Search This Blog

Mar 13, 2009

စီစဉ်မကျတဲ့မှတ်စု

ခေါ်သံတွေရဲ့နောက်ကို တရွတ်တိုက်လိုက်ပါရင်း
နိုးလာတဲ့ မနက်တွေတိုင်း...ကော်ဖီအေးစက်စက်တွေနဲ့
လွယ်လင့်တကူ ကုန်ဆုံးခဲ့ အချစ်တဏှာတွေ....
သွားတော့မယ် ...ပြန်လာမယ်...
ငါမုန်းတဲ့ငါ..မို့....ဘယ်အခါမှ မကြေငြာဘူး..။..
တစ်ယောက်ယောက်ကိုတော့ အသိပေးခဲ့သင့်တယ်..
ဘယ်တော့မှခရေတွေ ပြန်မပွင့်တဲ့ရာသီထဲမှာလေ ...
ဘောင်မ၀င်တဲ့လောကဓံကို အံတုမနေတော့ဘူး...။..
လိပ်ပြာတွေ အခန်းပြည့်ထည့်ပိတ်ထားပြီးသားကွ..
ဟောဒီနေရာမှာ မင်းလည်း မလိုဘူး..ငါလည်း မလိုဘူး...
သတင်းလည်း မလိုဘူး...ဟင်းလည်း မလိုဘူး...
နည်းပညာလည်း မလိုသလို ထီးတင်စရာလည်း မလိုဘူး...။..
လူစာရင်းထဲမှာ ငါ့နံပတ် နောက်ဆုံးဖြစ်ပစေ...
ငါ့အဓိပ္ပါယ်နဲ့ငါ ရှင်ပြီးသေမယ်...
ငါ့အမှန်တရားကို ဘယ်နေရာရွှေ့ရွှေ့...ငါ့အမှားနဲ့လည်း ငါနေရဲခဲ့တယ်..
စိတ်ကုန်သွားရင် ဆိတ်ငြိမ်နေတာပဲကောင်းတယ်လေ...။..။

ဝတ္ဘုတစ်ပုဒ်တော့ ငါအသက်မသေခင် ရေးခဲ့မယ် ။ငါ့မှတ်တမ်း ..ငါ့အဆင့်အတန်း..ငါ့ဘဝလမ်း...ငါ့ဖြတ်သန်းမှုတွေ ... အဲဒါတွေအားလုံးကို ထင်ဟပ်မဲ့ ဝတ္ထုမျိုးကွာ ...အဲသလို အရူးအတွေးတွေနဲ့ ။ မင်းသိပါတယ် ။ဟိုကွာ...ဘာလဲ.?????..။ အဲသလိုမျိုးဝတ္ထုရဖို့ငါပျိုးထားတဲ့ ခရမ်းချဉ်ပင်တွေ အရိပ်ရမှဖြစ်မယ် ။ တစ်စုံတစ်ခု ပေါ့ ...အဲဒီအရာတွေရဲ့ အခြားတဖက်မှာ ဘာတွေရှိဦးမလဲ ...ဘာတွေဖြစ်ဦးမလဲ..ဘာတွေ လာဦးမလဲ... အဲဒီသိလိုဇောနဲ့ ငါမိုက်မဲမှုတွေကို ဇောက်နက်နက်လေး တူးဖော်ခဲ့ဖူးတယ်...။အလကားပါ တကယ်တော့ ဘာမှ မဟုတ်ပါဘူးကွာ..။ရလာဒ်တွေရဲ့ အဆုံးသတ် ဘာဖြစ်မလဲ ။ဘယ်သူမှ မဖက်လည်း ငါရေးခဲ့မယ် ။ပြီးရင် ကျနော် လက်ထပ်တော့မယ် ။ချောသိင်္ဂီရတနာကိုတော့ မှာစရာရှိတာ မှာထားခဲ့တယ်လေ ။တကယ်တော့ မင်းက ငါပြောခဲ့ဖူးသလို အရုပ်တစ်ရုပ်သက်သက်ပဲ လို့။


ငါ့နှလုံးသွေးတွေနဲ့ထုဆစ်ခဲ့တဲ့ အရုပ်မပဲ ။ငါ့မိုက်မဲမှုကြောင့် ဖြစ်တည်လာတဲ့ မင်းအတွက် အစွန်းအထင်းတွေ.. မင်းအတ္တရဲ့ အမှားတွေ ..ငါ့ကြောင့်ဖြစ်ခဲ့ရတယ်...။မင်းနဲ့ ငါ ကို ဘေးမှာ ထား ဟောဒီမှာ ကလေးတွေ ရောက်နေပြီ...။ငါ့ရဲ့ရူးသွပ်တဲ့စိတ်ကူးတွေ အတွက် မင်းလည်း မိုက်မဲသူဖြစ်ခဲ့ပါပေါ့လား..။ငါ မရည်ရွယ်ပါဘူး ကောင်မလေးရယ်............။
ငါ့ကိုချည်း မှီခိုအားကိုးမနေပါနဲ့ကွာ ။ငါ မရှိတဲ့အခါ..သို့မဟုတ်...ငါနဲ့ဝေးနေရင်..သို့မဟုတ်..ငါသေရင် မင်းငါ့လို အားကိုးစရာရှာမှာ သေချာသလိုဖြစ်နေတာပေါ့ ။မင်းဘဝမှာရော ငါ့ဘဝမှာပါ အပူအပင်တွေ အခက်အခဲ ဒုက္ခတွေရှိကြတာပဲ ။တစ်သက်လုံးကြုံတွေ့နေကြရဦးမဲ့ အရာတွေလေကွယ် ။ ။ယုံကြည်ချက်ထားပါ ။နားလည်မှုတွေအပြန်အလှန်ရှိပါ..။မင်းနဲ့ငါ နှစိယောက်ပေါင်းပြီး လောကကြီးကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်နဲ့ လက်တွဲပါ ။မင်း သို့မဟုတ် ငါ မရှိတော့တဲ့အချိန်တွေရောက်လာတဲ့အခါ သစ္စာတရားနဲ့ ရှေ့ဆက်ဖို့အားမွေးကြတာပေါ့ ။မဟုတ်ရင်တော့ သင်္ခါရလောကရဲ့ မတည်ငြိမ်တဲ့လှိုင်းတံပိုးကြား ငုပ်ချည်..ပေါ်ချည် မျောသွားဖို့ပဲရှိတယ် ။
ငါဟာ စကားပြောကောင်းသူ မဟုတ်တာတော့ အသေအချာပဲ ။ငါမွန်းကြပ်တဲ့အခါ သီဆိုဖို့သီချင်းတစ်ပုဒ် ရှိရင်ပြီးတယ် ။...

မင်းနားထောင်ဖို့တော့ မဟုတ်ဘူး ။ငါ့ကိုယ်ငါ ဖျော်ဖြေဖို့ ဖြစ်ကောင်းဖြစ်မယ် ။ဒါမှမဟုတ်...ရည်ရွယ်ရာမဲ့ ရေရွတ်နေခြင်းလည်း ဖြစ်နိုင်တယ် ။ဘာပဲဖြစ်ဖြစ် ငါ သီဆိုနေတာတော့ သေချာတာပဲ မဟုတ်လား.။


တကယ်တော့ ဘ၀ဆိုတာ ရှင်းရှင်းလေးပဲလေ ။မွေးပြီးရင် သေဖို့ရှင်နေပေါ့ ။လူတွေရဲ့ အမှားနဲ့ လူဖြစ်လာကြတဲ့လူတွေ ။မင်းလည်း အဲဒီလိုမှားနိုင်ဖို့ ကြိုးစားနေတယ် မဟုတ်လား ။ ထားလိုက်ပါတော့ကွာ ။အရေးကြီးတာပြောဖို့ ရှိတယ် ။အဲဒါကနိုင်ငံတော်အတွက် ငါတို့ ထိပ်တန်းဦးစားပေး လုပ်စရာရှိတယ် ။အဲဒါ ပညာရေးပဲ ။ဟား... ဒါတော့မှန်သွားပြီလို့ မင်းက မှတ်ချက်ပေးမယ်ပေါ့ ။အဲဒါ ငါပြောနေတာ မဟုတ်ဘူး ။ ဟိုလူ တိုနီဘလဲ ဆိုတဲ့လူက အော်တာ ။ ကျူးကျော်စစ် ခင်းနေဖို့လိုသေးလားကွာ ။ကဲ မင်းပြော...။မျိုးနွယ်စု မတူတဲ့မြေမှာ ခြေချမွေ့လျှော် အတော်နေသားကျလို့ပျော်တတ်နေပြီမဟုတ်လား ။မင်းမျိုးနွယ်စုနဲ့ နိုင်းယှဉ်ပြီးလည်း ကိုယ့်ကိုယ်ကို ကျေနပ်နိုင်ပေမပေါ့ ။ကမ္ဘာကြီးပြားသွားပတဲ့လားကွ ဟေ။မင်း ကိုယ်မင်းပဲ ပြန်မေးပါ ငါ မဖြေဘူး ။ငါတို့တွေ ဘာတွေရချင်လို့ ဘာတွေပေးနေရလဲ ။အပေးအယူ အချိုးအဆ ကိုယ့်ချိန်ခွင်လျှာနဲ့ ကိုယ် ထိုးဆချိန်ကြလေ ။အိုမင်း ဟောင်းနွမ်းပြီး ဆွေးမြေ့လှတဲ့ အကြောင်းပြချက်တွေရဲ့ အစား မင်းတစ်ခုခု ပြောနိုင်ပါတယ် ။မြုံနေတဲ့သခင်စိတ်တွေ ဘယ်သူတွေအတွက် မင်းလုပ်ကိုင်ကြိုးစားရလဲ ။မင်း အသက် ၊ဥာဏ ၊ကာယ အားတွေ ဘယ်မှာသုံးစွဲနေရလဲ ။


ငါတို့ဘာဆက်လုပ်သင့်သလဲ ။ငါလား???? မြန်မာလူမျိုးကွ-လို့ရင်ကိုကော့ ခေါင်းမော့ပြီး ဘယ်သောအခါ ပြောနိုင်မှာလဲ ။မထူးဆန်းတော့ပါဘူးကွာ ။မျိုးဆက်တွေပြောင်းပြီး မွေးတဲ့လူမွေးလာ ကြီးတဲ့လူကြီးသွား အိုတဲ့သူအိုသွား သေတဲ့သူတွေ သေသွားကြပါပြီကွာ ။မျိုးဆက်သစ်တွေ ဟောင်းသွားကြတာဘယ်လောက်ကြာနေခဲ့ပြီလဲ ။ငါနဲ့တစ်ယောက်မှ မသိပဲ ငါ့သူငယ်ချင်းပါဆိုတဲ့ စာမျက်နှာတွေကလည်း အများကြီးပဲ ။ငါလည်း မမှတ်မိတော့ဘူး ။မှတ်ထားလည်း အပိုပဲ မင်းနဲ့ငါ ဘယ်လို ရင်းနှီးနိုင်မှာလဲ ။မင်းလည်း အပေါ်ယံ..ငါကလည်း အေးစက်စက် ဆက်ဆံမှာပဲလေ...။မင်း မြန်မာပြည် ဘယ်တော့ပြန်မလဲ..။အင်း...ပြန်တော့မယ်ကွာ သိပ်မလိုတော့ပါဘူး ။ ၄၊၅ လလောက်နေရင်ပြန်မယ် ။ဟိုရောက်ရင် မင်း ဘာလုပ်မလဲ ။....ငါ လား....အဲဒါ ၂၁ရာစုက ရှေ့မကြည့်နောက်မကြည့်နဲ့ အတင်းအဓမ္မမွေးထုတ်ခဲ့ကြတဲ့ ခေတ်သစ်လူသားတွေလေ..။ငါလည်းပါတာပါပဲ..။အခုတော့ ကိုယ့်ဝမ်းကိုယ်ကျောင်း ....ကိုယ့်ဒုက္ခကိုယ်ပြောင်းထမ်းဖို့ ဒုက္ခခဲလေးတွေ မွေးထုတ်မဲ့အဖော်ရှာခဲ့ကြသပေါ့လေ ။


ဒီလိုပါပဲ..လောကကြီးမှာ ကိုယ့်စိတ်ကိုယ်မထိန်းနိုင်သေးတဲ့ အိုကြီးအိုမတွေများလာသရွှေ့ ကိုယ့်ကိုယ်ကို ဘာမှန်းမသိတဲ့ အနာဂတ်မျိုးဆက်လေးတွေ ပေါက်နေကြဦးမှာပဲ ။စပ်ဖြဲဖြဲလေတွေ တိုက်ခက်နေလေ၏။၎င်းပူလောင်အိုက်စပ်သောရာသီကို နွေဟုခေါ်၏။အချစ်သည်လည်းကောင်း အမုန်းသည်လည်းကောင်း ပူလောင်အိုက်စပ်သည် ။ခြံဝင်းမခက်ပဲ ခြံတံခါးသာထားသောကြောင့် နွား၊ဆိတ်၊ကြက်၊ ဝက်..တို့အလိုအတိုင်း ဝင်ထွက်သွားလာကြသည် ။ ဤပန်းချီကားကို လူ့စည်းဟု အမည်ပေးထား၏။ပန်းချီကားကို ကြည့်ပြီး တရှုံ့ရှုံ့ငိုနေတဲ့ ကိုဝင်းဗိုလ်က သူ့ရဲ့အထီးကျန်ဘဝ ဖြစ်တည်လာပုံကို အရက်မူးတိုင်းရှုင်းပြတတ်၏။အဲဒါကြောင့်ပြောတာပေါ့ ကိုဝင်းဗိုလ်ရာ ။ခင်ဗျား အဲသလောက်နောင်တတွေ မသောက်ပါနဲ့လို့ ။ကျနော်လည်းသောက်တာပါပဲဗျာ ။အခုတော့ အဲသည်နောင်တတွေက ခင်ဗျားကို စားသုံးနေပြီမဟုတ်လား ။


နင် လိမ်လိမ်မာမာ နေပါဟာ လို့ပြောခဲ့တဲ့ ချစ်သူရေ...။ငါ့အမှားက ငါ့ဘဝကိုခြောက်ခြားစေခဲ့ပေမဲ့ ငါ့နှလုံးသားကိုတော့ အစွန်းအထင်း မခံခဲ့ဘူးလေ ။နင်အခု လိမ္မာပြီလား ။ ငါကတော့ အရင်က နင်သိခဲ့သလို မိုက်မဲတဲ့လူတစ်ယောက်အဖြစ် မပြောင်းမလဲ ရှင်သန်နေဆဲပါကွယ် ။...နောက်မနက် တစ်ခုထဲ ရောက်လာတော့ မင်းရဲ့ကျဉ်းမြောင်းလှတဲ့ အခန်းနဲ့ ဘေးကပ်လျက်ကလူတွေရဲ့ အနံ့အသက်တွေကြောင့် စိတ်မသက်မသာ ဖြစ်နေလား ။လိုချင်တက်မက်မှု ရေရေရာရာ ဘာမှမရှိတဲ့မင်းက တစ်ယောက်ထဲနေချင်ပြီး တစ်ယောက်ထဲသေမဲ့ကောင် ။မင်းရဲ့ တုံးတိတိ အဘိဓမ္မာနဲ့လူတွေ ထပ်တူမကျရင်လည်း စိတ်ပျက်လက်ပျက် ညည်းမနေပဲ ပျော်သလိုနေတတ်သေးတယ် ။လူသားဆိုတဲ့အထဲမှာ အထီးအမ သဘာဝ ကွဲကွဲပြားပြား ရှိတယ်လို့ အမြင်ရှိနေသူမို့ ယောက်ျားတစ်ယောက်ရဲ့အဇ္ဇတ္တမှာ မိန်းမရဲ့လက္ခဏာတွေ ကိန်းဝင်နေတာတွေ့ရင် မင်းက စက်စုပ်ရွံရှာသေးတယ် ။ကိုယ့်အကြောင်းကိုယ်ပဲ စိတ်ဝင်စားပြီး ကိုယ့်အမှားကိုယ်ပဲ ရေတွက်နေတတ်တယ် ။တကယ်တော့ လောကကြီးဆိုတာက ဘာကိုမှ ရွေးချယ်ခွင့်မရတဲ့နေရာပဲလေ ။ အနုစိတ်ခံစားတတ်သလို ဥပက္ခာနဲ့လည်း နေတတ်တယ် ။ခန္ဓာကိုယ် ၊ စိတ်နှလုံးနဲ့ ဦးနှောက် အဲဒါတွေ တစ်ခုခု လှုပ်ရှားရုန်းကန်နေရမှ နေသာထိုင်သာရှိသူ..။ပြဿနာတွေနဲ့ မွေ့လျှော်နေသူ ။ လူ့ဘဝဆိုတာ စူးစမ်းစရာလို့သာ မြင်နေဆဲမို့ မင်းဆီကို ဘယ်လိုအရာလာလာ တုန်လှုပ်ဖို့အကြောင်း မရှိတတ်ဘူး ။


မကြာမကြာ ဂဏှာမငြိမ်နဲ့ ပေါက်ကရတွေ လုပ်တတ်သူ ။တောင်ထိပ်ပေါ်တက်ပြီး ခုန်ချလိုက်သလိုလှပ်ခနဲ၊အေးကနဲ စိတ်လှုပ်ရှားမှုမျိုးတွေနဲ့ အသားကျနေပြီလေ ။အဲသလို ခေါင်းလား ပန်းလား မသိ...စမ်းတဝါးဝါး လမ်းသွားနေသူမို့ နောက်ဆံတင်းပူပင်နေရမဲ့ အိမ်ထောင်သားမွေး ကိစ္စတွေ ရှောင်နေတာမို့လား ။ဆက်လက်ပြီး စူးစမ်းရှာဖွေရန်တွေ အများကြီးကျန်နေသေးတာမို့ ဘုရားသခင်ဆီမှာ အသက်ပိုပေးဖို့တောင်းဆိုနေသူပဲလေ ။ကျနော်လည်းခင်ဗျားလို စမ်းသပ်ကြည့်ဖို့ မကြောက်တရားနဲ့ အကြောက်တရားတွေကို ကုလားဖန်ထိုးလိုက်ပါဦးမည် ။


နိဂုံး.....။ ။ခင်ဗျားကို ကြုံလို့ပြောရဦးမယ် ။စာရေးတယ်ဆိုတဲ့အလုပ်က လွယ်တာမဟုတ်ဘူးဗျ ။ခင်ဗျား စာလုံးတွေ စာမျက်နှာပေါ်ရောက်နေရင်ပဲ စာရေးနိုင်တယ် ထင်နေတာကိုး ။အင်း..ဘယ်လိုပြောရမလဲ ။အာရုံလာမှ ဗျ ။ဟုတ်တယ်...အဲ..အာရုံပေါ့ဗျာ ။ခင်ဗျားက ကျုပ်ကို လုပ်နေတဲ့အလုပ် ကြီးကျယ်အောင် တန်းတင်နေတယ်လို့မြင်မှာပေါ့ ။စာရေးဖြစ်ဖို့က အချိန် ၊ ဦးနှောက် ၊နှလုံးသား ၊လက် ၊မျက်လုံး...နောက်နောက်..အများကြီးလိုတယ်ဗျ ။ငါ့ခရမ်းချဉ်ပင်တွေက ဆောင်းရာသီ သီးနိုင်ပေမဲ့ ငါ့စာတွေက ဘယ်နေ့ အန်ထွက်မယ်ဆိုတာ ကြိုမသိနိုင်လို့ပါ ။ကျွန်ုပ်၏ ဤစာမျက်နှာသည် နာဂစ်မုန်တိုင်းဝင်ပြီးစ ရွာတစ်ရွာနှင့် ဆင်တူရိုးမှားရှိလေ၏။ တုပပြိုင်ဆိုင်ခြင်း မဟုတ်ရပါလေ ။ကျွန်ပ်၏ အနီးအနား တဝိုက်တွင် သစ္စာနီနှင့် ဇော်ဇော်အောင်တို့၏ စာအုပ်များရှိ၍ ဤလူနှစ်ဦး၏ စာအုပ်စင်၌ ဘာသာရေးစာအုပ်များရှိပေသည် ။ဤသည်ကို မယုံကြည်ပါက မိမိကိုယ်တိုင် ဆက်သွယ်မေးမြန်းပါလေ ။


No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။