်စကားတွေများနေမှာလဲ....
ငါ့ဘာသာစကားကို နားလည်ဖို့ ခက်ကောင်းခက်မှာပေါ့...
အမြင်နဲ့လမ်းတွေမတူမှတော့
သံယောဇဉ်တွယ်နေလည်း မထူးဘူးလေ..။..
ငါဟာ.........တိမ်တေလေ.......။။ ။။
နွေလှိုင်ဿုန်း
၇.၄.၂၀၀၉