Search This Blog

Apr 15, 2009

စိုင်းစိုင်းခမ်းလှိုင်ရဲ့ဆရာသခင်လေးတွေ ဒုက္ခရောက်နေပါသည် ။

ကျီစားခြင်း

မင်းလွှတ်တင်လိုက်တာ လေပြေ ဆိုပေမဲ့...
ငါ့မှာတော့ ပူလောင်ခြောက်ကပ်လို့ရယ်...
မထူးဇာတ်ကနေတာများ...

မျက်ရည်ပါထိုးကျွေးရမှာလား...။ ရှိပါစေတော့...။...
မျှော်လင့်ခြင်းတွေနဲ့ငါ
ရှင်လျက်လည်း မသေချင်တော့ဘူး..။
ဒါပေမဲ့...
ငါပိုင်ခဲ့ဖူးတဲ့ မာနနဲ့ သိက္ခာ
ကျန်နေသမျှလေးတော့ ပြန်ကောက်လို့
ငါ.........

သိမ်းထုပ်အိမ်ပြန်ခဲ့ပါပြီ...ကျောင်းတော်ရေ..။ ။
နွေလှိုင်ဿုန်း
၂၂.၂.၂၀၀၃ F.C.C.M ရင်ခုန်သံများမှ

Apr 6, 2009

တိမ်တေလေ

သဘာဝဓမ္မထဲ လက်နှိုက်ဆွဲယူလိုက်တော့
တစ်ခါတစ်ရံသာ တောင်းတချင်တဲ့
အတ္တရမ္မက် မကင်းတဲ့အချစ်က
အမြီးကနေပါလာလေရော...
လွင့်မျောနေတုန်းပဲ............
ကမ္ဘာကြီးနဲ့ လူသားတွေကို ချစ်လို့..
အိမ်ထောင်ပြုဖို့အစီအစဉ်ကို..
ခြောက်ကပ်ကပ်နေ့တွေထဲမှာ
ဘဝတစ်သိ...စာ
ဖျက်သိမ်းလိုက်တယ်..
ဒီလို...
ငါ့ကိုယ် ငါ မီးသှင်းလိုက် ...ရေလောင်းလိုက်နဲ့
ငါ့ဆုံးဖြတ်ချက်တွေ အတ္တနဲ့နပမ်းလုံးခဲ့တယ်...
ဟာတာတာမှောင်ပိန်းနေတဲ့အလင်းမျိုးနဲ့....
သဟဇာတ မရှိတဲ့ လောကကြီးထဲ
လမ်းမသိတဲ့ဝိညာဉ်...ခေါင်းငုံ့ ၊ ခေါင်းမော့ ကင်းတယ် ။
အရာရာမမြဲတဲ့ သင်္ခါရထဲမှာ ရွာချဖို့ မသေချာ...
လွင့်ပျယ်မလား မသေချာ.... မျောပါမလားလည်း မရေရာ...
တကယ်တော့ အပြစ်များဖန်ဆင်းသူ
တန်ခိုးရှင်ကြီးဆိုတာ....ငါ.. ။....
ကိုးကွယ်စရာ မလိုဘူး..။ ။ ။

အာခေါင်ခြစ်ဟစ်ကြွေးတဲ့ သန်းခေါင်ယံတွေ အခုထိ...
အမှောင်အတိပြီးဆဲ ငရဲကမ္ဘာ...
ငါ့ဒုက္ခကို ငါ အပြီးမသတ်နိုင် သရွေ့
ငါဆိုတာကို အမှားတွေနဲ့ အလံတလွင့်လွင့်ရှိနေပါ့မယ် ။
ဘယ်အခါမှ ရှင်သန်တော့မှာ မဟုတ်တဲ့
အိမ်မက်ကိုမက်မောပွေ့ဖက်ရင်း..
ကတ်ကိုဘိန်းနဲ့ သီချင်းအတူဆိုရန်ရှိသလို...
ဂျက်လန်ဒန်နဲ့လည်း စကားပြောစရာရှိတယ် ။
ဘီသိုဗင်ဆီသွားပြီး ငါ့အကြောင်းတွေ ပြောပြရမယ် ။
တော်စတွိုင်းဆိုတဲ့ကောင်ကိုတော့ မခေါ်ဘူး...
လေးဖြူက ရှက်တတ်လို့..နောက်သူက
မြေတိုင်းစာရေး လည်း လုပ်ခဲ့တော့ ဘော်တွင်းကိုလည်း
လေးဖြူတခါတလေ လွမ်းပေမပေါ့ ။
သူတို့ ညီအကို ပေါက်ခဲ့တဲ့ ဘိန်းခြံကြီးက ဘိန်းတွေ သီးပွင့်နိုင်ပေမဲ့....။
သူတို့နှလုံးသားတွေ ရီဝေမူးမိုက်ခြင်းကင်းကြတယ်...။...
စိုင်းထီးဆိုင် သီချင်းဆိုနေတဲ့ ပိတ်ဆွယ်တော ထဲတော့ မသွားချင်ဘူး ။
မြွေကိုက်မှာကြောက်တယ်..။
ဟောဒီမှာ...ငါတို့တွေကတော့....
ခေတ်ပျက်ကြီးထဲ ကြီးပြင်းကြရသူတွေမို့
အခြေခံလူတန်းစား... ဘယ်တော့မှ အောင်မြင်တဲ့ဘဝ ရ လမ်းမမြင်...။
လူ့အသိုင်းအဝိုင်းနဲ့ဆန့်ကျင်ဖက်လမ်းမပေါ်..
ဘောင်ဝင်အနေချောင်စေမဲ့
မလှိမ့်တပတ် ပေါကြောင်ကြောင် အတွေးအခေါ်တွေ...
ကိုယ့်ကိုယ်ကို မှတ်ကျောက်တင်မခံရဲရင်တော့
ဘာအတွက်စကားတွေများနေမှာလဲ....
ငါ့ဘာသာစကားကို နားလည်ဖို့ ခက်ကောင်းခက်မှာပေါ့...
အမြင်နဲ့လမ်းတွေမတူမှတော့
သံယောဇဉ်တွယ်နေလည်း မထူးဘူးလေ..။..
ငါဟာ.........တိမ်တေလေ.......။။ ။။
နွေလှိုင်ဿုန်း
၇.၄.၂၀၀၉

Mar 27, 2009

ကမာနီလာ၏ဘလော့ခ်မှ ကူးယူဖော်ပြပါသည် ။


နိပွန်းက ဘီရုမာတွေ အကြောင်း
ဂျပန်ရယ်လို့ ဆိုလိုက်ရင် တိုးတက်ထွန်းကားနေတဲ့ စက်မူထိပ်သီး နိုင်ငံတခု အဖြစ် လူတိုင်းသိကြသလို ဒီနိုင်ငံမှာ စီးပွားရှာလို့လည်း အလွန်ကောင်းတဲ့ အရပ်ဒေသတခု ဖြစ်နေတာမို့ ဖေါက်ထွက်ချင်တဲ့ အာရှက လူငယ်လူရွယ်တွေဟာ ဂျပန်နဲ့ပတ်သက်တဲ့ အိပ်မက်တွေကလည်း ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ကို သည်းသည်းလှုပ် ဖြစ်နေကြရ တော့တာပေါ့။

အဲဒီ အိပ်မက်တွေရှိရာ ပင်လယ်ထဲက ရှည်မျှောမျှော ကျွန်းနိုင်ငံလေးဆီကို အရောက်လှမ်းဖို့အတွက် နည်းပေါင်းစုံသုံး အရောက်လာဖို့ကို ကြိုးစားကြတော့တာပါဘဲ။ အဲဒီလို အရောက်လှမ်းနည်းတွေ ထဲမှာ ဂျပန်က ကျောင်းတခုခုကို လျှောက်ပြီး ကျောင်းဗီဇာနဲ့ လာကြသူ တွေရှိသလို၊ အလုပ်ထရိန်နင်ဗီဇာ၊ အလည်အပါတ် ဗီဇာ၊ ဂျပန်လူမျိုးနဲ့ လက်ထပ်ဗီဇာ၊ စသဖြင့် အဲဒီလို ဗီဇာမျိုးတွေနဲ့ အရောက်လာကြ သူတွေများကြပါတယ်။ ဘယ်လို ပုံစံမျိုးတွေနဲ့ဘဲ လာလာ ဂျပန်ကျွန်း နိုင်ငံလေးကိုရောက်ဖို့ ငွေလမ်းတော့ အယင် ခင်းကြရတာ ချည်းပါဘဲ။

သွားကြမယ်ဟေ့ ဂျပန်
ဂျပန်ကို လာမယ့် လူတယောက်ဟာ အများအားဖြင့် အရင်ရောက်နှင့်တဲ့ ဒီကလူတွေနဲ့ အချိတ်အဆက်ယူပြီး လာကြ သူတွေရှိသလို၊ ပွဲစား အဆက်အသွယ်နဲ့ လာကြသူတွေလည်း ရှိပါတယ်၊ ဘယ်လိုပုံစံနဲ့ဘဲ လာလာ အနည်းဆုံး မြန်မာငွေ သိန်းတရာ သုံးဆယ်နဲ့ အထက်တော့ ကုန်ကြပြီး အိမ်မက်တွေကို အကောင်အထည်ပေါ်ဖို့ စွန့်စားကြရတာမို့ ဒီရောက်ပြီးရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ကုပ်တွယ်ကပ်ပြီး နေကြရတော့တာပါဘဲ၊ ကုန်ထားတဲ့ ငွေတွေအတွက်က တကယ်အလုပ်မရွေးဘဲ ကြိုးစားမယ်ဆိုရင် တနှစ်အတွင်း ကုန်တဲ့ငွေကတော့ ပြန်ရှာလို့ ရနိုင်တာမို့လည်း ဒီလောက် ပမာဏများတဲ့ ငွေကြေးတွေကို ရင်းနှီးကြတာလည်း ပါမယ်ထင်ပါတယ်။

ဂျပန်ကို ရောက်ဖို့
အကြမ်းဖျဉ်းအားဖြင့် အခက်အခဲတွေကို ကျော်ဖြတ်ရမယ်၊ အဓိကက သံရုံးဗီဇာနဲ့ ကိုယ့်ကို အာမခံတဲ့ စပွန်စာလို့ ခေါ်တဲ့ လူရဲ့အာမခံမှုက ခိုင်မာမှု ရှိမှသာ ဗီဇာရရှိရေးအတွက် အဆင်ပြေမှာဖြစ်သလို၊ ဂျပန်ကိုရောက်လို့ လေဆိပ်မှာ မြန်မာပတ်စပို့စ် နီနီရဲရဲ တွေဟာလည်း အတားအဆီးတခု အဖြစ်အခက်အခဲ တွေ့နိုင်ပါသေးတယ်၊ မြန်မာစာအုပ်ကို လူဝင်မှုကြီးကြပ်ရေးက တွေ့ပြီဆိုတာနဲ့ ခေတ္တစောင့်ခိုင်းပြီး မှန်လုံခန်းတခုကို ခေါ်သွားပြီး ဘာကြောင့် လာတာလည်း၊ ဘယ်လောက်နေမှာလည်း၊ ဆွေမျိုးရှိလား၊ နောက်ဆုံး စပွန်စာရဲ့ထောက်ခံမူနဲ့ လိပ်စာတွေကိုကြည့်ပြီးမှ စပွန်စာထံ ဖုန်းဆက်မေးပြီး ခိုင်မာမှ လေဆိပ်က ထွက်ခွာခွင့် ပြုပါတော့တယ်။ အခုနှစ် နောက်ပိုင်းတွေမှာဆို ဂျပန်ကိုဝင်ဖို့ မြန်မာမှ မဟုတ်ဘဲ အာရှနိုင်ငံသားတွေအတွက် တော်တော်လေးကို တင်းကျပ်မူတွေ ရှိလာတာမို့ ပြည်တော်ဝင်ခွင့် မရဘဲ ပြန်ကန်ခံရသူတွေ (လေဆိပ်ကနေ ဋ္ဌာနေပြန်ချုင်းခြင်း) အများကြီး ရှိလာပါတယ်၊ မြန်မာတွေကတော့ လက်ရှိအခြေအနေမှာ သူတင်းရင် ကိုယ်တင်းစနစ် လို့ ဆိုရမလားပဲ ပြည်တော် ၀င်ခွင့်ရရေး အတွက် အကျပ်ကိုင်တဲ့ နည်းလမ်းတွေကို လူတိုင်းလို သုံးနေကြပါရောလား? ဘာလည်းဆိုတော့ ၀င်ခွင့်မပေးရင် နောက်ဆုံး ဒုက္ခသည် ခံယူ လျှောက်လိုက်တော့တာပါဘဲ၊ ဒီနည်းက ပွဲစားတွေက ဂျပန်ကိုလာမယ် ဆိုကတည်းက ကြိုသင်ပြပေးထားတာမို့ လုပ်ထုံးလုပ်နည်းတွေကို ဂျပန်ကိုလာမယ့် သူတွေက ကြိုတင်သိရှိ နားလည်ထားကြပါတယ်။

အခု နောက်ပိုင်းဆို ဒုက္ခသည်လျှောက်တဲ့ ဖောင်(Form)တွေတောင် မြန်မာပြည်မှာ ၀ယ်ယူရရှိနိုင်ပြီး အသင့်ရေးဖြည့်ပြီး ဒီရောက်တော့ တခါတည်းတန်း ဒုက္ခသည် လျှောက်ကြတော့တာပါဘဲ။ ဒီနည်းက ဂျပန်ကို အလည်ဗီဇာနဲ့ လာကြသူတွေ အများဆုံးလုပ်တဲ့နည်း ဖြစ်ပါတယ်။ အဲဒီလို လျှောက်လိုက်ပြီ ဆိုတာနဲ့ ကိုယ့်လျှောက်လွှာကို လက်ခြံပီး ဖမ်းဆီးတာကို ခံရပါမယ်၊ အရင်က လေဆိပ်မှာ ရဖြူဂျီလျှောက်ရင် ၁ နှစ်နီးပါးကြာအောင် ထိန်းသိမ်းခံရပေမယ့် ပြောင်းလဲပြီး ပျော့ပြောင်းလာတဲ့ ဂျပန် လ.၀.က ၏ ဒုက္ခသည် လျှောက်ထားမှု ဆိုင်ရာဥပဒေများကြောင့် လ.၀.က အကျဉ်းထောင်မှာ ၂လ ကနေ ၆ လအထိပဲ ထိန်းသိမ်း ချုပ်နှောင်ခြင်းခံရတဲ့ အထိဘဲ လျှော့ပေါ့လာပါတယ်။

ကျောင်းတက်ကြမယ်
ကျောင်းသားနဲ့ ဂျပန်ကျောင်းဗွီစာနဲ့ လျှောက်ပြီး လာကြသူတွေဟာ ဂျပန် စကားပြောသင်တန်းကျောင်းကို တက်ကြရပြီး ၂နှစ် သတ်မှတ်ထားပါတယ်။ ကျောင်းပြီးလို့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ၀င်ရောက်ဖြေဆိုလို့ မိမိတက်လိုတဲ့ ကျောင်းကိုရွေးချယ် ဖြေဆိုပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်ရင် တက္ကသိုလ်ဝင်ခွင့် အတွက် ဂျပန်ယန်း ၆သိန်းအထက် ကနေ ယန်း၃၀သိန်းလောက် ကြားထဲမှာရှိနေပြီး၊ မိမိတက်မယ့် တက္ကသိုလ်ကျောင်း ကောင်းမကောင်း အပေါ်မူတည်ပြီး ပေးဆောင်ရမယ့် စားရိတ်စကကလည်း ကွာခြားသွားပါတယ်၊ တချို့ကျောင်းတွေက ပညာရေးစီမံချက်နဲ့ ကျောင်းသားတွေကို စကောလားရှစ်နဲ့ ခေါ်ယူပေမယ့် တကယ်တမ်း ကျောင်းတက်မယ့် ကျောင်းသားတွေဟာ စကောလားရှစ် မရကြဘဲ ကျောင်းနဲ့ မြန်မာပြည်က ပွဲစားက ဖြတ်စားလဒ်စား လုပ်ထားပြီး ပွဲစားကို ပိုက်ဆံပေးခဲ့ရသူတွေလည်း အများအပြားပါ။

ယခင်က ကျောင်းဗွီစာနဲ့လာ ဒီရောက်တော့ ကျောင်းမတက်ဘဲ ၀ိုက်လာသူတွေ ( ဝ,လာသူတွေ / အိုဗာစတေးအဖြစ် နေထိုင်သူတွေ) များလာတာမို့ နောက်ပိုင်း ကျောင်းတက်မယ့် ကျောင်းသားတွေဟာ မြန်မာပြည်က အိမ်ဂရံ တွေဘာတွေကို အပေါင်ပေးထားရပြီး သတ်မှတ်ထားတဲ့ ကျောင်းတက်ရမယ့် ၂နှစ်အတွင်း ကျောင်းဆက်မတက်ဘဲ ထွက်ပြေးခဲ့ရင် အိမ်ဂရံကိုသိမ်းမယ်လို့ ချုပ်ကိုင်လာမူတွေ တော်တော်များလာတာမို့ ကျောင်းတက်ပြီး ၀ိုက်တဲ့သူတွေ လျှော့နည်းလာပါတယ်။ ဒီမှာ ကျောင်းတက်နေရတဲ့ ကျောင်းသူကျောင်းသား အများစုရဲ့ ဘ၀ဟာ အများစုအားဖြင့် အနေဆင်းရဲဘ၀ အချိန်ဆင်းရဲတဲ့ ဘ၀တွေများပြီး၊ ကျောင်းတက်ကာ တဖက်က ရပ်တည်ရေးအတွက် ကျောင်းသားတွေအတွက် အစိုးရက ကျောင်းသားတွေ အတွက်သတ်မှတ်ထားတဲ့ နာရီ အလုပ်ကိုလုပ်ပြီး ကြိုးစားနေကြရသူတွေ ဖြစ်ပြီး၊ သူတို့အတွက် အချိန်ပိုဆိုတာ မရှိသလောက်ပါဘဲ၊ တက္ကသိုလ်ကျောင်းပြီးလို့ ကုမ္မဏီတွေမှာ ၀င်ရောက်ဖို့ အခွငိ့အရေးတွေ ယခင်က တော်တော်လေးကောင်းလှပေမယ့် စီးပွားရေး ကျဆင်းနေမူကြောင့် ဂျပန်လူမျိုးတွေပါ အလုပ်ရှားပါးနေတာမို့ ကျောင်းပြီးလို့ လုပ်ငန်းခွင် ၀င်မရသူတွေလည်း ဒုနဲ့ဒေးဖြစ်နေပြီး သတ်မှတ်ထားတဲ့ ဗီဇာမကုန်ခင် ဘွဲ့လွန်တက်နေသူတွေလည်း ကျောင်းတက်ကြနေရင်း စိတ်ဖိစီးမှုတွေ အလုပ်အကိုင်ရှားပါးမှုတွေ တွက်ချက်မိပြီး ဋ္ဌာနေတိုင်းပြည်ကို အပြီးပြန်ကြသူတွေလည်း ရှိနေကြပါရောလား။

အလုပ်ဗီဇာများနဲ့ နေထိုင်ရာဝယ်
Working visa လို့ခေါ်တဲ့ အလုပ်ဗီဇာနဲ့ နေထိုင်နေကြသူများ မှာတော့ အမှန်အကန် အလုပ်ကုမ္မဏီတွေက ဗီဇာရယူပြီး လုပ်ရသလို၊ အင်ဗီဇာ (ဗီဇာ အတု) နဲ့ လာရောက် သူတွေကတော့ မြန်မာပြည်က ပွဲစားနဲ့ ဒီက အင်ကုမ္မဏီ တွေနဲ့ပေါင်း လူခေါ်ရိုက်စားလုပ်မှုတွေက တော်တော်များလှသလို ပြသနာတွေကလည်း တော်တော်လေး ရှုတ်ထွေးလှပါတယ်၊ အလုပ်ဗီဇာ ရရှိထားသူတွေဟာ ဗီဇာ သက်တမ်းတနှစ် ကနေ သုံးနှစ်အထိ ရရှိကြတတ်ပါတယ်၊ သက်တမ်း တခါတိုးရင် ပွဲစားလုပ်သူကို တခါ ပိုက်ဆံ ပေးရပါသေးတယ်၊ အရင်ကတည်းက ဒီဗီဇာဟာ တော်တော်လေးခေတ်စားခဲ့ပြီး working visa ကိုင်ထားသူတွေက ရင်ကော့ ခေါင်းမော့လုပ်နိုင်ပေမယ့် ယနေ့ အချိန်မှာတော့ အခြေအနေ မကောင်းလှပါဘူး၊ သွားသတိ၊ စားသတိ၊ အလုပ်လုပ်လည်း သတိလေးနဲ့ လုပ်မှ တော်ယုံကျမှာပါ၊ ယနေ့ဂျပန်ဟာ အိုဗာစတေး ပပျောက်ရေး( ရက်လွန်နေထိုင်သူ ) အတွက် တင်းကျပ်တဲ့ စီမံကိန်းတွေနဲ့ ဂျပန်နိုင်ငံရဲ့ နေရာ ၁၂,၃၉၁ နေရာမှာ စစ်ဆင်ရေးတွေ လုပ်နေမူကြောင့် working visa အင် - ကိုင်ထားသူတွေ အများစုဟာ အိမ်မှာ၊ လမ်းမှာ ရဲနဲ့ လ.၀.က ကစစ်ဆေးလည်း မမှုပါဘူး၊ ဒါပေမယ့် သူတို့လုပ်နေတဲ့ လုပ်ငန်းခွင်စက်ရုံနဲ့ စားသောက်ဆိုင် တွေကို ၀င်ရောက် စစ်ဆေးရင်တော့ အထုတ်ပြင်ပြီး ပြည်တော် ပြန်ရမှာဖြစ်သလို black list စာရင်းဝင်သွားပြီမို့ ၅နှစ် ဂျပန်ပြည်ဝင်ခွင့် ပိတ်ပင်ခံရပါတယ်။

ဒီလပိုင်းလေး အတွင်းမှာတင် တိုကျိုက working visa အတုနဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေသူတွေ တော်တော်များများ အလုပ်လုပ်နေရာ စားသောက်ဆိုင်တွေကို ၀င်ရောက် ဖမ်းဆီးခံရတဲ့ သတင်းတွေ မကြာခဏ ကြားနေရသလို ပွဲစား ကိုကို၊ မမတွေနဲ့ ငွေအပေးအယူ မတည့်လို့၊ ကိုယ့် အချင်းချင်းမတည့်လို့၊ စားသောက်သူ ဂျပန်ဧည့်သည်ကို ပြေလည်စွာ မဆက်ဆံမူတွေကြောင့် အဖမ်းခံနေရတာတွေ ရှိနေကြပါတယ်။
တလောက ဖြစ်သွားတဲ့ ဖမ်းဆီးမှုဆိုရင် ညဖက် စားသောက်ဆိုင်တခုမှာ ဧည့်သည်မှာတဲ့ ခေါက်ဆွဲကြော်ပွဲထဲ စီးကရက်တို ပါလို့ ဧည့်သည်က ဆိုင်ခေါင်း လုပ်သူကိုပြောပြီး ဆိုင်ခေါင်းလုပ်သူက ဖိုထဲကို ဆူပါတယ်၊ အဲဒီဆိုင်မှာ ကလည်း ဆိုင်ခေါင်းနဲ့ ဖိုခေါင်းကလွဲလို့ နိုင်ငံခြားသားချည်းဘဲ ဖြစ်သလို စားပွဲထိုးအမျိုးသမီး က working visa အတုနဲ့ရယ်၊ နောက်တယောက်က ဗီဇာ ရက်ကျော်နေထိုင်နေတဲ့ အိုဗာစတေး အမျိုးသားတဦးပါ၊ နောက်တနေ့ နံနက်အားလုံး အလုပ်ဝင်တဲ့ အချိန်မှာဘဲ ရဲက ဆိုင်ဝင်ပြီး ဖမ်းလို့ ဖိုထဲမှာ နိုင်ငံရေးဗီဇာနဲ့ နေသူကလွဲလို့ အကုန်ပါသွား ပါရောလား! Working visa အင်နဲ့ အမျိုးသမီးဟာ ဂျပန်မှာ အင်ဗွီဇာနဲ့ နေတာကြာပြီမို့ မကြာမှီမှာ Permanent Resident လျှောက်ဖို့ အားလုံး ပြင်ဆင်ထားသူ ဆိုတော့ နစ်နာရပါတယ်။

အလုပ်သင်တို့ မလှမပ ဘဝ
Working visa အမျိုးအစားထဲမှာ ပါတဲ့ Training Visa (အလုပ်သင်ဗီဇာ)နဲ့ လာသူတွေ အကြောင်းလည်း ပြောပြပါရစေဦး၊ Training Visa (အလုပ်သင်ဗီဇာ) တွေနဲ့ ဂျပန်က နိုင်ငံခြားသား တွေကိုခေါ် ယူမူကို ကျယ်ကျယ်ပြန့်ပြန့် စတင်ခဲ့တာ ၁၉၉၃ခုနှစ်ကတည်း ကပါ၊ "ဖွံဖြိုးဆဲ နိုင်ငံတွေကို အကူအညီပေးရေး အစီအစဉ်" ခေါင်းစဉ်နဲ့ အာရှနိုင်ငံတွေက အလုပ်သမားတွေကို ဈေးအပေါဆုံးနဲ့ ခေါ်ယူ ပြီး ခိုင်းနိုင်ဖို့ အတွက် ဗီဇာတွေကို လွယ်ကူစွာ ထုတ်ပေးခဲ့ကြမို့၊ မြန်မာအပါအ၀င် အာရှနိုင်ငံသားတွေ အိမ်မက်တွေ ကိုယ်စီအပြည့် ထုပ်ပိုးလို့ ၀င်ရောက် လာကြပါရောလား။ တကယ်တမ်း သူတို့ ထင်ထားတဲ့ အိမ်မက်တွေထဲက လှပတဲ့ဂျပန်ဟာ ဒီရောက်မှာ ငရဲပန်းကို ရွှေပန်းထင်၊ တံလျှပ်ကို ရေထင်ပြီး ကူးမိခဲ့ကြတယ်ဆိုတာ သိခဲ့ ရလေတော့တယ်။ အလုပ်သင် နိုင်ငံခြားသားတွေ " မြန်မာတွေကတော့ T ဗီဇာ" လို့ခေါ်သူတွေဟာ ၃နှစ် သက်တမ်းဗီဇာ ရရှိထားပြီး ပထမနှစ်မှာ ပညာသင်အဖြစ် အောက်ခြေသိမ်းတွေလုပ်၊ ဒုတိယ နှစ်နှစ်မှာ နည်းပညာ ကျွမ်းကျင်မူသင်တန်းလို့ အမည်ပေးပြီး မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်ကြရပါတယ်၊ လစာက ဂျပန်ယန်း တသိန်း၊ ခုနှစ်သောင်းလောက် သာရရှိကြပြီး လုပ်ရတဲ့ အလုပ်တွေက ဂျပန်မှာ K သုံးလုံးလို့ နာမည်ကြီးနေတဲ့ Kitsui (အလုပ်ဝန် များပြားခြင်း) Kitanai (ညစ်ပတ် ပေရေခြင်း) Kiken (အန္တာရယ် များပြားခြင်း) ဆိုတဲ့ အလုပ်တွေကို လုပ်ကိုင်ရပြီး နောက်ဆုံး ဒဏ်မခံနိုင်လို့ ထွက်ပြေးကြရတဲ့ အဆင့်အထိကို ရောက်ကုန်တော့တာပါဘဲ။

ဂျပန် အစိုးရထုတ်ပြန်တဲ့ သတင်းတွေအရ အလုပ်သမား တသောင်း၊ နှစ်ထောင်၊ ခုနှစ်ရာ (၁၂,၇၀၀) ကျော်ပျောက်ဆုံး နေတယ်လို့ သိရှိရပြီး အဲဒီ ပျောက်ဆုံးနေသူတွေဟာ တချို့ ဂျပန်ရဲ့တခြားနေရာတွေမှာ ခိုအောင်းပြီး အလုပ်လုပ်နေသူတွေ ရှိသလို နေရင်းနိုင်ငံကို ပြန်သွားကြသူတွေလည်း ရှိပါတယ်။ မြန်မာ လူမျိုးအများစုကတော့ ပြည်ပနိုင်ငံရေး ဇါတ်ခုံပေါ်တက်လို့ R ဗီဇာ (ဒုက္ခသည်) လျှောက်ကြပြီး တက်ကြွလှုပ်ရှားသူတွေ အဖြစ် နေထိုင်ခွင့် တောင်းကြပါတယ်။

ဂျပန်တွေ နဲ့ လက်ထပ်ကြမယ်
ဂျပန် လူမျိုးတွေနဲ့ လက်ထပ်ကြတယ် ဆိုတဲ့နေရာမှာ နိုင်ငံခြားသား ယောကျာင်္းလေး၊ မိန်းကလေးတွေက ဂျပန်လူမျိုးတွေနဲ့ လက်ထပ်ကြတာပါ။ အဲဒီလို လက်ထက်တဲ့နေရာမှာ အများအားဖြင့် ကတော့ ဒီမှာ ရှိနေတဲ့လူတွေက မိမိတို့ လုပ်ငန်းခွင် ပတ်ဝန်းကျင်က ဂျပန်အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကြိုက်ကြ ယူကြသူ တွေရှိသလို နိုင်ငံရပ်ခြားကို အလည်သွားရင်း ကြိုက်ရာက တကယ် ယူကြသူတွေလည်း ရှိပါတယ်။ အသိထဲမှာတောင် မိတ်ဆွေတယောက်က ထိုင်းမှာ အလုပ်လုပ်ရင်း ဂျပန်အမျိုးသမီးက ထိုင်းကိုလာလည်ရာ ကနေ တွေ့ပြီး မိတ်ဆွေဖြစ်သူနဲ့ ချစ်ကြိုက်ကာ မြန်မာပြည်အထိ သွားရောက် လက်ထပ်ယူခဲ့ပြီး အတည်တကျ ပေါင်းသင်း လက်ထပ်ယူခဲ့တာ တွေ့ရလို့ ပီတိ ထောပနာ ဖြစ်မိပါသေးရဲ့။

အဲ....ဒါပေမယ့် ဂျပန်မှာ နေထိုင်ခွင့်ရရေး အတွက် လက်ထပ် မင်္ဂလာအတု လုပ်ထားတာတွေလည်း ဒုနဲ့ဒေး ရှိနေပါရောလား? ဒါတင်မက ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး မြန်မာပြည်က အမျိုးသမီးတွေ ဂျပန်နဲ့လက်ထပ်တဲ့ အင်လက်ထပ်တာတွေလည်း များလှပေါ့၊ ဒီမှာနေပြီး အင်နဲ့ လက်ထပ်တာတွေကတော့ အိုဗာစတေး၊ ဒါမှ မဟုတ်တခြား ဗီဇာတွေနဲ့ နေထိုင်ပြီးမှ ဒီမှာ နေထိုင်ခွင့် ဆက်ရရှိရေးအတွက် ဂျပန်အမျိုးသမီး အမျိုးသားကို ပိုက်ဆံပေးပြီး လက်ထပ်ကြတာပါ၊ အဲဒီလို လက်ထပ်ပြီဆိုရင် ဒီက မြို့နယ်ရုံးမှာ လက်မှတ်ထိုးပြီး၊ ပြည်ထဲရေးဌာနလက်အောက်ရှိ သက်ဆိုင်ရာမြို့နယ်ရုံးက ခေါ်ယူစစ်ဆေးတာကို ခံရပါတယ် အတည်ပြုမှ လက်ထပ်မှု တရားဝင်အတည် ဖြစ်ပါတယ်၊ အဲဒီ အတည်ပြုစာရွက်နဲ့ ဂျပန် လူဝင်မူကြီးကြပ်ရေးဌာနမှာ ဗီဇာသွားလျှောက်ပြီး လူဝင်မှုကြီးကြပ်ရေးက ခေါ်ယူ စစ်ဆေးမူတွေ စုံစမ်းစစ်ဆေးမှုတွေကို လုပ်တာတွေကိုလည်း ခံယူရပါတယ်၊ ဗီဇာ မကျခင်မှာ လက်ထပ်ထားသူ ဂျပန်နဲ့ အတူနေမှသာ သဘာဝကျတာမို့ အတူနေရပါတယ်၊ လ.၀.က က အတူနေ မနေ ဖုန်းဆက်ပြီး အချိန်မရွေး မေးတတ်တာမို့ ဖုန်းဆက်လာတဲ့ အချိန်မျိုးမှာ အနားမှာ လက်ထပ်ထားတဲ့ ဂျပန်မရှိရင် သင်္ကာမကင်း ဖြစ်တာခံရတာမို့ ဗီဇာ အတွက်လည်း နှောင့်နှေးကြံ့ကြာမှုတွေ ဖြစ်လာနိုင်သလို၊ ငြင်းပယ်ခံရတာတွေလည်း ရှိလာနိုင်ပါတယ်။ အခုနောက်ပိုင်း ပိုမို တင်းကြပ်မှုတွေကြောင့် အိမ်အထိ လာရောက် စစ်ဆေးမူတွေပါ ရှိလာတော့ မချစ်သော်လည်း အောင့်ကာနမ်း အတူနေကြ ရပါတယ်။

မြန်မာတွေအတွက် အဓိကထား ရေးတာမို့ မြန်မာအဖြစ်အပျက်တွေပဲ ရေးပါမယ် မြန်မာယောကျာင်္း တစ်ယောက်က ဂျပန်အမျိုးသမီးနဲ့ အင်,လက်ထပ်ပြီး အတူနေရတာ ပြဿနာ မရှိနိုင်ပေမယ့် မြန်မာ အမျိုးသမီးတွေက အတူနေဖို့ နည်းနည်း ပြဿနာရှိနိုင်ပါတယ်၊ မကြာသေးမှီက ဂျပန် တယောက်နဲ့ အင်,လက်ထပ်ဗီဇာ ရသွားသူ တယောက်ဆို လ.၀.က က အိမ်ဝင်စစ်တဲ့အခါ အိပ်ယာက နှစ်ခုဖြစ်နေတာမို့ လ.၀.က က သကာင်္မကင်းဖြစ်လို့ စစ်ဆေးတာ ခံရပေမယ့် အလျှောက်ကောင်းလို့ ဗီဇာ ရသွားသလို၊ မြန်မာအမျိုးသမီးက ဂျပန်နဲ့ အင်,လက်ထပ်ပြီး အတူနေပေမယ့် သူ့ ယောကျာင်္းမြန်မာ အမျိုးသားနဲ့က တခန်း၊ ဂျပန်ဘိုးတော်ကို တခန်းပေးနေလို့ ဖုန်းဆက်မေးတိုင်း ဘိုးတော်ပါ ရှိနေတော့ အဆင်ကိုပြေလို့ အင်, အပျိုရွှေမမ ဗီဇာ ရသွားပါရော၊ လူတိုင်း သူတို့လိုပဲ အရာခပ်သိမ်း အဆင်မပြေနိုင်ပါဖူး။

မြန်မာပြည်ကနေ ပွဲစားနဲ့ လက်ထပ်သူတွေ ကတော့ မြန်မာပြည်မှာ လက်ထပ်ဖို့ ဂျပန်က အခေါက်ခေါက် အခါခါ သွားပြီးမှ လက်ထပ်ပွဲပုံ ဓာတ်ပုံတွေ စာချုပ်တွေနဲ့ ဗီဇာလျှောက်မှ ရပါတယ်။ တချို့ကလည်း ပိုက်ဆံယူပြီး အေးဆေးဖြစ်ပေမယ့် တစ်ချို့က အင်, မဟုတ်ချင်တော့ဘဲ တကယ် အတည်ယူမိသွားတဲ့ ဂျပန်ဘိုးတော်တွေလည်း အများသား အဲဒီအခါကျမှ ဆုပ်လည်းဆူး စားလည်းရူး ပဒိုင်းသီး စားမိတဲ့ ဘ၀ ရောက်တော့တာပါဘဲ၊ လွန်ခဲ့တဲ့ လ အနည်းငယ်လေးက ပြည်ပက မြန်မာတွေကြားမှာ ရေပန်းစား နံမည်ကြီးသွားတဲ့ အဲဒီအမျိုးသမီးက မြန်မာရုပ်ရှင် သရုပ်ဆောင်တဦးပါ ကြုံလို့ ဖောက်သည်ချ လိုက်ပါအုံးမယ် ယူတတ်ရင်တော့ သင်ခန်းစာပေါ့။
ဇါတ်လမ်းက ဒီလို…. ဂျပန်နိုင်ငံသား ခံယူထားတဲ့ ကိုးရီးယားလူမျိုး ဥပဒေအကြံပေး လူပွဲစားက မြန်မာပြည်က လူတွေကို ဂျပန်ကို အကြီးအကျယ် ရိုက်သွင်းတဲ့ နေရာမှာ တော်တော် နာမည်ကြီးပါတယ်၊ အဲဒီလူက ဒီက ဂျပန် ဘိုးတော်နှစ်ယောက်ကို ပိုက်ဆံရမယ် မြန်မာပြည်က လူကိုခေါ်ဖို့ စပွန်စာ ပေးရုံဘဲပြောလို့ သုံယောက်သား ဗမာပြည် သွားကြပေါ့၊ ဟိုရောက်တော့ ရုပ်ရှင်သရုပ်ဆောင် အမျိုးသမီးရဲ့ အကိုဝမ်းကွဲနဲ့ သူ့ရဲ့သားကို ဂျပန်ဝင်ခွင့်ရဖို့ အဲဒီဘိုးတော်ကဘဲ တာဝန်ယူ ရပါတယ်၊ အဲဒီ အကိုလုပ်သူက သရုပ်ဆောင် အမျိုးသမီးနဲ့ ပေးတွေ့တော့ ဘိုးတော်က တော်တော်ကြိုက်ပြီး ကြွေကာ သဘောတော် ခွေ့တော်မူ သတဲ့၊ ဟိုအမျိုးသမီးကလည်း ဂျပန်ကို ဘယ်လိုလာရလာရ ပြီးရော၊ ဒီဘူတားကြီး ဂျပန်ကို ရိုက်ကွင်းတွေ ဘာတွေအထိ လည်လည်ခေါ်သွား ဆိုတော့ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလို ဂျပန်ကလည်း အထင်ကြီးအောင်ပြော တယောက်နဲ့ တယောက် အထင်တွေကြီးပြီး အတည်ယူဖို့ အထိဖြစ်ကာ ဒီရောက် လာပါလေရော၊ ဒီရောက်တော့ ဂျပန်ဘိုးတော်က အဲဒီ အမျိုးသမီး ထင်ထားသလို သူဋ္ဌေးလဲ မဟုတ်၊ လခစား ၀န်ထမ်းလည်း မဟုတ်၊ ပိုက်ဆံလည်း မရှိ၊ ကလေးတယောက် အဖေ အိမ်ထောင်ကွဲဆိုတာသိရတော့ တလကျော်ကျော်လောက် အတူနေပြီး ထွက်ပြေးရတဲ့ အဆင့်တွေဖြစ်ပြီး နိုင်ငံရေး အသိုင်းအ၀န်းထဲက ဆလိမ် ဆရာကြီးတယောက်ရဲ့ ကိုယ်ဖိရင်ဖိ စောင့်ရှောက်မူကို ခံယူပြီး နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားရတဲ့ အခြေအနေထိ ဖြစ်သွားရသလို၊ ဂျပန်ဘိုးတော်က သက်ဆိုင်ရာတွေကို ဗီဇာ မရရှိရေးအတွက် တိုင်ကြားမူတွေကိုလည်း အဆက်မပြတ်လုပ်နေတာမို့ ရင်လေးစရာ အဖြစ်တွေနဲ့ ဘိုးသိုးဘတ်သပ်ကြီး ကြုံနေရသတဲ့၊ အင်, လက်ထပ်မယ့် မြန်မာမလေးတွေ သတိလေးထား ဆင်ခြင်ကြစေသလို၊ အင်,လက်ထပ်မူကို လုပ်တဲ့ ဂျပန်ဆိုတာ ပိုက်ဆံရှိပြီး ဂုဏ်သိက္ခာနဲ့ နေတဲ့ ဂျပန်တွေက မလုပ်သလို၊ ကိုယ့်အန္တရာယ်လေးတွေကိုလည်း ကြိုမြင် ကြစေချင်ပါတယ်။ ဗူးပေါ် ဖရုံဆင့်ပြီး အဲဒီ သရုပ်ဆောင်အမျိုးသမီးရဲ့ အကိုဆိုသူက ဂျပန်မှာ ၈နှစ်လောက် နေသွားဖူးတာ ဆိုတော့ ဂျပန်လေဆိပ်အ၀င်မှာ ပေါ်သွားတာမို့ ပြည်ဝင်ခွင့် မပေးတဲ့အတွက် သားရော အဖေရောပါ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားတာ လေးလည်းကြားသိရပါတယ်။
ဂျပန် လေဆိပ်များတွင် Fingers Print (ခေါ်) လက်ဗွေ နှိပ်ယူ မှတ်သားထားစဉ်

ဂျပန်နိုင်ငံဟာ စီးပွားရေး ရှာဖွေကောင်းတဲ့ နိုင်ငံတခုဖြစ်တာမို့ နိုင်ငံခြားသားတွေအလုံးအရင်းနဲ့ လှိမ့်ဝင်လာခဲ့ရာ ၁၉၉၀ခုနှစ်မှ စ၍ နိုင်ငံခြားသားများ လာရောက်နေထိုင်မှု တဟုန်ထိုး တိုးတက်လာခဲ့ရသည်။ ၂၀၀၄ခုနှစ် ၁လပိုင်းမှ စပြီး အိုဗာစတေး (ရက်လွန်) နေထိုင်သူ ၂၁၉,၄၁၈ဦး ရှိခဲ့ရာမှ ၅နှစ်စီမံကိန်းဖြင့် တရားမ၀င် နိုင်ငံခြားသားများကို နှိမ်နင်းခဲ့ရာ ၁၁၃,၀၀၀ အထိ ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း လူဝင်မူကြီးကြပ်ရေးဌာနမှ ဖေဖော်ဝါရီလ အတွင်းမှာ တရားဝင်ထုတ်ပြန်ကြော်ငြာခဲ့တယ်။ အဲဒီလို ဂျပန်အစိုးရမှ နိုင်ငံခြားသားများကို နှိမ်နင်းရာမှာ ရဲဌာန အကူအညီနဲ့ ဒေါက်တိုင်သုံးခု စီမံကိန်းဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြတာပါ၊ အဲဒီဒေါက်တိုင်သုံးခုစီမံကိန်း ဆိုတာကတော့ နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ တရားမ၀င်သော နည်းလမ်းများဖြင့် မလာနိုင်အောင် (Kosasenai) မ၀င်နိုင်အောင် (hairasenai) တရားမ၀င် နေထိုင်ခြင်းမရှိနိုင်အောင် (isasenai) စနစ်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါတယ်။ မလာနိုင်အောင် (Kosasenai) အတွက် တရားမ၀င် နည်းလမ်းများဖြင့် မလာနိုင်အောင် ဗီဇာကို တင်းကျပ်စွာ စစ်ဆေးမူပြုပြီး တောင်-ကိုရီးယားနိုင်ငံ အင်ချောင်းလေဆိပ်နှင့် ထိုမ်ဝမ်နိုင်ငံရှိ တာအိုယမ်း လေဆိပ်များမှ ၀င်လာမည့် သူများကို ကြပ်မတ်စစ်ဆေးမူများ လုပ်နေသလို
မ၀င်နိုင်အောင် (hairasenai) အတွက်ကို ဂျပန်သို့လာမည့်သူများကို APIS: Advance Passenger Information System ဖြင့် ကိုယ်ရေးအချက်အလက်များ သေချာစွာစစ်ဆေးပြီး နာမည်ပျက် ရှိ၊ မရှိစစ်ဆေးခြင်း၊ တရားမ၀င် နေထိုင်ခြင်းမရှိနိုင်အောင် (isasenai) ဂျပန်နိုင်ငံအတွင်း တရားဝင် နေထိုင်နိုင်ခြင်း မရှိနိုင်အောင် ဂျပန်နိုင်ငံရဲ့ နေရာ ၁၂,၃၉၁ နေရာမှာ စစ်ဆင်ရေးတွေ လုပ်ပြီး ဖမ်းဆီးမူတွေလုပ်နေတဲ့အပြင် တရားမ၀င် နိုင်ငံခြားသားများကို ဖမ်းဖို့ အိုဆာကာနဲ့ နာဂိုယာမြို့များမှာ လ.၀.က ထိန်းသိမ်းရေး အကျဉ်းစခမ်း အဆောက်အဦးသစ်များ ဆောက်လုပ်ထာြး့ပီး ၂၀၀၇ခုနှစ် နိုဝင်ဘာလမှ စတင်ကျင့်သုံးခဲ့တဲ့ ကွန်ပြုတာစနစ်ဖြင့် လက်ဗွေယူမူကို ကျင့်သုံးခဲ့တာကြောင့် အိုဗာစတေးနှင့် အကြောင်း အမျိုးမျိုးကြောင့် ဂျပန်နိုင်ငံအတွင်း နေထိုင်ခဲ့ဖူးတဲ့
ပြည်နှင်ဒဏ်ခံထားရသူများ ဂျပန်သို့ ပုံစံအမျိုးမျိုးဖြင့် ပြန်လည် ၀င်ရောက်လာနိုင်မူကို တားဆီးနိုင်ခြဲ့ပီး ယနေ့အချိန်ထိ ၈၆၄ဦး လက်ဗွေကြောင့် ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ် ခံခဲ့ကြရပါတယ်။
အောက်တိုဘာ၂၄ရက်နေ့က ဂျပန်တရားရေး ၀န်ကြီးဌာန ထုတ်ပြန်တဲ့ သတင်းတွေအရဆိုရင် နိုင်ငံခြားသား မှတ်ပုံတင်ပြုလုပ်ပြီး နေထိုင်နေကြသူပေါင်း ၂၁၅၂၉၇၃ ရှိပြီး အာရှနိုင်ငံသား ၁၆၀၂၉၈၄ ဦး၊ ဥရောပနိုင်ငံများမှ ၆၀၇၂၃ ဦး ၊ အာဖရိကနိုင်ငံများမှ ၁၁၄၆၅ ဦး၊ မြောက်အမေရိကားတိုက် နိုင်ငံများမှ ၃၉၃၈၄၂ ဦး၊ သြစတြေးလျတိုက် နိုင်ငံများမှ ၁၅၁၉၁ ဦးနှင့် နိုင်ငံမဲ့အဖြစ် နေထိုင်နေသူ ၁၅၇၃ ဦးတို့ ဖြစ်ပြီး မြန်မာနိုင်ငံသား များထဲမှ ၆၆၀၅ ဦး ၊နိုင်ငံခြားသား ကဒ်လုပ်ထားသော်လည်း ဗီဇာ မရရှိသေးသူ ၁၂၇ ဦး စုစုပေါင်း မြန်မာလူမျိုး ၆၇၃၅ ဦး နေထိုင်လျှက်ရှိတယ်လို့ သိရတာကြောင့် ကိုရီးယားတို့၊ တရုတ်တို့ထက်စာရင် တို့မြန်မာတွေ မပြောပလောက်သေးပါဘူးလို့ဘဲ ဖြေသိမ့်ကျေနပ်ရတော့မလိုလို…….
တရားမ၀င်နေထိုင်သူများလျော့ပါးရေးအတွက် တိုကျိုလူဝင်မူကြီးကြပ်ရေးဌာနမှ ကမ်းပိန်းပြုလုပ်မည့် အကြောင်း ရှင်နဂါဝါ ဘူတာတွင် စာတမ်းချိတ်ဆွဲထားစဉ်
ဂျပန်မှာ နိုင်ငံခြားသားဦးရေ အများဆုံးက ကိုရီးယား၊ တရုတ်နှင့် ဖိလင်ပင်း တို့ကအများဆုံးဖြစ်နေကြတာကိုး မြန်မာနိုင်ငံမှ ဂျပန်ကိုလာမယ်ဆိုရင် လက်ရှိ ပွဲစားပေါက်ဈေး ၁၃၀သိန်းခန့် ပေါက်ဈေးရှိနေသလို ယနေ့ လုပ်ငန်းခွင်များမှာ ဗီဇာ မရှိလျှင် အလုပ်အကိုင် အခက်အခဲများ ရှိနိုင်ပြီး ၊ သူ့လူမျိုး သူ့ဘာသာစကား မတတ်လျှင်လည်း ဗီဇာ ရှိနေသူပင် ဖြစ်စေကာမူ အလုပ်ရှာရန် ခက်ခဲမှုများ ရှိနိုင်တာကတော့ အမှန်ပါဘဲ။ ပွဲစားတွေကတော့ သူတို့အလုပ်ဖြစ်ပြီးရောဆိုတဲ့ လေသံနဲ့ ဘာမှမပူနဲ့ ပေါ့ ဒီရောက်တော့သူ့ဘာသာဖြစ်သွားမယ်လို့ဆိုကြလေရဲ့ သူတို့ပြောတာလည်း မှားမှမမှားဘဲကိုး ဒီရောက်တော့ သူတို့နဲ့မှမဆိုင်တော့တာ ကိုယ့်လမ်းကိုယ်လျှောက်ကြရတော့တာကိုး။
၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့ အထိ မှတ်တမ်းများအရဆိုရင် ကိုရီးယားနိုင်ငံသား ၂၄၁၉၈၊ တရုတ်နိုင်ငံသား ၁၈၃၈၅၊ ဖိလစ်ပိုင်နိုင်ငံသား၁၇၂၈၇၊ ထိုင်းနိုင်ငံသား ၆၀၂၃၊ ထိုင်ဝမ်နိုင်ငံသား ၄၉၅၀၊ ပီရူးနိုင်ငံသား ၃၃၉၆၊ အင်ဒိုနီးရှား နိုင်ငံသား ၃၁၂၆၊ မလေးရှားနိုင်ငံသား ၂၉၈၆၊သီရိလကာင်္ နိုင်ငံသား ၂၇၉၆နှင့် ဗီယက်နမ်နိုင်ငံသား ၂၅၂၇ဦးတို့ နိုင်ငံအလိုက် တရားမ၀င် နေထိုင်လျှက်ရှိနေသေးပါသတဲ့ မြန်မာ လူမျိုးတွေကတော့ လူဦးရေ နည်းပါးသေးတာကြောင့် အိုဗာစတေး ရက်လွန်နေထိုင်သူတွေ ရှိနေသေးသော်လည်း စာရင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး၊ တရားမ၀င် နိုင်ငံခြားသားများ ပပျောက်ရေးအတွက် ယခု နှစ်ကုန်ပိုင်းအထိ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ တရားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပြီးဖြစ်တာကြောင့် အိုဗာစတေး နှင့် အင်,ဗီဇာ သမားတွေ အတွက် အခြေအနေကတော့
ရင်ထိတ်ဖွယ်ရာဖြစ်လို့နေပါရောလား၊ ပြည်ဝင်ခွင့် ဗီဇာများ တင်းကျပ်ထားမူကြောင့်
ပြည်ပမှ ၀င်ရောက်လာသူ နိုင်ငံခြားသားဦးရေ သိသိသာသာ လျှော့နည်းသွားပေမယ့်လည်း ဂျပန်သို့ ၀င်ရောက်လာတဲ့ ရွှေမြန်မာ အရေအတွက်က သိသိသာသာ တိုးပွားလာပြီး အောက်တိုဘာလ အတွင်းရောက်ရှိလာတဲ့ မြန်မာဦးရေဟာ ၇၀ ယောက်လောက်ရှိတယ်လို့ ကြားသိရသလို ၀င်ရောက်လာသူ တော်တော်များများဟာလည်း နိုင်ငံရေးဇတ်ခုံပေါ်တွေေ၇ာက်လို့ နိုင်ငံရေးခိုလှုံခွင့် ဗီဇာတွေလျှောက် လို့ လျှောက်ထားဆဲRလက်မှတ် လေးတွေကိုယ်ဆီကိုင်လို့ (sylumလျှောက်ထားဆဲလက်မှတ်ကိုပြောတာပါ)
Rအိမ်မက်လေးတွေကိုယ်စီနဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရင်တောင် နေကောင်းလားလို့ နှုတ်ဆက်ရမယ့်အစား ကျပြီလား(နေထိုင်ခွင့်ဗီဇာ)ဘယ်လိုလည်းအခြေအနေဆိုတဲ့ အထာစကားလေးတွေနဲ့ နှုတ်ဆက်နေကြတာ ဂျပန်ရောက်ရွှေမြန်မာတွေရဲ့ ယဉ်ကျေးမူလို့တောင် ပြောရမလိုဖြစ်နေပါပြီ။

ဂျပန်နိုင်ငံမှ ပေးသော ဗီဇာအမျိုးအစားများ
ဂျပန်ရဲ့ လက်ရှိစီးပွားရေး ကျဆင်းနေမူတွေကြောင့် အလုပ်လက်မဲ့ နိုင်ငံခြားသား လေးထောင် သုံးရာကျော်ရှိနေတဲ့ အတွက် ဂျပန်ရောက်လာတဲ့ ပူပူနွေးနွေး ရွှေမြန်မာများအတွက် အလုပ်အကိုင် ရှာဖွေမူတွေ ခက်ခဲနေပြီး ဒီရောက်မှ ခေါက်ဆွဲပြုတ် တဘူးကို မနက်,ည ပေါင်းစား နေရသူတွေလည်း တွေ့မြင်လာရပါပြီ၊ တကယ်တော့ ဂျပန်မှာ နိုင်ငံခြားသားတွေကို ဗီဇာ အမျိုးအစားပေါင်း ၁၀၀ ကျော် ထုတ်ပေးထားတယ် ဆိုတဲ့ ချဲ့ကားပြီး ပြောဆိုနေကြပေမယ့် အဓိက တကယ့် အမျိုးအစားက ၇ မျိုးပဲ ရှိပါတယ်၊ ဂျပန်က အင်, လက်ထပ်မှုတွေနဲ့ ဗီဇာ ရထားသူတွေဟာ အလိမ်ပေါ်သွားခဲ့ရင် အချိန်မရွေး ဖမ်းဆီးခံရနိုင်ပြီး ရထားတဲ့ ဗီဇာပါ ပြန်အသိမ်းခံရသူတွေ၊ အခြားသော အခြားသော နည်းလမ်းပေါင်းစုံနဲ့ ဗီဇာရသူတွေ အများအပြား ရှိလာနေကြတာမို့ ဂျပန်က ဗီဇာနဲ့ ပတ်သက်ရင် အရမ်း အရမ်းကို ခက်ခဲမှုတွေ ရှိနေသေးတယ် ဆိုတဲ့အကြောင်းများ………..

Mar 13, 2009

စီစဉ်မကျတဲ့မှတ်စု

ခေါ်သံတွေရဲ့နောက်ကို တရွတ်တိုက်လိုက်ပါရင်း
နိုးလာတဲ့ မနက်တွေတိုင်း...ကော်ဖီအေးစက်စက်တွေနဲ့
လွယ်လင့်တကူ ကုန်ဆုံးခဲ့ အချစ်တဏှာတွေ....
သွားတော့မယ် ...ပြန်လာမယ်...
ငါမုန်းတဲ့ငါ..မို့....ဘယ်အခါမှ မကြေငြာဘူး..။..
တစ်ယောက်ယောက်ကိုတော့ အသိပေးခဲ့သင့်တယ်..
ဘယ်တော့မှခရေတွေ ပြန်မပွင့်တဲ့ရာသီထဲမှာလေ ...
ဘောင်မ၀င်တဲ့လောကဓံကို အံတုမနေတော့ဘူး...။..
လိပ်ပြာတွေ အခန်းပြည့်ထည့်ပိတ်ထားပြီးသားကွ..
ဟောဒီနေရာမှာ မင်းလည်း မလိုဘူး..ငါလည်း မလိုဘူး...
သတင်းလည်း မလိုဘူး...ဟင်းလည်း မလိုဘူး...
နည်းပညာလည်း မလိုသလို ထီးတင်စရာလည်း မလိုဘူး...။..
လူစာရင်းထဲမှာ ငါ့နံပတ် နောက်ဆုံးဖြစ်ပစေ...
ငါ့အဓိပ္ပါယ်နဲ့ငါ ရှင်ပြီးသေမယ်...
ငါ့အမှန်တရားကို ဘယ်နေရာရွှေ့ရွှေ့...ငါ့အမှားနဲ့လည်း ငါနေရဲခဲ့တယ်..
စိတ်ကုန်သွားရင် ဆိတ်ငြိမ်နေတာပဲကောင်းတယ်လေ...။..။

ဝတ္ဘုတစ်ပုဒ်တော့ ငါအသက်မသေခင် ရေးခဲ့မယ် ။ငါ့မှတ်တမ်း ..ငါ့အဆင့်အတန်း..ငါ့ဘဝလမ်း...ငါ့ဖြတ်သန်းမှုတွေ ... အဲဒါတွေအားလုံးကို ထင်ဟပ်မဲ့ ဝတ္ထုမျိုးကွာ ...အဲသလို အရူးအတွေးတွေနဲ့ ။ မင်းသိပါတယ် ။ဟိုကွာ...ဘာလဲ.?????..။ အဲသလိုမျိုးဝတ္ထုရဖို့ငါပျိုးထားတဲ့ ခရမ်းချဉ်ပင်တွေ အရိပ်ရမှဖြစ်မယ် ။ တစ်စုံတစ်ခု ပေါ့ ...အဲဒီအရာတွေရဲ့ အခြားတဖက်မှာ ဘာတွေရှိဦးမလဲ ...ဘာတွေဖြစ်ဦးမလဲ..ဘာတွေ လာဦးမလဲ... အဲဒီသိလိုဇောနဲ့ ငါမိုက်မဲမှုတွေကို ဇောက်နက်နက်လေး တူးဖော်ခဲ့ဖူးတယ်...။အလကားပါ တကယ်တော့ ဘာမှ မဟုတ်ပါဘူးကွာ..။ရလာဒ်တွေရဲ့ အဆုံးသတ် ဘာဖြစ်မလဲ ။ဘယ်သူမှ မဖက်လည်း ငါရေးခဲ့မယ် ။ပြီးရင် ကျနော် လက်ထပ်တော့မယ် ။ချောသိင်္ဂီရတနာကိုတော့ မှာစရာရှိတာ မှာထားခဲ့တယ်လေ ။တကယ်တော့ မင်းက ငါပြောခဲ့ဖူးသလို အရုပ်တစ်ရုပ်သက်သက်ပဲ လို့။


ငါ့နှလုံးသွေးတွေနဲ့ထုဆစ်ခဲ့တဲ့ အရုပ်မပဲ ။ငါ့မိုက်မဲမှုကြောင့် ဖြစ်တည်လာတဲ့ မင်းအတွက် အစွန်းအထင်းတွေ.. မင်းအတ္တရဲ့ အမှားတွေ ..ငါ့ကြောင့်ဖြစ်ခဲ့ရတယ်...။မင်းနဲ့ ငါ ကို ဘေးမှာ ထား ဟောဒီမှာ ကလေးတွေ ရောက်နေပြီ...။ငါ့ရဲ့ရူးသွပ်တဲ့စိတ်ကူးတွေ အတွက် မင်းလည်း မိုက်မဲသူဖြစ်ခဲ့ပါပေါ့လား..။ငါ မရည်ရွယ်ပါဘူး ကောင်မလေးရယ်............။
ငါ့ကိုချည်း မှီခိုအားကိုးမနေပါနဲ့ကွာ ။ငါ မရှိတဲ့အခါ..သို့မဟုတ်...ငါနဲ့ဝေးနေရင်..သို့မဟုတ်..ငါသေရင် မင်းငါ့လို အားကိုးစရာရှာမှာ သေချာသလိုဖြစ်နေတာပေါ့ ။မင်းဘဝမှာရော ငါ့ဘဝမှာပါ အပူအပင်တွေ အခက်အခဲ ဒုက္ခတွေရှိကြတာပဲ ။တစ်သက်လုံးကြုံတွေ့နေကြရဦးမဲ့ အရာတွေလေကွယ် ။ ။ယုံကြည်ချက်ထားပါ ။နားလည်မှုတွေအပြန်အလှန်ရှိပါ..။မင်းနဲ့ငါ နှစိယောက်ပေါင်းပြီး လောကကြီးကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်နဲ့ လက်တွဲပါ ။မင်း သို့မဟုတ် ငါ မရှိတော့တဲ့အချိန်တွေရောက်လာတဲ့အခါ သစ္စာတရားနဲ့ ရှေ့ဆက်ဖို့အားမွေးကြတာပေါ့ ။မဟုတ်ရင်တော့ သင်္ခါရလောကရဲ့ မတည်ငြိမ်တဲ့လှိုင်းတံပိုးကြား ငုပ်ချည်..ပေါ်ချည် မျောသွားဖို့ပဲရှိတယ် ။
ငါဟာ စကားပြောကောင်းသူ မဟုတ်တာတော့ အသေအချာပဲ ။ငါမွန်းကြပ်တဲ့အခါ သီဆိုဖို့သီချင်းတစ်ပုဒ် ရှိရင်ပြီးတယ် ။...

မင်းနားထောင်ဖို့တော့ မဟုတ်ဘူး ။ငါ့ကိုယ်ငါ ဖျော်ဖြေဖို့ ဖြစ်ကောင်းဖြစ်မယ် ။ဒါမှမဟုတ်...ရည်ရွယ်ရာမဲ့ ရေရွတ်နေခြင်းလည်း ဖြစ်နိုင်တယ် ။ဘာပဲဖြစ်ဖြစ် ငါ သီဆိုနေတာတော့ သေချာတာပဲ မဟုတ်လား.။


တကယ်တော့ ဘ၀ဆိုတာ ရှင်းရှင်းလေးပဲလေ ။မွေးပြီးရင် သေဖို့ရှင်နေပေါ့ ။လူတွေရဲ့ အမှားနဲ့ လူဖြစ်လာကြတဲ့လူတွေ ။မင်းလည်း အဲဒီလိုမှားနိုင်ဖို့ ကြိုးစားနေတယ် မဟုတ်လား ။ ထားလိုက်ပါတော့ကွာ ။အရေးကြီးတာပြောဖို့ ရှိတယ် ။အဲဒါကနိုင်ငံတော်အတွက် ငါတို့ ထိပ်တန်းဦးစားပေး လုပ်စရာရှိတယ် ။အဲဒါ ပညာရေးပဲ ။ဟား... ဒါတော့မှန်သွားပြီလို့ မင်းက မှတ်ချက်ပေးမယ်ပေါ့ ။အဲဒါ ငါပြောနေတာ မဟုတ်ဘူး ။ ဟိုလူ တိုနီဘလဲ ဆိုတဲ့လူက အော်တာ ။ ကျူးကျော်စစ် ခင်းနေဖို့လိုသေးလားကွာ ။ကဲ မင်းပြော...။မျိုးနွယ်စု မတူတဲ့မြေမှာ ခြေချမွေ့လျှော် အတော်နေသားကျလို့ပျော်တတ်နေပြီမဟုတ်လား ။မင်းမျိုးနွယ်စုနဲ့ နိုင်းယှဉ်ပြီးလည်း ကိုယ့်ကိုယ်ကို ကျေနပ်နိုင်ပေမပေါ့ ။ကမ္ဘာကြီးပြားသွားပတဲ့လားကွ ဟေ။မင်း ကိုယ်မင်းပဲ ပြန်မေးပါ ငါ မဖြေဘူး ။ငါတို့တွေ ဘာတွေရချင်လို့ ဘာတွေပေးနေရလဲ ။အပေးအယူ အချိုးအဆ ကိုယ့်ချိန်ခွင်လျှာနဲ့ ကိုယ် ထိုးဆချိန်ကြလေ ။အိုမင်း ဟောင်းနွမ်းပြီး ဆွေးမြေ့လှတဲ့ အကြောင်းပြချက်တွေရဲ့ အစား မင်းတစ်ခုခု ပြောနိုင်ပါတယ် ။မြုံနေတဲ့သခင်စိတ်တွေ ဘယ်သူတွေအတွက် မင်းလုပ်ကိုင်ကြိုးစားရလဲ ။မင်း အသက် ၊ဥာဏ ၊ကာယ အားတွေ ဘယ်မှာသုံးစွဲနေရလဲ ။


ငါတို့ဘာဆက်လုပ်သင့်သလဲ ။ငါလား???? မြန်မာလူမျိုးကွ-လို့ရင်ကိုကော့ ခေါင်းမော့ပြီး ဘယ်သောအခါ ပြောနိုင်မှာလဲ ။မထူးဆန်းတော့ပါဘူးကွာ ။မျိုးဆက်တွေပြောင်းပြီး မွေးတဲ့လူမွေးလာ ကြီးတဲ့လူကြီးသွား အိုတဲ့သူအိုသွား သေတဲ့သူတွေ သေသွားကြပါပြီကွာ ။မျိုးဆက်သစ်တွေ ဟောင်းသွားကြတာဘယ်လောက်ကြာနေခဲ့ပြီလဲ ။ငါနဲ့တစ်ယောက်မှ မသိပဲ ငါ့သူငယ်ချင်းပါဆိုတဲ့ စာမျက်နှာတွေကလည်း အများကြီးပဲ ။ငါလည်း မမှတ်မိတော့ဘူး ။မှတ်ထားလည်း အပိုပဲ မင်းနဲ့ငါ ဘယ်လို ရင်းနှီးနိုင်မှာလဲ ။မင်းလည်း အပေါ်ယံ..ငါကလည်း အေးစက်စက် ဆက်ဆံမှာပဲလေ...။မင်း မြန်မာပြည် ဘယ်တော့ပြန်မလဲ..။အင်း...ပြန်တော့မယ်ကွာ သိပ်မလိုတော့ပါဘူး ။ ၄၊၅ လလောက်နေရင်ပြန်မယ် ။ဟိုရောက်ရင် မင်း ဘာလုပ်မလဲ ။....ငါ လား....အဲဒါ ၂၁ရာစုက ရှေ့မကြည့်နောက်မကြည့်နဲ့ အတင်းအဓမ္မမွေးထုတ်ခဲ့ကြတဲ့ ခေတ်သစ်လူသားတွေလေ..။ငါလည်းပါတာပါပဲ..။အခုတော့ ကိုယ့်ဝမ်းကိုယ်ကျောင်း ....ကိုယ့်ဒုက္ခကိုယ်ပြောင်းထမ်းဖို့ ဒုက္ခခဲလေးတွေ မွေးထုတ်မဲ့အဖော်ရှာခဲ့ကြသပေါ့လေ ။


ဒီလိုပါပဲ..လောကကြီးမှာ ကိုယ့်စိတ်ကိုယ်မထိန်းနိုင်သေးတဲ့ အိုကြီးအိုမတွေများလာသရွှေ့ ကိုယ့်ကိုယ်ကို ဘာမှန်းမသိတဲ့ အနာဂတ်မျိုးဆက်လေးတွေ ပေါက်နေကြဦးမှာပဲ ။စပ်ဖြဲဖြဲလေတွေ တိုက်ခက်နေလေ၏။၎င်းပူလောင်အိုက်စပ်သောရာသီကို နွေဟုခေါ်၏။အချစ်သည်လည်းကောင်း အမုန်းသည်လည်းကောင်း ပူလောင်အိုက်စပ်သည် ။ခြံဝင်းမခက်ပဲ ခြံတံခါးသာထားသောကြောင့် နွား၊ဆိတ်၊ကြက်၊ ဝက်..တို့အလိုအတိုင်း ဝင်ထွက်သွားလာကြသည် ။ ဤပန်းချီကားကို လူ့စည်းဟု အမည်ပေးထား၏။ပန်းချီကားကို ကြည့်ပြီး တရှုံ့ရှုံ့ငိုနေတဲ့ ကိုဝင်းဗိုလ်က သူ့ရဲ့အထီးကျန်ဘဝ ဖြစ်တည်လာပုံကို အရက်မူးတိုင်းရှုင်းပြတတ်၏။အဲဒါကြောင့်ပြောတာပေါ့ ကိုဝင်းဗိုလ်ရာ ။ခင်ဗျား အဲသလောက်နောင်တတွေ မသောက်ပါနဲ့လို့ ။ကျနော်လည်းသောက်တာပါပဲဗျာ ။အခုတော့ အဲသည်နောင်တတွေက ခင်ဗျားကို စားသုံးနေပြီမဟုတ်လား ။


နင် လိမ်လိမ်မာမာ နေပါဟာ လို့ပြောခဲ့တဲ့ ချစ်သူရေ...။ငါ့အမှားက ငါ့ဘဝကိုခြောက်ခြားစေခဲ့ပေမဲ့ ငါ့နှလုံးသားကိုတော့ အစွန်းအထင်း မခံခဲ့ဘူးလေ ။နင်အခု လိမ္မာပြီလား ။ ငါကတော့ အရင်က နင်သိခဲ့သလို မိုက်မဲတဲ့လူတစ်ယောက်အဖြစ် မပြောင်းမလဲ ရှင်သန်နေဆဲပါကွယ် ။...နောက်မနက် တစ်ခုထဲ ရောက်လာတော့ မင်းရဲ့ကျဉ်းမြောင်းလှတဲ့ အခန်းနဲ့ ဘေးကပ်လျက်ကလူတွေရဲ့ အနံ့အသက်တွေကြောင့် စိတ်မသက်မသာ ဖြစ်နေလား ။လိုချင်တက်မက်မှု ရေရေရာရာ ဘာမှမရှိတဲ့မင်းက တစ်ယောက်ထဲနေချင်ပြီး တစ်ယောက်ထဲသေမဲ့ကောင် ။မင်းရဲ့ တုံးတိတိ အဘိဓမ္မာနဲ့လူတွေ ထပ်တူမကျရင်လည်း စိတ်ပျက်လက်ပျက် ညည်းမနေပဲ ပျော်သလိုနေတတ်သေးတယ် ။လူသားဆိုတဲ့အထဲမှာ အထီးအမ သဘာဝ ကွဲကွဲပြားပြား ရှိတယ်လို့ အမြင်ရှိနေသူမို့ ယောက်ျားတစ်ယောက်ရဲ့အဇ္ဇတ္တမှာ မိန်းမရဲ့လက္ခဏာတွေ ကိန်းဝင်နေတာတွေ့ရင် မင်းက စက်စုပ်ရွံရှာသေးတယ် ။ကိုယ့်အကြောင်းကိုယ်ပဲ စိတ်ဝင်စားပြီး ကိုယ့်အမှားကိုယ်ပဲ ရေတွက်နေတတ်တယ် ။တကယ်တော့ လောကကြီးဆိုတာက ဘာကိုမှ ရွေးချယ်ခွင့်မရတဲ့နေရာပဲလေ ။ အနုစိတ်ခံစားတတ်သလို ဥပက္ခာနဲ့လည်း နေတတ်တယ် ။ခန္ဓာကိုယ် ၊ စိတ်နှလုံးနဲ့ ဦးနှောက် အဲဒါတွေ တစ်ခုခု လှုပ်ရှားရုန်းကန်နေရမှ နေသာထိုင်သာရှိသူ..။ပြဿနာတွေနဲ့ မွေ့လျှော်နေသူ ။ လူ့ဘဝဆိုတာ စူးစမ်းစရာလို့သာ မြင်နေဆဲမို့ မင်းဆီကို ဘယ်လိုအရာလာလာ တုန်လှုပ်ဖို့အကြောင်း မရှိတတ်ဘူး ။


မကြာမကြာ ဂဏှာမငြိမ်နဲ့ ပေါက်ကရတွေ လုပ်တတ်သူ ။တောင်ထိပ်ပေါ်တက်ပြီး ခုန်ချလိုက်သလိုလှပ်ခနဲ၊အေးကနဲ စိတ်လှုပ်ရှားမှုမျိုးတွေနဲ့ အသားကျနေပြီလေ ။အဲသလို ခေါင်းလား ပန်းလား မသိ...စမ်းတဝါးဝါး လမ်းသွားနေသူမို့ နောက်ဆံတင်းပူပင်နေရမဲ့ အိမ်ထောင်သားမွေး ကိစ္စတွေ ရှောင်နေတာမို့လား ။ဆက်လက်ပြီး စူးစမ်းရှာဖွေရန်တွေ အများကြီးကျန်နေသေးတာမို့ ဘုရားသခင်ဆီမှာ အသက်ပိုပေးဖို့တောင်းဆိုနေသူပဲလေ ။ကျနော်လည်းခင်ဗျားလို စမ်းသပ်ကြည့်ဖို့ မကြောက်တရားနဲ့ အကြောက်တရားတွေကို ကုလားဖန်ထိုးလိုက်ပါဦးမည် ။


နိဂုံး.....။ ။ခင်ဗျားကို ကြုံလို့ပြောရဦးမယ် ။စာရေးတယ်ဆိုတဲ့အလုပ်က လွယ်တာမဟုတ်ဘူးဗျ ။ခင်ဗျား စာလုံးတွေ စာမျက်နှာပေါ်ရောက်နေရင်ပဲ စာရေးနိုင်တယ် ထင်နေတာကိုး ။အင်း..ဘယ်လိုပြောရမလဲ ။အာရုံလာမှ ဗျ ။ဟုတ်တယ်...အဲ..အာရုံပေါ့ဗျာ ။ခင်ဗျားက ကျုပ်ကို လုပ်နေတဲ့အလုပ် ကြီးကျယ်အောင် တန်းတင်နေတယ်လို့မြင်မှာပေါ့ ။စာရေးဖြစ်ဖို့က အချိန် ၊ ဦးနှောက် ၊နှလုံးသား ၊လက် ၊မျက်လုံး...နောက်နောက်..အများကြီးလိုတယ်ဗျ ။ငါ့ခရမ်းချဉ်ပင်တွေက ဆောင်းရာသီ သီးနိုင်ပေမဲ့ ငါ့စာတွေက ဘယ်နေ့ အန်ထွက်မယ်ဆိုတာ ကြိုမသိနိုင်လို့ပါ ။ကျွန်ုပ်၏ ဤစာမျက်နှာသည် နာဂစ်မုန်တိုင်းဝင်ပြီးစ ရွာတစ်ရွာနှင့် ဆင်တူရိုးမှားရှိလေ၏။ တုပပြိုင်ဆိုင်ခြင်း မဟုတ်ရပါလေ ။ကျွန်ပ်၏ အနီးအနား တဝိုက်တွင် သစ္စာနီနှင့် ဇော်ဇော်အောင်တို့၏ စာအုပ်များရှိ၍ ဤလူနှစ်ဦး၏ စာအုပ်စင်၌ ဘာသာရေးစာအုပ်များရှိပေသည် ။ဤသည်ကို မယုံကြည်ပါက မိမိကိုယ်တိုင် ဆက်သွယ်မေးမြန်းပါလေ ။


Mar 2, 2009

မင်းမသိတဲ့ အာရှသား


အားတဲ့အချိန်လေး အားပါးတရ ၀င်ရေးလိုက်ပါရစေ ။ကိုယ့်BLOG ထိုင်ကြည့်ပြီးရေးနိုင်တဲ့သူတွေထဲမှာ မပါလို့ အရေးအသားက ခပ်ကျဲကျဲပါးပါးလေးပါ ။ဒါပေမဲ့ မနေနိုင်တဲ့အခါတော့ ပြောဖြစ်အောင် ပြောတတ်ပါတယ် ။ အခုတစ်လော ကြားနေရတဲ့ အခွေသစ်လေ ။ကြက်ရိုးဆိုလား ..ငှက်ရိုးဆိုလား..အဲဒီ...အရိုးရေးတဲ့ အာရှသားလူလည်ဆိုတဲ့သီချင်းလောက်တော့ ကျုပ်တို့ကပျင်းဖို့တောင်ပျင်းတယ်ကွလို့ပြောရမလိုပဲ... ။မင်းမကျေနပ်လို့ယှဉ်တေးစပ်မယ်ဆိုလည်း အချိန်မရွေးပဲ သွေးမနည်းတဲ့သူတွေ အများကြီးရှိတယ် ။ဘ၀ပေးအခြေအနေအရ ပုဆိုးမရှိလို့ မင်းသားကမကရတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ နားလည်ရမှာ..။တချို့ကောင်တွေကတော့ ဘာမသိညာမသိ လူတွင်ကျယ်လုပ်အဓိပ္ပါယ်ဖွင့်ဆိုချက်တောင် ရှင်းပြတာတွေ ဘာတွေ...နဲ့ ချပြကြတယ် ။ခနော်ခနဲ့..နဲ့...ဟိုကောင့်ကိုကြည့်မရသလို ...ဒီကောင့်ကြည့်မရသလို...ရိထေ့ထေ့ သီချင်းနဲ့ လူကြားအောင်အော်နေလည်း မင်းက ကျန်နေတော့မှာဆိုတာ သတိမထားမိဘူးထင်ပါ့ ။ပြည်တွင်းမှာ အလုပ်လုပ်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ခက်တာ နားလည်နေလျက် ဒီလို ရိထေ့ထေ့လုပ်ချင်တဲ့ကောင်...။ ပြောစရာရှိတာ ရေးစရာရှိတာကို ဟာသနှောပြီး နားဝင်အောင် ပြောတာမျိုးလက်ခံနိုင်တယ် ။ အောက်ခြေလွတ်သွားတဲ့ အူကြောင်ကြောင်ကောင်တွေကို ပြောချင်လည်း ရှင်းအောင် ရေးလို့ရတယ် ။ဟိုလိုလို ဒီလိုလို ၀ါးလုံးသိမ်းရမ်းတာမျိုးတော့ ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး ။ငါရေးတာက ငါ့အမြင်ပဲ ..ဘာကိုမှ ကိုယ်စားမပြုဘူး..။...ပြည်တွင်းမှာ ဘယ်လိုမှလုပ်စားလို့မရလို့ အပြင်ထွက် ငွေရှာရတဲ့ ဘ၀တွေကို သရော်သလို စော်ကားတဲ့ကောင်လောက်တော့...နွေလှိုင်ဿုန်းလို့.... ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ကောင်က မင်းကို အနုပညာသမားစာရင်းက လစ်လျှူရှူ့ထားလိုက်ပြီဆိုတာ နားလည်ထားပေါ့ ။နောက်တစ်ခု... အရှက်မရှိပဲ သီချင်းမမည်တဲ့သီချင်းဆိုတာတွေကိုလည်း Online ပေါ်မတင်ဘူးကွ နားလည်လား.. ။ကိုယ့်အဆင့်ကိုယ် နားလည်နိုင်အောင် အရင်ကျင့်ဦီးကွ..။မင်းအချိန်တွေ သိပ်ပိုနေရင် ရင့်ကျက်အောင် လေ့ကျင့်နေပေါ့ ။...အသက်မွေးဝမ်းကျောင်းမှု...အင်း ...ဘာပြောရမလဲ ။ဒီဇယ်ဆီ ပီပါလိုက်ရောင်းတာကို တစ်ပီပါမှာ ဓာတ်ဆီ ၅ ဂါလံလောက်ရောရောင်းတာ ဘာဖြစ်လဲ...။ကိုယ့်စီးပွားကိုယ် လုပ်တာပါပဲ....ကဲ...ဘယ်လိုလုပ်မလဲ...။အင်း ကမ္ဘာ့လူဦးရေ အဆမတန်တိုးပွားလာလို့ ငါ့တို့အိမ်ထောင်ပြုမဲ့အရေးပျက်ရမလား..။အိမ်ထောင်ပြုတာက ပြုတာပါပဲ... ငါ့မှာGtalk girlfri တွေအများကြီးပဲလေ...ကြူစရာ ကျုံးစရာ တွေက အများကြီးကျန်ရှိနေသေးတာပဲ ။နည်းနည်းလောက်လူသိသွားတာလောက်တော့ ငါလိုသောက်ရှက်မရှိတဲ့ကောင်အတွက် အေးဆေးပဲလေ...။မင်းလိုနောက်ပေါက်ဂွတီးဂွကျကောင်က ဖြဲနေလည်း ငါ့အတွက်ဆော်တွေနဲ့ လူပေါလေးတွေ အများကြီး အများကြီး ကျန်နေဦးမှာကွ ။တက်လာနေဦးမှာကွ...ဟင်းဟင်း....။...ဒီလိုပဲ လူဆိုတာ တဏှာနောက်လိုက်ရင်း အတ္တတွေဦီးစားပေးကြရင်း.....လောဘတွေဦးစားပေးရင်း....မောဟတွေ ဖိစီးရင်း ....အခုတော့ ..ကမ္ဘာကြီး ဒုက္ခတွေပြည့်လျှံရင်း... ဒီလိုနဲ့ပဲ...စိတ်ပျက်စရာ လူ့အောက်ခြေမဲ့ကောင်တွေ ပေါလာတာပဲပေါ့ ။ ပျိုမြစ်တက်ကြွနေခဲ့သော လူငယ်လေးတစ်ယောက်.....အခုတော့ အုံ့မှိုင်းတုံ့နှေး လေးကန်အတွေးများစွာဆူနေတဲ့ လူကြီးတဲ့ ။မင်းပြန်ရဦးမလား....စွန့်လွတ်ခဲ့ရတာမဟုတ်ဘူး ။အဲဒါ ကုန်ဆုံးသွားပြီးသား အသက် ။အသက်နဲ့မှီအောင် ရင့်ကျက်မှုမရှိခဲ့တော့လည်း အရွယ်နဲ့ ရုပ်ကိုမှုန်တေတေ ထားပြီး လူလေးစားအောင် ပေါက်ကရတွေရေး ၊ပြော ၊လုပ် ...နေလည်း သိတဲ့လူတွေက ကြည့်ပြီးပြုံးချည် ဟားချည် လုပ်နေရမယ်ဆိုတာ နားမလည်ဘူး ။ ဘယ်နေ့သေမှာလဲ ဆိုတာလည်း မင်း မတွက်ပါဘူး ။ အပိုမပြောနဲ့ ကိုယ့်အကြောင်းကို ကိုယ်သိအောင် လေ့ကျင့်ပေါ့ကွာ ။လူသိများတာနဲ့ ရင့်ကျက်တာ ဘာမှမဆိုင်တာ နားလည် ။ ဘာမှမဟုတ်တဲ့ကောင်က မင်းကိုပြောတယ်ဆိုတော့ မင်းက တင်းချင်မှာပေါ့ ။ဟင်းဟင်း.... မင်းထက်တော့ အောက်သက်ကြေတယ်ဆိုတာ နားလည်အောင်ကြိုးစားထားပေါ့ ။............
ဇော်ဇော်အောင်နှင့် အနုပညာ ဝေဖန်ရေးစက်တင်္ဘာ ၂၃၊ ၂၀၀၈ - ဒီတပတ် အနုပညာမိုးကောင်းကင် အစီအစဉ်မှာတော့ ဝေဖန်ရေးနဲ့ ပါတ်သက်ပြီး တင်ဆက်ပေးမှာပါ။ ဝေဖန်ရေးဟာ အနုပညာကိစ္စတွေမှာ သာမကပဲ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုး ရေးမှာပါ အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အကြောင်း၊ မြန်မာ့အနုပညာ လောကမှာရော မြန်မာ့လူမှုအသိုင်းအ၀ိုင်း မှာပါ စံနစ်ကျတဲ့ ဝေဖန်ရေး ထွန်းကားမှု အားနည်းနေတယ်လို့ စာရေးဆရာ ဇော်ဇော်အောင်က ပြောပါတယ်။ ဆရာဇော်ဇော်အောင်ဟာ တက္ကသိုလ်မှာ မြန်မာစာပေနဲ့ ဝေဖန်ရေး ပညာရပ်ကို သင်ကြားပို့ချခဲ့တဲ့ ဆရာတဦး၊ လက်ရှိလည်း အနုပညာစံနှုန်းတွေ၊ ကမ္ဘာ့စာပေရေစီးကြောင်း တွေကို မိတ်ဆက်ပေးနေသူတဦးလည်း ဖြစ်ပါတယ်။ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားတာပါ။

မျှော်လင့်ချက်တွေ ရပ်လိုက်တော့လေ
ဒီလောက်ဆို နာကျင်ခြင်းအတွက် လုံလောက်ပါပြီ
အချိန်တန်တော့ ဘ၀ပေးကုသိုလ် အတိုင်းတွေ့မှာပေါ့

ဘ၀ဆိုတာ ဘယ်လိုလူတွေဘာကောင်တွေပဲဖြစ်ဖြစ်
အဆုံးသတ် သေခြင်းနဲ့ အပြီးသတ်ရမှာပဲလေ ။
တစ်ခုတော့ ရှိတယ် ....
ရေရှည်ခံတဲ့အရိပ်ကောင်းနဲ့
ယုတ်ခနဲ့ပျောက်ပျယ်မဲ့ထင်ယောင်ထင်မှားအတုအယောင်...
ပျိုမြစ်ခြင်းတွေကျော်လွန်ရင် ဇရာဘက်နှင်းလျှောက်လိုက်
နောင်တမရနဲ့ အိုကြီးအိုမနဲ့ မင်းအတွက် အထီးကျန်မှုတွေထဲမှာ

မင်းမက်ခဲ့တဲ့ စံချိန်ညွှန်းမိန်းမပျိုတွေကလည်း
သူတို့လိုရာတွေးကြရွေးခဲ့ကြတာပဲမဟုတ်လား....။.....

ရှာဖွေခြင်းလမ်းကို ကျောခိုင်းစွန့်ခွာတော့ ကိုယ့်ကိုယ်ပြန်သုံးသပ်ပေါ့...
ဟောဒီ လူသားအဖြစ်မှာ....ငြီးငွေ့ခြင်းကို တည့်တည့်ကြီးရင်ဆိုင်ရခြင်းက ဘယ်လောက်ခက်ခဲလိုက်ပါသလဲ ။ ဖျော်ဖြေရေးတွေ ပိုမိုများပြားလာတော့ ပျင်းရိခြင်းက ဟားတိုက်ရီမောရဲ့ ။ လူသားတွေ သူ့ကိုလွန်ဆန်နိုင်ဖို့ အသေအကြေကြိုးစားနေကြတာလေ ။တချို့က လမ်းလျှောက်တယ် ။ တချို့က ရေသောက်တယ် ။ တချို့က အလုပ်လုပ်တယ် ။ တချို့က ဆေးလိပ်သောက်တယ် ။ တချို့က ရည်းစားထားတယ် ။ တချို့က အရက်သောက်တယ် ။ တချို့က တွေးတောစိတ်ကူးတယ် ။ တချို့ကတော့ အချိန်ကြာတာနဲ့အမျှ အရူးရင့်ကြတယ် ။တချို့..တချို့...က..တချို့..... ။တစ်ခါတစ်ရံမှာ................နာကျင်နေရခြင်းကပဲ ဘ၀မှာ မောင်းနှင်အား အဖြစ်ဖန်ဆင်းနေလေသလား....???? ။ ငါ့အမှန်တရားကိုခင်းကျင်းပြဖို့ ဂုဏ်သိက္ခာရှိတဲ့နှစ်တွေ အသေသတ်ခံရသည့်တိုင် အကျွန်ုပ်ဆိုသောသူမှာ အမှတ်မရှိမိုက်လုံးကြီးလှ၏။ အဲဒီအကြောင်းကိုပဲ ထပ်ပြောရတာ ယောက်ျားတစ်ယောက် ငါ.......ရှက်သည် ။ ၀ဋ်ကြွေးကလည်း ကြီးတယ် ။ ကိုယ့်မီး ကိုယ်ပျိုးပြီး လွန်လွန်ကျူးကျူးလေး လောင်ကျွှမ်းပစ်လိုက်တယ် ။ ဒါပေမဲ့ တသက်စာ မက အိမ်မက် မက်ခွင့် မရှိရဘူးလား ......ပြောပါ ။၁ နှစ်မှာ ၁၀ လ အခမဲ့နာကျင်ရူးသွပ်ပွဲကြီး ခင်းကျင်းပြသခဲ့ရပြီးတာကို အားမရဘူး ။တစ်သက်စာရူးမဆုံးအောင် နွယ်နေတုန်းလား ။အဲဒီဒုက္ခမှာပဲ ကျင့်သားရပြီး နေပျော်နေပြီလား မသိ ။ ကိုယ် ကိုယ်ကို ၀ှက်ပြီး သီချင်းနဲ့ အန်ထုတ်ရတာလည်း ရေရှည်တော့ မကောင်းနိုင် ။ ဒဏ်ရာတွေ ပြန်မနွေးပဲ အေးခဲစေတာ သက်သာမယ် ။ သီချင်းဆိုတာ ရင်းတွင်းပေါက်ကွဲမှုရဲ့ သီးသန့်ကမ္ဘာက ခံစားချက်လွယ်အိတ် တစ်လုံးပါကွယ် ။ဒါပေမဲ့ ငါတို့အဖြစ်အပျက်တွေ ခြုံငုံပြည့်စုံစေမဲ့ သီချင်းမျိုးတော့ မွေးဖွားဖို့မဖြစ်နိုင်တော့ပါဘူး ။ဒီလိုနဲ့ပဲ....

ထပ်ပြီးစိတ်ကို အလိုမလိုက်တော့ဖို့ ရောဂါတွေက တောင်းဆိုလာကြပေါ့ ။ရေးစရာရှိတာတွေ ရေးလို့ ပြောစရာ ရှိတာတွေ ပြောဖို့ကျန်နေပါစေတော့ ။ ကြယ်တံခွန် တစ်လင်းစာ ဘ၀မှာ ငါရော နင် ပါ ...ကြီးပြင်းသေဆုံးဦးမှာပါ ။ ဒီခေတ် ဒီလှိုင်းထဲမှာ ပျော်ဝင်စီးဆင်းပြီး အဆုံးသတ်ဖို့ ငါတို့ အကြောင်းရှိခဲ့တယ် ။ငါတို့ ရှင်သန်ရမယ် ။ ရုန်းကန်ရမယ် ပြီးတော့ ...သေဆုံးရမယ် ။အခုထိ အလင်းမသိတဲ့ဝေဒနာတွေနဲ့ လမ်းမမြင်၊ကမ်းမမြင် လျှောက်ဆဲမို့ နောက်ဆုတ်ဖို့ မတွေးတော့ဘူးကွယ် ။


ငါရှေ့ဆက်မယ် ။မင်းလိုက်ခဲ့ချင်လိုက်ခဲ့ မလိုက်ခဲ့ချင်လည်း ငါမတားဘူး ။မင်းသဘောပဲလေ ။ငါတို့က လူ့ဘ၀ကို လူတွေအပေါ်ကနေဖို့သက်သက် ရှင်သန်နေတာမှ မဟုတ်တာ ။လူပေါတွေနဲ့တော့ လာမနှိုင်းနဲ့ ။အောက်ခြေမလွတ်တာတော့ အသေအချာပဲ ။လေသံမြှင့်ပြီးလေထဲလွင့်နေတဲ့ကောင်တွေ မဟုတ်ဘူး ။ ဘေးကကြက်တွေ ခြေပြင်းနေကြတော့လည်း အဲဒီအထဲ ငါမပါရဲတော့ဘူး ။ လူဆိုတာ သေဖို့ရှင်ရတာပဲ ။အဲဒီကြားထဲ ကိုယ်ဆက်သွားမဲ့လမ်းကို ကိုယ်ရွေးကြတာလေ ။နောက်ထပ် ဘယ်လို ဘ၀နဲ့ ခရီးဆက်မလဲ ။မင်းကိုယ်မင်း အသိဆုံးပဲ ။

ဇော်ဝင်းထွဋ်က ဂျစ်ပစီမိုးတိမ် တစ်ခွေပဲ ဆိုခဲ့ပြီး ................လေးဖြူကလည်း လိပ်ပြာ တစ်ခွေပဲထွက်ခဲ့တယ် ....။ဘ၀ရဲ့ပြဌာန်းချက်.........ဘယ်မလဲ...ဘာလဲ ။ငါဆိုတဲ့ လူတစ်ယောက်ရဲ့ အနှစ်သာရ.........အထွဋ်အထိပ် ပြဌာန်းချက်.....။ငါ့ဘ၀ ငါ့အတ္တရဲ့နောက်ဆုံးခရီး.....ဘယ်လိုပြီးမှာလဲ ။ဒွိဟလမ်းမထက်က ငါ့စကားတွေကတော့ လေထဲမှာပဲ သူလို ငါလို ပျက်ပျယ်သွားမှာပါပဲ ။၇ တန်းနှစ်သားဘ၀တည်းကသီချင်းတွေ နဲ့ကျောင်းပွဲတွေမှာ မြူးကြွခဲ့တာ... ဂီတာတီးပျော်ခဲ့ကြ....ကိုယ်ပိုင်သံစဉ်တွေရှာ ရေးခဲ့ရ.....အဲဒီအတွက်နဲ့ပဲ ငါ့ဘ၀က အချိုးအဆစ်တွေ များခဲ့ရတယ် ။အဲဒီလိုနဲ့ အရင်းအနှီးကြီးခဲ့တယ် ။ဒါပေမဲ့ ....ငါ ဘာဖြစ်ခဲ့သလဲ မေးရင် ဘာမှ မဖြစ်မြောက်ခဲ့ဘူးလို့ ဖြေရမယ် ။ ဖြစ်ခဲ့တာ သိခဲ့တာ ရခဲ့တာကတော့ ငါ့သမိုင်းနောက်ခံ ပန်းချီကားတစ်ခုလေ ။မိုက်မဲမှုတွေပြုခဲ့ပါတယ်ဆိုလည်း ဒါဟာ ငါ့မှတ်တမ်းပါပဲ ။ ဘာကိုမှ ဖုံးကွယ်နေစရာ အကြောင်းမရှိ ။ ဖြတ်သန်းခဲ့ရပုံချင်းမတူ တွေ့ကြုံရင်းနှီးရပုံချင်း မတူလို့ ဝေဖန်ထိုးနှက်မယ်ဆိုလည်း မင်းအလိုပဲပေါ့ ။ငါကတော့ ငါ့လမ်း ငါဆက်လျှောက်နေမှာပဲ ။မင်းသိထားတဲ့ ဘ၀အကြောင်း လုပ်ကိုင်ရန် ကျန်ရှိနေသေးတဲ့ အချိန်တွေနဲ့ အမှုကိစ္စတွေ အရာရာ ခြားနားကောင်း ခြားနားမယ် ။သေကြရမှာကတော့ အတူတူပဲ ။


Jan 19, 2009

ဝှက်ဖဲများနဲ့ တိုက်ခိုက်ခံရသည့် Underground Hip-Hop



The New Era Journal: "19 January 2009

ဂျောက်ဂျက် ၀န်ခံကတိထိုးရ ဆင်ဆာမဲ့ခွေနှင့် မပတ်သက်ဟု ပြော
NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉
line


Bi Weekly Eleven ဂျာနယ်က ရေးသားသည့်သတင်းကြောင့် ဟစ်ဟော့အဆိုရှင် ဂျောက်ဂျက်အား စာပေစိစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ခေါ်ယူ၍ ခံဝန်ကတိလက်မှတ်ထိုးခိုင်းကြောင်း ဟစ်ဟော့သတင်းရပ်ကွက်က သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ (၁၅) ရက် ဈေးကွက်တွင်း ဖြန့်ချိခဲ့သော အဆိုပါဂျာနယ်တွင် “မြန်မာ့ယဉ်ကျေးမှု အစဉ်အလာနှင့် လူနေမှုစနစ်အား ထိခိုက်နိုင်သော ဆင်ဆာမဲ့ မြန်မာသီချင်း ညစ်ညမ်းခွေများ သိန်းနဲ့ချီထိ ပျံ့နှံ့လျက်ရှိ၊ နာမည်ရလူငယ်အဆိုတော်အချို့နှင့် တီးဝိုင်းအချို့ ပတ်သက်မှုရှိ၊ ဖန်တီးသူ ထုတ်လုပ်သူ၊ ဖြန့်ချိသူနှင့် လက်ဝယ်ထားရှိသူ မည်သူမဆို ဆင်ဆာဥပဒေ၊ ညစ်ညမ်းဥပဒေနှင့် အရေးယူခံရနိုင်” ခေါင်းစဉ်ဖြင့် ရေးသားထားခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ကာယကံရှင် ဂျောက်ဂျက်အား ဆက်သွယ်မေးမြန်းရာ ၀န်ခံကတိ ထိုးရသည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော် အဆိုပါသတင်းတွင် ပါသော ၎င်း၏သီချင်းများအား အခွေအဖြစ်ထုတ်၍ ရောင်းချသူမှာ မိမိနဲ့ မပတ်သက်ကြောင်း၊ လောလောဆယ် သီချင်းခွေထုတ်ခြင်းကို ရပ်ထားရကြောင်း ပြောသည်။

စာပေစိစစ်ရေး၏ ၀န်ထမ်းတဦးက “ကျမတို့ စာပေစိစစ်ရေးရုံးကတော့ ဂျောက်ဂျက်နဲ့ ပတ်သက်တဲ့ အင်တာဗျူး၊ သတင်း၊ ဆောင်းပါးတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတယ်” ဟု ဆိုသည်။

ဟစ်ဟော့ နှစ်သက်သူ လူငယ်တဦးက “ဝေဖန်ရေးလုပ်တယ်ဆိုတာ ဝေဖန်မယ့် Subject ကို နားလည်မှ ဝေဖန်သင့်တယ်။ နိုင်ငံတကာမှာ ဟစ်ဟော့တွေရဲ့ သီဆိုမှုဟာ မကျေနပ်တာတွေ၊ စိတ်ထဲရှိတာတွေကို ပေါက်ကွဲတာပဲ။ အာဖရိကက လူမည်းတွေဆီကတဆင့် ဒီ ဟစ်ဟော့ဂီတဆိုတာ စီးဝင်လာခဲ့တာ လူသားတွေကြားကို၊ ဒါ တော်လှန်ရေးဂီတပဲ။ ဂျောက်ဂျက်သီဆိုတဲ့ ဟစ်ဟော့မှာ ညစ်ညမ်းတာပါတယ်၊ ဟုတ်တယ်၊ ဒါ သူ့အသိုင်းအ၀န်းနဲ့ နီးစပ်တဲ့ အရာတွေထဲက သူရထားတဲ့ အတွေ့အကြုံပဲ။ ဘာပဲဖြစ်ဖြစ် ဒီလို သီဆိုမှုတွေကို ဂျောက်ဂျက် တကောင်တည်း ဆိုတာမဟုတ်ဘူး။ မြန်မာ Underground သီဆိုခဲ့သူတွေ၊ ခု နာမည်ရနေတဲ့ ကောင်တွေလည်း လုပ်ခဲ့တယ်။ ဂျောက်ဂျက်က အခုမှ အဆိုတော်တောင် မဖြစ်သေးဘူးဗျာ၊ ဒီကောင့်တယောက်တည်းကို ပစ်မှတ်ထားသလိုဖြစ်နေတဲ့အတွက်တော့ ကျနော် စိတ်မကောင်းဘူး” ဟု ပြောသည်။

ဟစ်ဟော့ တေးသံရှင်များစွာရှိသည့်အနက် ဂျောက်ဂျက်အား လူငယ်အများ နှစ်သက်ကြကြောင်း၊ ဟစ်ဟော့နှစ်သက်သည့် လူငယ်များ၏ ပြောဆိုမှုကို ကိုးကား၍ သိရသည်။

ဂျောက်ဂျက်သည် ဟစ်ဟော့လောကထဲသို့ ၂၀၀၄ ခုနှစ်က စတင်ရောက်ရှိလာကာ Underground အခွေများ ဝေပြီးချိန်မှစ၍ နာမည်ရလာပြီး VIP အဖွဲ့တွင် Ah.Boy၊ ထိန်ဝင်း၊ ကျော်ထွဋ်ဆွေတို့နဲ့အတူ သီဆိုသူတဦးဖြစ်သည်။

Rock Star အဖြစ် ပြောင်းလဲလိုက်ကာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ အကုန်တွင် တေးစီးရီးထွက်ရန် ရှိကြောင်း၊ ယခု အဆိုပါ တေးစီးရီး ထွက်လာနိုင်တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

ဂျောက်ဂျက်၏အမည်ရင်းမှာ ဇင်မင်းလွင်ဖြစ်ပြီး အသက် (၂၂) နှစ်ခန့်သာရှိကာ တရုတ်-ဗမာ ကပြား လူမျိုးဖြစ်သည်။ ရန်ကုန် ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူဖြစ်သည်ဟု ရုပ်ရှင်အမြုတေမဂ္ဂဇင်းအရ သိရသည်။





ကျနော်ဒီသတင်းကြားကတည်းက ရေးဖို့စိတ်ကူးရှိပေမဲ့ အခြေအနေအရ မရေးနိုင်ခဲ့ပါဘူး ။ဒီနေ့တော့ အချိန်လေးရလာတာရယ်၊ သူ့ကိစ္စကို သတင်းတွေမှာပါ တော်တော်ပျံ့နှံ့လာတော့ ကျနော့်ကိုယ်ပိုင်အမြင်ပါရေးဖို့စိတ်ကူးရလာလို့ရေးဖြစ်တာပါ ။
အခုလက်ရှိမြန်မာပြည် ဂီတလောကအခြေအနေဟာ ပျက်စီးနေပြီလို့ပြောလို့ရပါတယ် ။ထုတ်လုပ်သူတွေ ဘယ်လိုမှ နလန်မထူနိုင်အောင် ခိုးကူးတွေက တားမရဆီးမရ မှိုလိုပေါနေတာပါပဲ ။ဒါကလည်း ပရိသတ်ရဲ့ အနေအထားတစ်ခုပါ ။အနုပညာကို မြတ်နိုးတန်ဖိုးထားတဲ့သူတွေရဲ့ ၀င်ငွေအဆင့်အတန်းပါပဲ ။ တရားဝင်ခွေတစ်ခွေထွက်ဖို့ကလည်း ကုန်ကျစရိတ်ကြီးတာ အားလုံးအသိပါ ။အခုကိစ္စက ဂျောက်ဂျက်ရဲ့သီချင်းတွေပျံ့နှံ့ပုံမှာ Online ကပြန့်တာနဲ့ခိုးကူးအရောင်းသမားတွေဖြန့်တာ.. ဒီ၂ ခုပါပဲ ။Online က ရတာကတော့ ပြည်တွင်းထက် ပြည်ပမှာ ပျံ့နှံ့အားပိုများမှာပါ ။ဒီကို သူတို့ဘယ်လိုမှ ခန့်မှန်းလို့မရသလို ပြည်ပရောက်နေသူတွေကလည်း အရွယ်ရောက်ပြီးသူတွေများတာမို့ ဒီကိစ္စက ဝေဖန်ရေးသားသူ သိမြင်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး ။ပြည်တွင်းမှာ လူငယ်တွေကြား ရေပန်းစားနေတာလည်း ကလည်း လူငယ်တွေ ခံစားချက်နဲ့တိုက်ဆိုင်နေလို့ပါ ။မဟုတ်ရင် သူဒီလောက်ကြမ်းကြမ်းတမ်းတမ်းရွတ်နေတာ ခံစားချက်မရှိပဲနားထောင်လို့ရနိုင်စရာ အကြောင်းမရှိပါဘူး ။ဒီ သီချင်းတွေကြောင့်အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက်စိုးရိမ်ပါတယ်ဆိုရင်တော့ ခိုးကူးလောကကြီး ပျက်စီးသွားအောင် လုပ်ကြပေတော့ ။ဂျောက်ဂျက်ရဲ့အခွေမှ မဟုတ်ပါဘူး ။ဟန်ထူးလွင်(ကျားပေါက်)ရဲ့ တရားမ၀င်အခွေလည်းထွက်တာပါပဲ ။သူလည်း စာသားကြမ်းတာပါတာပဲ ။ဂျောက်ဂျက်ရဲ့ အခွေတွေက ပိုပြီးပေါက်တယ် ။နောက်ပြီး သူသီချင်းထဲမှာ ကောင်းကောင်းကြီး ထောပနာပြုခံရတဲ့သူတွေက ကျေနပ်နိုင်စရာအကြောင်းမမြင်ပါဘူး ။သူ့သီချင်းထဲမှာ အောက်ခြေလွတ် မောက်မာနေတဲ့သူတွေ ၊ အနုပညာအတုလုပ်ပြီး ပရိသတ်ကို လိမ်စားနေတဲ့သူတွေ...ပါပါတယ် ။ အဲဒီလူတွေကပေါင်းပြီး ဒီခြိမ်းခြောက်သတင်းကိုပူးပေါင်းကြံစည်တာ မဟုတ်ပါဘူးလို့ ဘယ်သူပြောနိုင်လဲ ။အရွယ်မရောက်သေးတဲ့လူငယ်တွေ လမ်းမှားမှာစိုးရိမ်ရတယ်ဆိုတာမျိုး စကားကြီး စကားကျယ်သုံးတယ် ။ဒီလိုဆိုပြန်မေးစရာရှိပါတယ် ။သက်ဆိုင်ရာ လူကြီးမိဘတွေ၊ဆရာသမားတွေ ၊နိုင်ငံကိုချုပ်ကိုင်ထားတဲ့သူတွေက လူငယ်တွေရဲ့ အနာဂတ်ကို ဘယ်လိုလမ်းခင်းဖန်ဆင်းပေးထားပါသလဲ ။အရွယ်မရောက်တဲ့ကလေးတွေအတွက် တားမြစ်ချက်တွေကရော ဘယ်လောက်ပေါက်မြောက်ထိရောက်မှုရှိပါသလဲ ။ ဒီ တစ်ချက်ထဲနဲ့ ပွဲပြီးပါတယ် ။လူငယ်တွေ အနာဂတ်ပျောက်နေရတယ် ။သက်ဆိုင်ရာ ပညာရေးပြီးဆုံးသည့်တိုင် အလုပ်လက်မဲ့တွေဖြစ်နေရတယ် ။မိသားစုတွေ နားထောင်ဖို့မသင့် တာ မကြားဝံ့ မနာသာ တွေ ပါပါတယ် ။စာသားကြမ်းတာ ရိုင်းတာကို လက်ခံပါတယ် ။ဒါပေမဲ့ ဒါက လီဆယ်ပြီးမဟုတ်သုတ်ခတွေ ရေးတာ အော်တာလား ဆိုတာ KTV တွေ Night Club ၊ Massage တွေမှာ အဖိုးကြီးတွေ ကဲနေကြတာ ဘာကြောင့်တွေ့မြင်နေရသလဲ ။သူတို့တွေအားလုံးမှာ မိသားစုမရှိဘူးလား ။ရန်ကုန်မြို့လမ်းမတွေပေါ်ကကိစ္စတွေတော့ အသေးစိတ် မရေးလိုပါဘူး ။အလုပ်လုပ်ကိုင်နေတဲ့ လက်ရှိ မြန်မာမိန်းမပျိုလေးများရဲ့(အားလုံးကို မဆိုလိုပါ) အခြေအနေ အကျိုးအကြောင်း သေသေချာချာ သိချင်ရင်တော့ လမ်းမပေါ်မှာ ကွင်းဆင်းလေ့လာပါလို့ တိုက်တွန်းလိုပါတယ် ။မြန်မာ့ယဉ်ကျေးမှုကိုထိခိုက်စော်ကားတယ် ။ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ယဉ်ကျေးမှုတော်လှန်းရေးတစ်ခုထိတောင် ဖြစ်နိုင်ပါတယ် ။ယဉ်ကျေးမှုဝန်ကြီးဌာနကရော မြန်မာ့ယဉ်ကျေးမှုကို ခေတ်နဲ့အညီ အမှီလိုက် ဆန်းသစ်တီထွင်နိုင်ပါရဲ့လား ။ဘယ်သူမှ ဘာမှမစွမ်းဆောင်နိုင်ပဲ လူငယ်တွေ လမ်းသစ်ရှာပြီးသူတို့ရဲ့မွန်းကြပ်ပိတ်မှောင်နေတဲ့ လက်ရှိဘ၀အခြေအနေကို ကြမ်းကြမ်းတမ်းတမ်းဖောက်ခွဲတော့ ထောင်ချပါမယ်လုပ်တယ် ။လူကြီးက လမ်းပြတဲ့နေရာက ဒါလား လို့ပဲမေးစရာရှိပါတယ်။ နားထောင်တဲ့သူတိုင်းနားလည်ပါတယ် ။ဒီစာသားတွေ ကြမ်းတယ် ရိုင်းတယ် ဆိုတာ ။ဘာကြောင့်သူ့အခွေ ဒီလောက်အောင်မြင်သလဲ...ဘာကြောင့်လူငယ်တွေ သဘောကျသလဲ ဆိုတာကို ထည့်သွင်းစဉ်းစားရမှာပါ ။ဒီဂီတအမျိုးအစားရဲ့သမိုင်း နဲ့သဘောသဘာဝကိုလည်း ကောင်းကောင်းနားမလည်ပဲ ဘာကြောင့်ဒီလို တရားဝင်ခွေတောင်မထွက်ရသေးတဲ့ Underground Rapper တစ်ယောက်ကိုပဲ ဥပဒေကြောင်းတွေနဲ့ ကျယ်ကျယ်လောင်လောင် ဝေဖန်ခြိမ်းခြောက်သလဲဆိုတာတော့ မေးစရာဖြစ်နေပါတယ် ။ကြမ်းကြမ်းတမ်းတမ်း စာသားတွေ မသုံးရဲအောင် စံပြ နမူနာသဘော လုပ်ပြတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒါက ရေစီးပါ ။အရှိန်အဟုန်ကောင်းလာပြီဖြစ်တဲ့ ခေတ်ရေစီးပါ ။ကျနော်တို့ရှုင်သန်ကြီးပြင်းခဲ့ရတာ နိုင်ငံတကာက သီချင်းတွေကို မြန်မာလို ခိုးယူတုပ ဆိုထားတဲ့ သီချင်းတွေနဲ့ ကြီးပြင်းခဲ့ရတာပါ ။အဲသလို ဆိုလာကြတာ ကျနော်တို့ တစ်သက်မကတော့ပါဘူး ။အခု ဒီလူငယ်လေးတွေက အဲဒီသူများသီချင်းခိုးဆိုတဲ့လောကကြီးကို တော်လှန်ခဲ့တာမို့ မြန်မာဂီတလောကအတွက် လိုအပ်တဲ့ ကွက်လပ်ဖြည့်တာလို့မြင်ပါတယ် ။နောက် ...လူမှုဘ၀ အခြေအနေမှန်တွေကိုလည်း တိုက်ရိုက်ပုံဖော်နိုင်တဲ့ ဂီတအမျိုးအစားပါ ။လူတွေ ဘယ်အခြေအနေ ဘယ်ပုံစံရှင်သန်နေထိုင်ကြရသလဲဆိုတာ သေသေချာချာ စမ်းစစ်လေ့လာရင် ဒီစာသားတွေထွက်လာတာ မဆန်းဘူးဆိုတာ မြင်နိုင်ပါလိမ့်မယ် ။လွန်ခဲ့တဲ့ အနှစ် (၂၀)နဲ့မယှဉ်ပဲ ပြီးခဲ့တဲ့ (၁၀)နှစ်ဆိုတဲ့အချိန်အတိုင်းအတာနဲ့ပဲ နှိုင်းယှဉ်ကြည့်ရင် အစစအရာရာ အလှမ်းကွာသွားပါပြီ ။ လူတန်းစားအဆင့်အတန်း အင်မတန်ကွာသွားသလို လူတွေရဲ့စားဝတ်နေရေးအတွက်ဖန်တီးရတဲ့ပုံစံတွေကလည်း အင်မတန်ခြားနားပြောင်းလဲသွားပါပြီ ။ဘာပဲဖြစ်ဖြစ် အရှိန်အဟုတ်နဲ့ရေစီးဆိုတာ ရတဲ့နည်းနဲ့စီးဆင်းနိုင်တဲ့အားအင် သက်ဝင်နေတာမို့ ရပ်တန့်သွားဖို့ မရှိကြောင်းပြောရင်း ကျနော့် အတွေးအမြင်ကို အဆုံးသတ်လိုက်ပါတယ် ။ မြန်မာ့အနုပညာလောကကြီး ကမ္ဘာ့အလယ်တင့်တယ်နိုင်ပါစေ ။

Dec 4, 2008

မိမိကိုယ် ကို မောင်းနှင်ခြင်း

ငါလည်း မင်းလို ကမ္ဘာကြီးနဲ့အတူ မွန်းကြပ်နေသူပါ...
ဆုံးရှုံးနာကျင်မှုဆိုတာ မင်းလိုပဲ ကြုံနေရဦးမှာပဲ ။
ရှုပ်ထွေးအီလည်နေတဲ့ ကြီးပြင်းရခြင်းတွေ
ငါ့ကိုလည်း မမေးနဲ့...။...ဘာပဲဖြစ်ဖြစ် အသက်ရှင်ရဦးမှာ....
လူဆိုတဲ့ ရှင်သန်ခြင်းအသိ ခဏလေးမှာ...

အကောင်းဆုံးတွေးပြီး ရင်ဆိုင်လိုက်ပေါ့...
ရင့်ကျက်မှုရဖို့ဆိုတာတော့
တွေ့ကြုံမှတ်သားရတာနဲ့ချိန်ထိုးလေ...။
ခေါင်းမာတယ်ဆိုတာ လူတွေ မကြိုက်တတ်ပေမဲ့
အကြိုက်လိုက်ရင်တော့ အသက်သေလည်း ပြေလည်မှာ မဟုတ်ဘူး ။
သက်သာသလို မျှောစီးဆင်းချင်တယ်ဆို အနားကို မကပ်နဲ့...
တစ်ဘ၀စာမှ အိမ်မက်မရှိရင် မင်း.....
ဘာလုပ်ဖို့ အသက်ရှင်လဲ...??? ။
မနက်ဖြန် ဘာဖြစ်မလဲ မမေးနဲ့
ဒီနေ့ ဘာလုပ်လို့ရမလဲပဲ တွေးပါ ။
ဒဏ်ရာတွေ ရေပြီး ငိုပြနေမလား....
ကြမ်းတမ်း နာကျင်x-xခါးသီး မွန်းကြပ်x...x ခြောက်ခြားထိတ်လန့်
တုန်လှုပ်ဖွယ်ဘ၀ရဲ့ အရသာတွေ
မင်း တွေဝေနေပလား....
ငါ့အဘိဓာန်မှာ
ယောက်ျားဆိုတာ မျက်ရည် မပါဘူး ။ ။

နွေလှိုင်ဿုန်း

Nov 8, 2008

privateCam_v0.1.exe Virus လေ..ကိုယ်တွေ့ဗျ..ကိုယ်တွေ့

ကျနော့်ကို နှိပ်စက်သွားတဲ့ ချစ်စရာGoogleTalk Virus လေးကို ဒီလိုရှင်းခဲ့ရပါကြောင်း.....ဒါလေးကိုhttp://www.myanmarchatonline.org လုပ်တာပါ ။ဖက်ကြည့်ပြီး စမ်းပြင်လိုက်ပေါ့ဗျာ ။ အဆင်ပြေမှာပါ ။
ဤ ClearPrivateCamVirus ဖိုင်လေးအား နှိပ်ပြီး download လုပ်ပါ။ ၎င်းဖိုင်လေးက လက်ရှိ Run နေတဲ့ Virus process ကို kill လုပ်ပြီးတော့ Virus Action တွေကို ရပ်တန့် ပေးပါတယ်။ ဖျောက်ထားခဲ့သော Virus ကို ပြန်ဖော်ပြီး ဖျက်ပေးပါတယ်။ Virus ကပြင်သွားတဲ့ Registry ထဲမှ Value လေးတွေကို ပြင်ပေးပါတယ်။ (ပိတ်နေတာတွေကို ပြန်ပွင့်ပေးတာပေါ့ဗျာ) အဲ့ဒီ ဖိုင်လေးကို Run ပြီးသွားလို့ Virus Action တွေရပ်သွားပြီဆိုရင်တော့ download လုပ်မိထား တဲ့ မူရင်း privateCam_v0.1.exe ကို ဖျက်ပေး ရပါမယ်။ သင့်တွင် အသုံးပြုသော AntiVirus Software ကို ခဏ ပိတ်ထား လိုက်ပါ။ ပြီးလျှင် Zip ဖိုင်အတွင်းမှ ClearPrivateCamVirus ဆို သော ဖိုင်လေးကို နှစ်ချက်နှိပ်ပြီး Run လိုက်ပါ။ သင်၏စက်ကို Restart ချပေးလိုက်ပါ။ ၎င်း နောက် မူလက မိမိ download လုပ်မိထားသော privateCam_v0.1.exe ကို ရအောင် ရှာ၍ ဖျက်ပေး လိုက်ရပါမည်။ ထိုသို့ ပြုလုပ်မှသာ စိတ်ချရမည် ဖြစ်ပါသည်။ မဖျက်နိုင်ပါက အဆို ပါ privateCam_v0.1.exe ကို ထပ်နှိပ်မိပါက ထပ်၍ ဗိုင်းရပ်စ် ဝင်နေမည် ဖြစ်ပါသည်။

ကျနော် တွေ့ပါတယ်။ဒီVirusကို သတ်နည်းတွေပေါ့ ။Combofix တို့၊ bitdefender Antivirus တို့ စသည်ဖြင့်ပေါ့ ။ကျနော် စမ်းကြည့်တာပေါ့နော် ။ သူတို့တွေရဲ့နည်းလမ်းတွေလည်း ကောင်းပါတယ် ။ကျနော်နဲ့ အဆင်မပြေတာဖြစ်မှာပါ ။ဘာပဲဖြစ်ဖြစ် Virus ကိုက်ခံနေရသူအတွက် ဒီနည်းလမ်းကလည်း အဆင်ပြေရာ ပြေကြောင်းဖြစ်မှာပါ ။Online ကို လွတ်လပ်ပွင့်လင်း အန္တရာယ် ကင်းကင်း သုံးစွဲနိုင်ကြပါစေ ။