Search This Blog

May 12, 2009

စိတ်ဝင်စားစရာတစ်ခုလေ ဒီကောင် သီချင်းပြန်ဆိုရပြီဆိုတော့..


NEJ / ၁၁ မေ ၂၀၀၉

line

ဆင်ဆာမဲ့ ညစ်ညမ်း Under Ground သီချင်းများ ညစ်ညမ်းစာသားများ သီဆိုမှု၊ ညစ်ညမ်းပုံများနှင့်အတူ ဗီစီဒီ ထွက်ရှိမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဂီတအစည်းအရုံးက Show သီဆိုမှု၊ စီးရီးထုတ်မှုများကို ခေတ္တရပ်ဆိုင်း ခံရကာ နောင်မသီဆိုရန် ၀န်ခံကတိထိုးခဲ့ရသူ ဟစ်ဟော့ အဆိုရှင် ဂျောက်ဂျက် သီချင်းပြန်လည် သီဆိုခွင့်ရပြီဖြစ် ကြောင်း ၎င်းက ပြောသည်။

၎င်း၏ Show ကို လာမည့် မေလ (၂၃) ရက်နေ့တွင် မျှော်စင်ကျွန်း၌ ဖျော်ဖြေမည်ဟု အလင်းတန်းဂျာနယ်တွင် ရေးသားဖော်ပြသည်။

အဆိုပါဂျာနယ်တွင် “ကျနော့်အနေနဲ့ အမှားတွေလုပ်ခဲ့မိရင် ပရိသတ်ကြီးက ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်။ ကျနော် အခု အမြင်မှန်ရသွားပါပြီ။ ပရိသတ်ကြီးအတွက် အရင်ကလို အရိုင်းအစိုင်းတွေ မပါတော့တဲ့ ဂျောက်ဂျက် သီချင်းလေးတွေ တင်ဆက်မှာပါ။ ဂျောက်ဂျက် လိမ္မာသွားပါပြီ။ ဟာသတွေ၊ ဘ၀တွေပါမယ်။ ကျနော့်သီချင်းကို ကြားရရင် ပျော်ရွှင်ရယ်မောရပါစေမယ်၊ အမိုက်စားလေးတွေ လုပ်ထားတယ်” ဟု ပါရှိသည်။

အဆိုတော် ဂျောက်ဂျက်အား ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းက စာပေစီစစ်ရေးနှင့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ခေါ်ယူ၍ ခံဝန်ဂတိ လတ်မှတ်ထိုးခိုင်းခဲ့သည်။

အသက် (၂၅) နှစ်အရွယ် ဟစ်ဟော့ကြိုက်သူ လူငယ်တဦးက “အဲဒီဂျောက်ဂျက်ဆိုတဲ့ကောင်က သူဆိုခဲ့တာတွေဟာ အခုဖြစ်နေတဲ့ လူတွေရဲ့ ပုံစံကို ဖော်ထုတ်သီဆိုခဲ့တာ။ သူ့လိုဆိုတဲ့ကောင်တွေထဲမှာ Jme၊ ရသ၊ ကြက်ဖ၊ G-3၊ ထိန်ဝင်း စတဲ့ကောင်တွေပါတယ်။ အဲဒီကောင်တွေလည်း Under Ground ကို ဆိုခဲ့တာပဲ။ ဆဲဆိုပြီး ဆိုတာတွေ ပါခဲ့တာပဲ။ ဘာပဲပြောပြော လူငယ်တွေကြိုက်တယ်။ လူငယ်တွေရဲ့စိတ်ထွက်ပေါက်ဖြစ်တယ်။ ဂျောက်ဂျက်က အားလုံးထဲမှာ (ပေါက်) သွားတာမို့ စာနယ်ဇင်းတွေက ရေးလိုက်တာ ခံလိုက်ရတာပါ။ အခု သူ ပြန်ဆိုမယ်ဆိုတာ ကျနော်တို့လို လူငယ်တွေ ကြိုဆိုတယ်။ ဒါပေမယ့် အရင်လို လက်ခံနိုင်မလား မပြောတတ်ဘူးဗျ” ဟု ပြောသည်။

မေလ (၂၃) ရက်နေ့တွင် ဂျောက်ဂျက်သီဆိုမည့် တေးသီချင်းများတွင် သီချင်း (၆) ပုဒ်ပါဝင်ပြီး အသစ် (၂) ပုဒ်ပါဝင်မည်ဟု အလင်းတန်းတွင် ဖော်ပြထားသည်။

May 4, 2009

အရောင်များနဲ့ ကဗျာ

ငါ့ကို အဖက်မလုပ်တဲ့ သန္တ
ငါ့ဘေးက လူစိမ်းတွေနဲ့
နီဝါရောင်ပျပျတွေထဲ ညတွေ အမြဲxကxတာကိုး
ပျော်ရွှင်မှုတော့ ဟုတ်ပုံမရဘူး
ဝိညာဉ်ကိုက မစောင့်ချင်တဲ့အိမ်မက်ရိုင်းလေ
ငါ...
ဘယ်အခါမှ အိမ်မှာငြိမ်မနေခဲ့သူ.....
အရွယ်ရတာနဲ့အမျှ
ကိုယ့်ကိုယ်ကိုပြန်မြင်အောင် တိတ်ဆိတ်လာတော့
ဆည်းလည်းသံတွေ ကြားလိုသတဲ့လား
မသေချာတဲ့ကြိုးတစ်ချောင်းမို့
မတုပ်နှောင်တာ ကောင်းလိမ့်မယ်
ပန်းနုရောင်နဲ့ ကျနော်မတည့်ဘူး အဖေ...

သွေ့ခြောက်ဆိတ်ငြိမ်တဲ့ အိမ်
သားသမီးတွေကို လွမ်းတဲ့ ကောင်းကင်ပြာ
လူ့ဘဝဆိုတာ လွမ်းမောစရာလားလို့
အိမ်တံခါးဝက မျက်ရည်ဝဲရုံမျှော်ရင်း
စိတ်နာနာမတွေးပါနဲ့ အမေ
ဖက်တွယ်တဲ့ ဗုဒ္ဓအဆုံးအမနဲ့
အေးချမ်းသာယာပါစေ အမေ
အဝါရောင်..အပြာရောင်..အနီရောင်...
ဘယ်အရောင်ဖြစ်ဖြစ်
ကြိုးဆိုတာတော့ပူလောင်တာချည်းပဲ အမေ ။ ။
နွေလှိုင်ဿုန်း (၅.၅.၂၀၀၉)