Dec 2, 2013

ဇရာ နဲ့ ငယ်အိမ်မက်

သုညနဲ့တစ် သာ လည်တဲ့ဒီကမ္ဘာကို

နေပျော်ပါတယ်လို့
မြေတိုင်းစာရေးလေးက ပြောတယ်...

ဥစ္စာရူး ကတော့

ရေခမ်းတဲ့ မြစ်တစ်ဖက်ကမ်းမှာ လွန့်လွန့်လူးလို့

အိုဇုန်းလွှာအပေါက်ချဲ့နေလေရဲ့

......။......
ပေကပ်ကပ် နာရီလက်တံတချို့

ရီရီဝေေ၀ သက္ကရာဇ်စားတဲ့ အဆိပ်

ငါတို့ဟာ ဇီဝ မျိုးပြောင်း အဆိပ်နဲ့ အသက်ဆက်သူတွေ

အိပ်ဖို့ မလို....အစာခြေစနစ် မလို....

နားတွေဆူနေတာ လျှော့ပေးပါ...
ဂီတဆိုတာ ဆိတ်ငြိမ်ခြင်းရဲ့ အရှင်သခင်ပဲ...။

.....။.....

 ခပ်ပေါပေါ ငါ အတုတော့ မသုံးဘူး

မီဒီယာကို မီဒီယာနဲ့တိုက်ကွာ

အဲဒီလိုနဲ့.....

အလျားလိုက် မြစ်ထဲ စိတ်လိုလက်ရကူး

ငါတို့ကိုက အစာမကြေတဲ့ အကောင်တွေ

မွေးတာတူပေမဲ့ ဇာတိကွာကြတယ်...။

.....နဲ့.....

 ခွင့်လွှတ်ခြင်း

အတ္တ

အနာ

ရင့်မာခြင်း

...စပ်လျဉ်း၍...

အုံနဲ့ကျင်းနဲ့ ယဉ်ကျေးမှုထူထောင်ပေးခဲ့လို့

ဗျစ်ရည်ဆိုင်ထဲ အသဲကွဲလူတကာအတွေးတွေ

စတိဂျော့နဲ့ လက်ဖက်ရည်ဆိုင်ရောက်နိုင်ပေမဲ့

ပီကာဆိုနဲ့ဆို ကော်ဖီဆိုင်ပဲ သွားရမှာလေ...။

မင်း တခါက ပြောသလိုပေါ့...။

ဟိုလှည့်ဒီလှည့်နဲ့ အသက်က အကြွေးတင်သွားတာပဲ

ငယ်အိမ်မက်ကို ၂၀၁၄ရိုးရွိက်စီးနေရသလို 
တရှိုက်မက်မက် ဖက်တွယ်ပြိုကျ

လက်တို့ သတိပေးချိန်က နေ၀င်လုပြီ.....။            ။



သတိရခြင်းနှင့် စပ်လျဉ်း၍


နွေလှိုင်ဿုန်း

၁.၁၂.၂၀၁၃ 

Oct 8, 2013

အိမ်ရာသစ်

ရိုက်ခက်သမျှ လှိုင်းတံပိုးအလွင့်

ရောက်တဲ့ကွေ့

ရတဲ့တက်နဲ့လှော်….

အလင်းမဲ့နေတွေ ထုံကျင်အေးခဲ.…

နေသားတကျလို ကိုယ့်ကျင့်ဝတ်ကို မေ့ထားခဲ့ရ...

 အခုတော့ဖြင့် ဒီကောင်းကင်ဟာ …

မုန်တိုင်းကင်းစင်တဲ့အလှပေပ

လူပျိုပေါက် အရိပ်ကောင်းပင်ပျိုအောက်မယ်…

ရင်ငွေ့ခို အေးချမ်းလိုသူတွေနဲ့ အတူ

မျက်ရည်နဲ့ မျက်နှာသစ်ခဲ့ မနက်တွေရဲ့ အဝေး…

ပျံရင်းနဲ့ အတောင်ညောင်းခဲ့ ရက်တွေရဲ့အဝေး…

ကာရံမဲ့ ကမောက်ကမ လမ်းပျက်တွေ…အဝေး…..


ဟေး….. ဒီမှာ ……..

ငါ့တို့မနက်ဖြန်

တံခါးတွေ တွန်းဖွင့်မဲ့ ရုန်းကန်ခြင်းနဲ့….

ဖိအားတွေ အံတုမယ့်အလင်း….ဒါ…

ငါတို့ရဲ့ ရင်တွင်းအကြည်ဓာတ်သာပဲ…

ငါတို့ရင်နဲ့ရင်း …ထွန်းမယ့်အလင်းနဲ့

ကမ္ဘာနဲ့မြန်မာ နီးဝေးခြင်းမဲ့ ရှိစေမယ်..

ကမ္ဘာနဲ့ မြန်မာ တရွာတည်းသား ဖြစ်စေမယ်

ကမ္ဘာနဲ့မြန်မာ ရင်ချင်းအပ်လို့ ပိုမြတ်စေမယ်



 စာဂသွေး

Sep 3, 2013

ဥပေက္ခာလောက


လူဦးရေ အစာ ကမ္ဘာက ငိုနေတာကြာပြီလေ
သီရေခက်နီ ရီနေသောမျက်ရည်
ကမ်းမနေပါနဲ့ မင်းလက်တွေ ပေကျန်ပါ့မယ်

တိုးနေတဲ့ အလိုဆန္ဒ..နည်းလာတဲ့ အသိတရား
 မတွေးလေနဲ့တော့ နေတောင် အတော်စောင်းခဲ့ပြီမို့
နေမ၀င်မီ ကိုယ် စိုက်သမျှ ရိတ်သိမ်းဖို့လိုလာပြီ...။

အနမ်းနှုတ်ခမ်းမဲ့  တဖွဲဖွဲ..လွင့်..လွမ်းရဲတယ် စကားကျွံမှတော့
အလွမ်းလည်း ရင်ထဲ သည်းသည်းမဲမဲပေါ့...။...

အခုဒီမှာ 
ရှိတဲ့ ရွှေရည်လူး အနာဂတ်တွေ... 
 အသွင်ပြောင်းတေးကို ရင်ဘတ်ကို ရိုက်ချိုးလို့ ဟစ်ကြွေးသီ...
မျက်နှာပြင်ပေါ်ဖြတ်ရိုက်
 အရှက်စိုထိုင်းဆများများ ပူလောင်မှု 
ခပ်ရိုင်းရိုင်းအချဉ်မျိုးက ကိုင်းချိုးလို့ အချိုပြောင်ခြင်း...။...
ပကတိအမြင်တွေ က ခေါင်းငုံ့ဆိတ်ငြိမ်ခြင်း...
ငါ့ခံတွင်းတွေ က လေးသီတဲ့ရိုသေခြင်း...
နှလုံးသားက တဆစ်ဆစ် ကြုံလှီငုပ်လျှိုး...
ငါ့စွန်လေးရယ်...
ကြိုးကုန်လွှတ်လိုက်ပြီးမှ
လေလည်းပျောက် နေလည်းပျောက်ချိန်
 ကိုယ့်ကြိုးစ ကိုယ်ပြန်သိမ်းရသလို....
ကိုယ့်ဂုတ် ကိုယ်ချိုး..ငါ့ဝိညာဉ် ငါပြန်ပျိုး ရ..
ငါ့အရိုးနဲ့ ငါ့ပြန်ထိုးပါဦးမယ်..
အိုး...
ငါ က မနေ့ က ....
နေကြဲကြဲတောက် သာတဲ့ အညာမြေ...
ငါ့ရဲ့ မနေ့က .....
ဟောဒီကလူတွေ....မသိတဲ့ ရင်ကွဲနာတွေ...
အိုး....ငါ့ရဲ့ မနေ့က 
ခရေကို မြေလို နှင်းချစ် သစ္စာတရားသာအရင်းရှိရဲ့လေ...
ငါ့ရင်ဘတ်အိုထဲမတော့..
အကြည်ဓာတ်လေးတစ်ရပ်...
အပြင်ကမ္ဘာနဲ့ ကင်းကွာတဲ့ညီမလေးရေ...
ဘာတွေပဲ ဖြစ်နေနေပေါ့ကွယ်...
မင်းဟာ ငါ့ဘ၀ဇာတ်ခုံမှာ အမြင့်ဆုံးဇာတ်ရှိန်
မင်းဟာ....................... ငါကိုယ်စားပြုတဲ့ ခရေ
မင်းခန္ဓာနဲ့ ဘာဆိုင်သလဲ....
ငါ...အစ ကတည်းက မတမ်းမျှော်တာ
ခပ်ကြမ်းကြမ်း အမှန်တရားတွေကြား
 ဟောဒီရင်ဘတ်မှာ မကင်းကွာခဲ့ပါဘူးကွယ်..
ဒီကမ္ဘာမှာ မင်းရှိနေတာကကို
 ငါနေပျော်ရခြင်း အကြောင်းပါကွယ်...။               ။
နွေလှိုင်ဿုန်း
(၃.၉.၂၀၁၃) 

Dec 1, 2012

ရက်စက်ပါစေ

ငါဟာ တစ်မျက်နှာပဲ ရှိတယ်..
နောက်ထပ်တစ်မျိုးဖြစ်နိုင်ဖို့ဆို
ငါ့နောက်ကြောင်းအေး ငြိမ်းချမ်းလေမှ ဖြစ်မယ်...။
မဖြစ်...
မဖြစ်သေးဘူးလေ...
ဘယ်တော့လဲ...ငါ့နိုင်ငံ...
နောက်ကြောင်းမအေးတာ ငါမဟုတ်ဘူး...
ဒါပေမဲ့...
ငါ့နောက်ကျောနဲ့ ရင်တွေပါပူတယ်...
နောက်ကျောမလုံတာ ....ငါမဟုတ်ဘူး... 
ဒါပေမဲ့...ငါ့အိမ်မက်တွေပျက်စီးခဲ့ရတယ်...
ငါ့ပျိုရွယ်မှုတွေ ပျက်စီး ....အကြည်ဓာတ်တွေ ပျက်စီး...
ငါတို့ရဲရင့်မှု...တက်ကြွမှု....နိုးကြားမှုတွေ...ကြည်လင်မှုတွေ...
အရွယ်ရောက်ခြင်းနဲ့အတူ...တလွင့်လွင့် မျောပါပျက်စီးခဲ့ကြရ...
ခွင့်လွှတ်တော့....ချောသိဂီင်္ရတနာရယ်...
ငါဟာလေ....ငါ့ကိုယ်ငါ နာကျင်စေခဲ့သလို 
အားလုံးကိုလည်း ခံစားမိစေခဲ့သူပါပဲ....
ငါဟာ............ခေတ်စနစ်က ထုဆစ်တဲ့ အပြစ်သား သာပဲ...။ 

Sep 14, 2012

သမားရိုးကျ အလိမ်ဇာတ်

ဆူလွယ်နပ်လွယ်ရှိတဲ့တရားတွေမှိုင်းတိုက်
 တငွေ့ငွေ့ တလူလူ အူနေဆဲ ဗမာပြည်
ဖွဲမီးတော့မဟုတ်ဘူး...ငရဲမီး
ဝတ်ကြီးလိုက်တဲ့ ငါတို့ခေတ်
မင်းဆိုးမင်းညစ် စွန့်ပစ်ထားတဲ့ မစင်ပုံလို
ယင်တစ်လောင်းလောင်းနဲ့ အညှီအဟောက်မို့
လောက်ကောင်တွေကတော့ အလုအယက်
ဟင်္သာကိုးသောင်းပျက်တော့မလိုပါပဲလား...။....
ကိုယ့်အရိုးနဲ့ ကိုယ့်ပြန်ထိုး...
ကိုယ့်မြေမှာ ဆီပုလင်းပါ ခါးချိတ်ပေးရ
ရိုင်းလိုက်တဲ့ဘဝ
လေလွင့်ရင်းနဲ့သာ ရာသီတွေလည်တယ်...
ဒီအနာတွေ ဘယ်တော့မှ ပြန်မကြပ်ဘူး..။...
ဟန်ဆောင်လို့တောင် ယုယမပြနိုင်ပါပဲ
လည်လှီးသမျှ ကြည်ဖြူပြမဲ့သူ ရှိမလား...။...
ယုံကြည်မှုတောင် မတည်ဆောက်နိုင်ပဲ 
သံသယမပွားဖို့ ဘယ်လိုတားချင်လို့လဲ
အကုသိုလ် အရှိန်မကုန်ခင်ထိတော့ 
အညှီအကပ်တွေနဲ့ ချီတက်နေကြပေဦးလျော့။        ။

နွေလှိုင်ဿုန်း
၁၄၊စက်တင်ဘာ၊၂၀၁၂