Search This Blog

Jan 2, 2010

၂၀၁၀ ရိုးရာအက နှင့် တရားအားထုတ်ခြင်း

က မယ် က မယ် လာ
မင်းလည်း အလုပ် မရှိ....ငါလည်း အလုပ်မရှိ....မိုးလင်းထိ က မယ် 
ဟားဟားဟား HAPPY NEW YEAR တဲ့ ဟေ့ကောင် မင်းသိလား...
ဘာတစ်ခုမှ အပေး မရှိပဲ လည်မြိုနင်းပြီး မတရားလိုချင်နေတဲ့ကောင်တွေအကြောင်း... 
Smart...Smart....Smart... ဘာ စမတ်နေချင်တာလဲ သွား ပြေးတက် နောက်ကားက ဘယ်တော့မှ လာမှန်း မသိဘူး...။တိုး တိုး ...ဘေးကပ်နေလေကွာ... စပယ်ယာ အငေါက်ခံချင်လို့လား ။မွန်းတယ် မွန်းတယ် ချွေးစော် ဂျီးစော် လူစော်.....နံတယ် နံတယ်.....။အ...အ......အု အု......ဟူးးးးးးးးးးး

လက်နဲ့ကိုင်ကြည့်ရင် ပဲ့ ကျမဲ့ 
ခုန်စွခုန်စွလိုင်းကားအသစ်စက်စက်ပေါ်xxx
တွံတေးစိုးအောင်ဖွင့်ပြီး ခရီးသည်တွေကိုဖျော်ဖြေ....
ငါတို့သေရတော့မလို အခြေအနေက နေ့လား..ညလား.????
သူတောင်းစား အကြီးစားတွေ မနေ့ညကပဲ စ က ကြတယ်
စတင်ကြတယ် ၂၀၁၀အခွန်အခ New Version ဆပ်ကြေးတွေလေ ။ဟိုတယ် မိုတယ် စားသောက်ဆိုင် ကုန်စုံဆိုင် ..ဆိုင်..ဆိုင်...ဆိုင်.. မြင်မြင်သမျှ အကုန်တောင်းမယ်...
အဲဒီတော့...များမကြာမီ...အကုန်ဈေးတယ်မယ်..
တိုးတက်မြင့်မားနေကြတယ် အရောက်လှမ်းလာခဲ့မဲ့၂၀၁၀ Phone Bill တွေ...

အလုပ်လက်မဲ့တွေ.... ငတ်ပြတ်သူတွေ...မလောက်ငှသူတွေ...
ညငှက်ကလေးတွေ ပေါလာတယ်...
နေ့ခင်းဖက်လည်း မရှက်တော့ဘူး...ငှက်တွေ မကြောက်မရွံ့ အစာရှာကြတယ် ...
၂၀၁၀ မှာ................ပျက်စီးခြင်းတွေ အလုပ်ဖြစ်နေတယ်.....အတိုးနှုံး ၁၀၀ ကို ၃၀ ဆိုလည်း အလုပ်ဖြစ်တယ်......။ နောင်ဖြစ်မှ နောင်ရှင်း ဆိုလား Rapper J-Me လိုပဲ အားလုံးက ဂေါ်တယ်ဂွမ်းတယ်..

စိတ်ကျရောဂါတွေ ရောင်းကောင်းတယ်...နောက်....အပေါင်ဆိုင်တွေ အလုပ်ကောင်းတယ်.....
ဝင်ငွေတွေရတဲ့လမ်းကြောင်းတွေ မူမမှန်တော့လည်း ဘီယာဆိုင်တွေမှာ သူရှင်းလိုက် ကိုယ်ရှင်းလိုက်...စက္ကူတွေလေထဲ ဖန်ခွက်တွေထဲ..ဟိုတယ်တွေထဲ...KTV မီးရောင်တွေထဲ...ဆောင်းရာသီ သစ်ပင်ထက်ကရွက်ကြွေများလို တဖွဲဖွဲ တဝဲဝဲ....။မြန်မာငွေတွေ တော်တော်မာ သွားပြီတဲ့ ။ မှန်ပါသည် ။ အထူးသဖြင့် ၅၀ တန် ၁၀၀ တန် ၂၀၀ တန် တွေပေါ့ ။ခေါက်လို့တောင် အဆင်မပြေတော့အောင် မာသွားပါသည် ။ ချေး နှင့်ချွေးများစွာ အထပ်ထပ် ကပ်ငြိ မဲတူး နေသောငွေစက္ကူ အစုပ်အပြဲများကို တိပ်နှင့် အထပ်ထပ် ကပ်လိုက်သောအခါ မြန်မာငွေများ တော်တော် မာသွားပါသည် ။

လူငယ်တွေလေထဲ...မိန်းကလေးတွေ လေထဲ အသက်ကြီးလာသူတွေ လေထဲ...လူတိုင်းရဲ့အိမ်မက်တွေ လေထဲ..........................။လူတိုင်းရဲ့ အနာဂတ်တွေ လေထဲ....ဂုဏ်ဒြပ်တွေ လေထဲ...သိက္ခာတရားတွေ လေထဲ...........ရောင်စုံဘော်လုံးတွေ လို အရောင်အသွေးစုံ အရွယ်အစားစုံ ပုံစံမျိုးစုံ.....ရိရွဲလိမ်တွန်နေကြလေ၏။ ဘယ်နတ်မင်းမှ မကယ်နိုင်ဘူး ။၂၀၁၀ မှာနတ်မင်း အားလုံး ဂုန်နီအိတ်ပဲခြုံနေကြရပြီ ။ ဒါ ၂၀၁၀ ရဲ့နှစ်သစ်မင်္ဂလာဖက်ရှင်ပဲ လို့ ကိုကြီးကျော်ဆိုတဲ့ နတ်မင်းကရင်ဖွင့်တယ် ။ တရားအားထုတ်တဲ့ လူမင်းကြီးတွေတော့ ချမ်းသာရာရကြလေရဲ့ ။
လိုင်းကား သမားတွေလည်း ကားစီးသူ နဲ လာလို့ငြီးတွားတယ် ။Mobile Phone ကိုင်သူတွေနဲ့ လိုင်း Phone ကိုင်သူတွေ လည်း ဆက်သွယ်ရေး စနစ် ဘာတစ်ခုမှ တိုးတက်ကောင်းမွန်လာခြင်း မရှိပါပဲ ဖုံးဆက်သွယ်နှုန်း တစ်မိနစ် ၅၀ တောင်းတယ် ဆိုတော့ ချုပ်ကုန်ကြပြီ ။ ဒီလိုနဲ့ပဲ.....

လမ်းဘေးဝဲယာတစ်ဝိုက်မှာ ဝဲပျံနေတဲ့ မီးခိုးမှိုင်းနဲ့ညှော်နံ့ပေါင်းစုံ.............. ပုပ်အဲ့ရနံ့ပေါင်းစုံ သင်းပျံ့......အမှိုက်သရိုက်ပေါင်းစုံ.....ရုတ်ရုတ်သဲသဲစည်ကား...။ အခုဆို လမ်းဘေးတိုက်ခြေရင်းတွေမှာ ခွေခွေလေးစက်တော်ခေါ်နေတဲ့ လူငယ်လူရွယ်တချို့ကို စိတ်မကောင်းစွာ မြင်တွေ့လာရပါပြီ ။
......မြို့လယ်ကောင် လမ်းပျက်တွေရဲ့ လမ်းထိပ်တိုင်းလိုလိုမှာတော့ စေတနာရှင်အဖွဲ့အစည်းကြီးက ဦးဆောင်ပြုလုပ်တဲ့ ပြည်သူအကျိုးပြု လုပ်ငန်းတွေ လုပ်ကိုင်လာတာ တွေ့ရပေမပေါ့လေ..အစိမ်းရောင်ဆိုင်းဘုတ်ကြီးတွေမှ "ဟီး"လို့...ပြူးနေအောင်ရေးထားတာလေ...ဘာများမှတ်လဲ ??? အခမဲ့ အင်္ဂတေလမ်းခင်းပေးနေတာ ...စေတနာတွေ စေတနာတွေ...ကြော်ငြာဆိုင်းဘုတ်တွေလို လိုင်စင်စွဲထားသလားမှတ်ရတယ်။လမ်းမပြင်မီ (၁)လလောက်က ချိတ်ထားတယ် ။ပြီးတော့ လမ်းမခင်းသေးဘူး ကျောက်ခဲတွေ သဲတွေပုံပြီး For Show ပြထားတယ် ။လမ်းခင်းခြင်း အလုပ်ကို မစသေးပါဘူး ။ပြထားတယ် ။ " ကျုပ်တို့ အလုပ်လုပ်နေကြတယ် ..ခင်ဗျားတို့ မြင်တယ်မဟုတ်လား ။အဲဒီမှာ ကြည့်" လို့ လက်ဆွဲခေါ်ပြီး မပြရုံလေးပါပဲ ။ကားပိုင်ရှင်တိုင်းအတွက် သွေးတိုးစေတဲ့ စေတနာတွေပေါ့။လာပါတော့မယ် တနိုင်ငံလုံး လမ်းပျက်မှန်သမျှ လမ်းသစ်မှန်သမျှ အားလုံး တာဝန်ယူပေးမဲ့ ကယ်တင်ရှင်ကြီးရဲ့ အစီအစဉ်တွေ မကြာခင်စတင်မှာပါ ။ ပြည်သူတွေအတွက် အသစ် အသစ်သော ကားမျိုးစုံကို တင်ပို့ထုတ်လုပ်ပေးဦးမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် အင်္ဂတေလမ်းတွေပေါ်မှာ မောင်းနှင်ရလို့ အပြေးအလွှား ပါးလျသွားတဲ့ တာယာများကိုလည်း တစ်နိုင်ငံတည်း ကိုယ်စားလှယ် စနစ်နဲ့ အစစ အရာရာ တာဝန်ယူရောင်းချဖြေရှင်းသွားမှာပါတဲ့ဗျာ ။ကဲ ဒို့ဗမာ ပြည်ကြီး ဘာများအပူအပင်တွေရှိစရာလိုသလဲ ။ ကျွန်တော် ကိုယ်တိုင်က မျက်စိသူငယ် နားသူငယ်မို့ ဆုတောင်းတဲ့ အလုပ်ကို မကြိုက်သော်လည်း ဤအလုပ်သာ လုပ်ပေးနိုင်သည် ဖြစ်ပါ၍.........မြန်မာပြည်တွင်းမှ ပြည်သူပြည်သား အပေါင်း........ကာယသုခ စိတ္တ သုခ နှစ်ဖြာသော သုခတို့နှင့် ပြည့်စုံကြပါစေဗျာ ။ 
နွေလှိုင်ဿုန်း
၂၊ ၁ ၊ ၂၀၁၀

Dec 18, 2009

သိမ်မြောင်းသော ပယောဂများ

ငါ့ ကမ္ဘာ လမသာတော့တာ ကြာခဲ့ပြီပဲ
ဘာကြောင့်များလှိုင်းထာန်ရပါလိမ့်ကွယ်...

အမည်နာမမှတ်ဥာဏ် အင်မတန်အားနည်းသူ...ငါ
ငါ့ အကြားအာရုံကတဆင့် ..ငါ့သွေးတွေ
ဆောင့်ကြီးအောင့်ကြီးတိုးဝင်
ပြိုလဲပြီးသား အိမ်...
ငါ့မြေ..ခရေတွေလည်း မကြွေတာကြာခဲ့ပေါ့..။

တောင်တန်းမြူခိုးလည်း ငိုဖို့ကိုပဲ ပင်ပန်းလွန်းခဲ့
အဲဒီညတစ်ညလုံး ငါ့အမြင်အာရုံ အကုန်ကန်းတယ်
တကယ်တော့ ဒီပွဲလေ..
ဟောဒီပွဲပေါ့****
နှစ်ဖက်စလုံး အနိုင်မပါ..အရှုံးသက်သက် သိမ်းခဲ့တဲ့ပွဲ
အဟောင်းတွေနဲ့အတူ အကောင်းအတိုင်း ..
ဘာတစ်ခုမှ မကျန်လည်း
အခုတော့ ဘယ့်နှယ့်လဲလို့ နာနာကျည်းကျည်း မမေးရက်..
မသေသရွှေ့လျှောက်မဲ့လမ်း
ဝဋ်ကျေတမ်းကျေ မချိမဆန့်ဝေဒနာတွေ 

 ကျေပါစေလို့ ဆုမတောင်းတော့ပါဘူး...။
ငါ ယုံကြည်တဲ့ဘဝက သဲထဲရေသွန်
ရေဆိုးလောက်မှ တန်ဖိုးမရတဲ့ နှလုံးသွေး
အဲဒါပဲ ငါ့ရဲ့ အဓိက တွန်းအား တစ်ရပ် 
အဲဒါပဲ ငါရဲ့ နာကျည်းဖွယ်ရာ ဘ၀ရှင်သန်မှု
.......\....၊....*...+..=...\...
အဲဒီလိုနဲ့...
ငါမျက်လုံးတွေ ဖွင့်တဲ့ မနက်ဆိုတာ
အရောင်တွေ ရင့်ရော်အိပဲ့နေပြီ
အမြင်အာရုံရှေ့ လူတွေ...
ငါ့မြေက ငါ့လူတွေလေ...
ပျားပမ်းခက်လူးလွန့်လှုပ်ရှားနေကြ..ယောင်ယောင်လေး
ယောင်ယောင်လေး ဆိုတော့လည်း
ငါနုတ်ဖျားက စားမဲ့နံပြားက မြိုမကျ
တောင်တန်းမြူခိုးတွေလည်း ငိုဖို့တောင် ပင်ပန်းခဲ့နုတ်ဆိတ်အိပ်ချိန်တန်ပြီလား
ဘဝဒဏ်ကဗျာဆိုတာ စကားလုံးတွေထက်ပိုလေတော့..
ဟင်းစားရရင် အိမ်ပြန်မယ်လို့ မရောင့်ရဲကြတော့ဘူးလေ ။
ဝမ်းနည်းပါတယ်...။   ။ 

 နွေလှိုင်ဿုန်း
၁၈၊၁၂၊၂၀၀၉

Dec 16, 2009

သရော်စာဆရာအီကြာကွေး တစ်ဘ၀စာ ငြိမ်းအေးလေပြီ

ဩော်....သူတို့တွေကတော့ ငြိမ်းချမ်းရေးရလို့ ဒုက္ခမြေကနေ ၀ဋ်ကြွေးကျေလို့ လွတ်မြောက်သွားချေပြီ။ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြ....ကဲ...လူငယ်မျိုးဆက်သစ်တွေ အသင့်ဖြစ်လေပြီလား မသိ...။ကျောခိုင်းသွားသူတွေကတော့ ပြန်လှည့်ကြည့်နိုင်မှာ မဟုတ်ပေဘူး။ ဒုက္ခက ကြီးတော့ လူတွေက ကိုယ့်ဒဏ်ရာကိုယ် သက်သာရာ ရှာနေကြတော့တာပါပဲလေ။ အခု တစ်ယောက်သေပြန်ပြီ။ ကျုပ်တို့တွေ သိတဲ့ ရီမောဖွယ်ရာတွေ ခူးခပ်ကျွေးတဲ့ လူကြီးလေ..၁၉၃၈ ခုနှစ်တွင် ဓနုဖြူမြို့ မင်းပိုင်ရပ်၌ မွေးဖွားသည်။ အဖ ဦးမောင်နှစ်၊ အမိ ဒေါ်ညွှန့်မေတို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ အမည်ရင်းမှာ ကိုကျော်ထွန်း ဖြစ်၍ မူလ ကလောင်အမည် (ဓနုဖြူ) ကျော်ထွန်း ဖြစ်သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလတွင် စာ စရေး၍ ယနေ့ အထိ စဉ်ဆက်မပြတ် ရေးသာရာ စာရေးသက် အနှစ် ငါးဆယ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ‘အီကြာကွေး’ ကလောင် အမည်ကို ထပ်ပွားသည်။
မွေးသက္ကရာဇ် ၁၉၃၈ ခုနှစ် အမည်ရင်း ကျော်ထွန်း မိဘအမည် ဦးမောင်နှစ် + ဒေါ်ညွှန့်မေ နိုင်ငံ မြန်မာ ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ မွေးဖွားရာဒေသ ဓနုဖြူမြို့ မင်းပိုင်ရပ် တွင်နေထိုင်ခဲ့သည်။
ဓနုဖြူ အစိုးရ အထက်တန်းကျောင်းတွင် တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။ ၁၉၅၃ - ၁၉၅၄ ခုနှစ်တွင် စာပေ ဝါသနာရှင်များ အသင်း (ဓနုဖြူ) ၏ စာပေ တာဝန်မှူးနှင့် စာကြည့်တိုက်မှူး တာဝန်ယူ၍ မုန်တိုင်း စာစောင် အမှတ် (၁)နှင့် အမှတ် (၂) တို့ကို ထုတ်ဝေခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ပြည်သူ့ လူငယ် အဖွဲ့ (ဓနုဖြူ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ပြည်သူ့ လူငယ် အဖွဲ့ (ဓနုဖြူ) တွင် ဥက္ကဋ္ဌနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဓနုဖြူ) တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်မှ စာရေး ဆရာကြီးများအား ဖိတ်ကြား၍ စာဆိုတော်နေ့ စာပေ ဟောပြောပွဲကို စတင် ကျင်းပ ပေးခဲ့သည်။ ဓနုဖြူတွင် စာပေ ဟောပြောပွဲကို မျိုးစေ့ ချပေးခဲ့ခြင်း ဖြစ်သည်။
၁၉၆၉ ခုနှစ်တွင် တောင်ဥက္ကလာ ကဗျာ့ ကလာပ်စည်း၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ပစ္စက္ခ ကဗျာများနှင့် ပဲ့တင်သံ ကဗျာများ စုပေါင်း ကဗျာစာအုပ် နှစ်အုပ် ထုတ်ခဲ့သည်။ အီကြာကွေး အမည်ဖြင့် ရေးခဲ့သော (နောင်တခါ မေးရင် ဖြေလိုက်မယ်) ဝတ္ထုတိုကို ရုရှဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရသည်။

(ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ကဗျာ ၁၂ဝဝ ကျော်၊ ဝတ္ထုတို ၈ဝ ကျော်၊ မဂ္ဂဇင်း ဝတ္ထုရှည် ၃ ပုဒ်နှင့် ပီမိုးနင်း၏ ဝတ္ထုတို အတတ်ပညာ စာပေကျမ်း (၁) ကျမ်းကို ပြုစုခဲ့သည်။ လက်သင်စ ကဗျာရှင်များ အတွက် လမ်းညွှန် နည်းပြ မဂ္ဂဇင်းတွင် ‘ကဗျာ့ ပွဲခင်းသာ’ ကဏ္ဍကို နှစ်ပေါင်း သုံးဆယ်ကျော် လစဉ်မပျက် တာဝန်ယူ ရေးသားခဲ့သည်။ ယခုအခါ သောကြာ စာစောင်တွေင် ‘ကဗျာ့ ပွဲခင်းသာ’ ကဏ္ဍကို ဆက်လက် ရေးသားခဲ့ရာ သုံးနှစ် သက်တမ်း ရှိခဲ့ပြီး ဖြစ်၏။ (ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ရေးသားခဲ့သော ခွပ်လိုက်ကြစို့သူငယ်ချင်း ကဏ္ဍအကြောင်းများနှင့် လက်ရှိရေးသားနေသော သက်ရှိထင်ရှားရေးဖေါ်များ စသောဆောင်းပါးများဖြင့် ဘ၀တူစာပေလောကသား အချို့အကြောင်းတစ်စေ့တစ်စောင်းပုံဖေါ်ခဲ့သည်။ ဓန / မြန်မာ့ဓန မဂ္ဂဇင်းများတွင် ရယ်စရာတွေးစရာ အဖြစ် ၀တ္တုဆိုရမည့်စာများ ပင်တိုင်ရေးသားခဲ့သည်။
အီကြာကွေး အမည်ဖြင့် လုံးချင်း အုပ် ၂ဝ ရေးသားခဲ့ပြီး၍ သောကြာ စာစောင်တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။

စာစတင်ရေးသားလာစဉ်မှစ၍စာပေလုပ်ငန်းများတွင်သာအခြေချလုပ်ကိုင်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာထဲကပင် စာရေးခြင်းသက်သက်ဖြင့်ဘ၀ရပ်တည်ခဲ့သည်။ အိမ်ထောင်မပြု လူပျိုကြီးဘ၀ဖြင့်သာနေထိုင်ပြီး တောင်ဥက္ကလာပ ရှိနေအိမ်နှင့်ခြံဝင်းကို ကြိုတင်လှူဒါန်းထားပြီးဖြစ်သည်။
ဒီဇင်ဘာ ၁၅ ရက်နေ့၊ ၂၀၀၉ ခုနှစ်တွင် ကွယ်လွန်သည်။
စာရေး ဆရာ အီကြာကွေး ခေါ် (ဓနုဖြူ) ကျော်ထွန်း၏ အတ္ထုပ္ပတ္တိ အကျဉ်း (နတ်ရူးတို့ ကြောင်နိုင်ပေ စာအုပ်မှ)

Dec 14, 2009

လေလွင့်ခြင်းငြီးညူသံ

တစ်ခါက ညတွေလေ...
အလင်းအမှောင် တွေ မပြောင်းလဲပေမဲ့
နဂိုအတိုင်း ပြန်မဖြစ်တော့တာ သေချာတယ်..။
ငါလေ...
ရှက်တတ်ခဲ့လို့ မရှက်တဲ့သူပါ

ရေးခဲ့ဖူးတဲ့ ငါ့ ကဗျာ တစ်ပုဒ်ကို မမေ့သေးတဲ့
သူငယ်ချင်းတစ်ယောက်က
ငါသည်...ကဗျာ ဆရာ ဖြစ်လေ၏။
စာကြောင်းရေ တစ်ကြောင်းမကျန် မှင်များပြည့်နှက်ခဲ့သည့်
စာမျက်နှာ ၅ နှစ်တာ ကာလ...
ကောင်မလေး တစ်ယောက်က
ငါသည်....

နားလည်ရခက်သော စကားပြေရေးသူ သာ။
ဦးခေါင်းခွံလှန်ထားသည့်
အကန့်ပျက်မှတ်ဥာဏ်များ..x.x..
ဘဝ အပိုင်းအပြတ်များ၏ ရာဇဝင်ခင်းကျင်းပွဲက
ငါသည် ....
မော်ဒန်ပန်းချီကားတစ်ချပ်
သတိသာထားပေရော့ ကလေးရေ...
ငါတို့ ဒီထက် ပိုပြောခွင့်မရဘူးကွ..
စကြာဝဠာ လွတ်လပ်ခြင်းရဲ့ ...
ဆိုးကျိုးသက်သက်သာ ကျဲပက်စိုက်ပျိုး...
အကုသိုလ် အကျိုးတစ်ရားတွေ ...
ကူးသန်းရောင်းဝယ်ကြလိမ့်မယ်... ကလေး..။  
ပြီးတော့ ...
လိပ်ပြာ ဖမ်းတမ်း ကစားကြလိမ့်မယ်....
ပြီးတော့ ....
အတောင်ပံပေါင်းများစွာကို လှီးဖဲ့သိမ်းပိုက်လိမ့်မယ်...
ပြီးတော့ ......လား
ပြီးတော့..ပြီးသွားပါလိမ့်မယ်...။
ကလေးရေ... တခါတရံ..
ဘဝဆိုတာ 
ဒဏ်ရာနဲ့ရေးတဲ့ တေးတစ်ပုဒ်လောက်ပါပဲ...။xxxxx။
နွေလှိုင်ဿုန်း
၁၄-၁၂-၂၀၀၉

Sep 18, 2009

နွေလမ်း

ခေတ်ပေါ်နံက်စာ ဗိုက်ဟောင်းလောင်းတစ်ပွဲနဲ့
အကြွေစောတဲ့ မနက်ခင်းတစ်ခု
ကိုယ်ထူကိုယ်ထ လမ်းမပေါ်...မှာ
ပစ္စလက်ခက် ဒဏ်ရာတွေနဲ့ ဟောဒီညတွေက
မှောင်သထက်သာ နက်နေဆဲလေ...။
လက်သည်းကြားထဲဝှက်ထားတာ ကြေးညှော်တွေပါ

ထိန်းမနိုင်သိမ်းမရ ပြိုလဲမှုတွေကြား
လရိပ်ခိုလို့ အေးမြလိုပေမဲ့...
ကိုယ့်ကိုယ်ကို တန်ဖိုးတွေ နင်းချေနေမိခဲ့
အိမ့်မက်ခွင့်မရှိအောင် အတွေးတွေ ထိုးထောင်ဖြူဖွေး..
အလင်းချို့ ပင်ပျိုတွေထက် 
ချိနဲ့တဲ့ အတောင်ပံတွေလေ...။...
ကောင်မလေးရေ..
မင်းဆရာ တစ်ခါက ပြောဖူးတဲ့စကားလိုပေါ့
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားမှာထက်
ငှက်တစ်ကောင်က... 
အပင်တစ်သောင်းဖြစ်ရမယ်ဆိုတာလေ
ပစ္စုပ္ပန်ကို လက်ခံရင်း 
ငှက်တစ်ကောင် ဖန်ဆင်းမယ်။   ။

Aug 18, 2009

သီချင်းများနှင့် ကျနော့် နှလုံးသေ

ဘ၀နဲ့မကွာတဲ့ဝဋ်ကြွေးလေ
လူတွေ ရဲ့ လိုအင် ငါ့လိုအင်
ဆန္ဒတွေနောက် လေလွင့်ရင်းမျော
မျော....မျော...မျော နေဆဲ
လောကကြီးကိုက...
မထင်မှတ်တာတွေ ဖြစ်တတ်တဲ့နေရာလေ
နှလုံးသေနဲ့ ရှင်နေမဲ့ကောင်လို့  
တမ်းတမျှော်လင့်ခြင်းကင်းမဲ့စွာ...
ခန္ဓာကိုယ်ထဲ စီးဝင်ဆဲ  အိမ်မက်ဆိုးများနဲ့
မင်းတို့ထင်မထားတဲ့ ဖြစ်ပျက်ကင်းချစ်ခြင်းရှိတယ်
မင်းတို့ ရူးသွပ်တဲ့လူတစ်ယောက်အဖြစ် မြင်တွေ့ဖို့
ငါ့နှလုံးသေက ရူးသွပ် ပျက်စီးခဲ့ရပြီးသားလေ
မင်းတို့မြင်တာ မမှားဘူးလေ 
ငါ့စာမျက်နှာ ၁၉ ကနေ

ဘ၀ကိုထုချေခွဲဖျက်ပြီးနောက် သစ္စာရှိစရာမဲ့သူ
မင်းတို့လိုပဲ လိုချင်တဲ့ အချစ် မရပဲ လွမ်းနေရသူ
ဖအေတူ မအေတူထုက အချစ်ကိုတွေ့ပြီလား
ချာတိတ်တစ်ယောက်ကျဆုံးချိန်တွေ ဖြတ်သန်းခဲ့ပြီးမှ
ခန္ဓာကိုယ်ထဲ လှုပ်ရှားလို့မရအောင် တုပ်နှောင်တဲ့ အဆွေးသီချင်းတွေနဲ့
ဘ၀ကို မျှင်းသတ်လို့ ရပ်မနေပါရစေနဲ့
အမှားတွေနဲ့ပဲ ဖြစ်ဖြစ်..ဘ၀ခါးထဲမှာ ငါ HipHopနဲ့ ကမယ်

နွေလှိုင်ဿုန်း
၁၇.၈.၂၀၀၉

Aug 4, 2009

လောကဓံ ၂ ပါး

ခပ်ပါးပါးလေးပါပဲ
အနည်မထိုင်သေးတဲ့ တည်ငြိမ်မှုနဲ့
တခါတရံ လှဲကျတတ်သလို..
တခါတလေလည်း ရုန်းထခဲ့ပါတယ် ။
ငါဆိုတာတော့ ....ငါ ပဲလေ...
ခပ်ဖျင်းဖျင်းညံ့ညံ့ ဆိုလည်း...ဒါ..
ငါပဲ ။ .... တာဝန်ယူရဲပါတယ်..
ရင်ဆိုင်ရဲပါတယ် ။ ...
လေဟုန်စီးခွင့်ရတုန်းတော့
အာကာသထိ အိမ်မက်မက်ခွင့်ပေးပါ...။...
ကောင်းကင်မှာ လွင့်မျောနေချိန်တော့ 
မိုးကုတ်စက်ဝိုင်းနဲ့လွတ်ကင်းသလို မြင်တာပေါ့ ..။..
တစ်ခုတော့ ရှိတယ် ။
လူ ရဲ့ ဖြစ်တည်ခွင့်ဟာ 
အသက်ရှင်နေသမျှ ကန့်သတ်ချက်မဲ့တည်နေတယ်လေ..။   ။
နွေလှိုင်ဿုန်း
၎ရက်၊ဩဂုတ်၊၂၀၀၉


Jul 13, 2009

မိုးသက်လေပြင်း

ဘာရယ် မဟုတ်ဘူး။...ကမ္ဘာကြီးရဲ့ အော်သံတွေနဲ့
လူတွေရဲ့ အတ္တနဲ့ တုပပြိုင်ဆိုင်မှုတွေ
မင်းနားလည်နိုင်တဲ့ ဘာသာစကားပါပဲ
ဒါပေမဲ့....မင်းနားလည်ဖို့ ခက်မှာပါ
အားလုံးက နားနဲ့မဆန့်တဲ့ အဆန်းတွေချည်းပဲ
တွန်းတိုက်ရုန်းကန် အသက်မွေးခြင်း..
....ငြီးငွေ့စိတ်ပျက်ဖွယ် အကြောင်းများ..
ကိုယ့်ကိုယ်ကို အားကိုးချင်တဲ့သူတွေ နည်းပါးလာသမျှ
အပေါ်ယံကောင်တွေ အနေချောင်ဦးမှာပါ
မရှက်တမ်း တွေးတတ်ဖို့တော့ မကြိုးစားလေနဲ့
ကိုယ့်ကိုယ်ကို သတ်သေတာက
ဘုရားဟော အဖန် ငါးရာငါးကမ္ဘာတဲ့
ငွေဆိုတာက မင်းသိသလို
ဘုရားမှ မဟုတ်တာပဲ
လူတွေ သည်းခြေကြိုက်လို့ ပြောတဲ့ဦးလေးကို
ပါးစပ်ဖြတ်ရိုက်ခဲ့တဲ့ကောင်လေ
စက္ကူကို ဘုရားလို ကိုးကွယ်တဲ့သတ္တဝါတွေ တယ်များသကိုး....
အဲဒါကြောင့် .......
အစစ ခြားနားလွန်းတဲ့ ငါ့ကို
အတွေးထဲက ထုတ်လိုက်ပါလေ
အင်း...တမျှောမျှော တလွင့်လွင့်နဲ့ပါပဲ
ဒီနေ့က မနေ့...ဘာလဲ....မနေ့က ဒီနေ့
ဘာများကွာခြားလဲ ရုန်းလေနစ်လေနဲ့
လူ ၂ မျိုးပဲကျန်ခဲ့တယ်...။
တော်တော်ကြမ်းကြမ်း ထုရိုက်ထားတဲ့ပန်းပုမျိုး
ကိုယ့်အသက်ကိုယ် မလုနိုင်ရင်လည်း ..။...
လှည့်ကြည့်နိုင်သူ ရှိမယ် မထင်လေနဲ့.....
ဒီနေ့နဲ့မနေ့လေ
ဒီနေ့နဲ့ မနေ့ပေါ့ မတူဘူးလားဗျာ
ခင်ဗျား အဲဒါတွေ မသိလည်း စဉ်းစားလို့ရပါတယ်
မတူပေဘူးလားဗျာ..........။ ။


Jul 2, 2009

၃ မိနစ် ကဗျာ

ငါနေတဲ့မြို့လေ.............
အက်ကြောင်းတွေထပြီး ဘယ်နေ့ပြိုကျမယ် မသိတာ
ငါမြင်တဲ့ အသိအာရုံတွေလေ
ဒီညသာပြီးမယ် ပြောဆုံးဖို့ မမြင်တဲ့ပုံပြင်
ဆွေးဆွေးမြေ့မြေ့နဲ့ နှေးကွေးစွာ နောက်ဆုတ်နေတယ်
မျက်ဝန်းတွေ ကြည့်လိုက်တိုင်း
ဝေသီမှုန်ဝါးတဲ့ နေ့စဉ် အသက်ရှင်ခြင်းသက်သက်
လေးလန်လွန်းတဲ့ ငါ့လက်ဖျားတွေ အတွက်
ထပ်ရေးဖို့ လိပ်ထားဖို့ မတောင်းဆိုပါနဲ့တော့


နွေလှိုင်ဿုန်း(U95)
၂ရက်၊ ဂျူလှိုင် ၊၂၀၀၉

Jun 7, 2009

သစ္စာနီ၏ မနက်ဖြန်ထွက်မဲ့နေ

ကျွန်ုပ်မှာသာ အခွင့်အရေးရှိမည်ဆိုလျှင် မဟာစကြာဝဠာတံတိုင်းပေါ်မှာ ကဗျာတစ်ပုဒ်ရေးချင်ပါသည်။ အာဒံကို အေဒင်ဥယျာဉ်ထဲက သစ်သီးအား မစားဖြစ်အောင်တားမြစ်ချင်ပါသည်။ မောင်ချောနွယ်ကို အိုင်ယာလန်ပို့ချင်ပါသည်။ ဟစ်တလာကို ပန်းပဲမောင်တင့်တယ်နှင့် အလဲအထပ် ရိုက်ချင်ပါသည်။
ဖြစ်တည်မှုပဓန၀ါဒကို ငရဲမီးစားကြည့်ချင်ပါသည်။ ဟီရိုရှိးမားမြို့ထဲက သြဂုတ် (၆) ရက်နေ့ကို ထာဝရနုတ်ယူထားချင်ပါသည်။ အီရက်သို့သွားကာ ဒေါ်လာ ၂၅ သန်းတန် ဆက်ဒမ်ဟူစိန်အား ရှာဖွေချင်ပါသည်။ မိုက်ယ်အိန်ဂျလို၏ လက်များကို ကျောက်တုံးဖြစ်အောင် ဖန်ဆင်းချင်ပါသည်။ အမေရိကန်နိုင်ငံခြားရေးပေါ်လစီကို ခြောက်မူးတစ်ပဲနှင့် ၀ယ်လိုပါသည်။ (ပြန်အမ်းငွေမယူပါ) လူတိုင်းတွင် အခွင့်အရေး ရှိမည်ဆိုပါက အခွင့်အရေးကို အခွင့်အရေးဟု အမည်ပေးကြလိမ့်မည် မထင်ပါ။ အမည်ဆိုသည်မှာ….

ဆိုကရေးတီးသောက်ခဲ့သော အဆိပ်ခွက်၏အမည်မှာ အမှန်တရားဖြစ်ပါသည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်ပြီး စကြ၀ဠာကို အမဲလိုက်ခဲ့သော သူ၏အမည်မှာ စတီပင်ဟော့ကင်းဖြစ်ပါသည်။ မြေချစ်သူ၏ လျှာပေါ်တွင် တည်ဆောက်ခဲ့သော စက်ရုံအမည်မှာ “၀ိုင်” ဖြစ်ပါသည်။ ကျေးပိုင် ကျွန်ပိုင်ခေတ်က ကျောက်ဖြစ်သွားသော ချွေးစက်များ၏အမည်မှာ ပိရမစ်ဖြစ်ပါသည်။ ကမ္ဘာမြေကြီးက လက်ခံထားသော ပရောမီးသီးယပ်စ်၏ ခိုးရာပါပစည်းအမည်မှာ မီးဖြစ်ပါသည်။ ၁၉၄၆ ခု၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင် ဘုရားသခင်လက်မှ လွတ်ကျတော်မူခဲ့သော ပစ္စည်း၏ အမည်မှာ သစ္စာနီဖြစ်ပါသည်။ (ကံအားလျော်စွာ ကွဲရှသွားသည်) ကျွန်ုပ်ကြိုက်ခဲ့ပြီး ကျွန်ုပ်မရခဲ့သော မိန်းမများ၏အမည်မှာ ဂျိမ်းဖွန်ဒါ၊ ကက်သရင်း ဒဲန်ညူ၊ နမ်စီကွမ်၊ ရှမီလာတဂိုးနှင့် ခင်မေအောင်တို့ဖြစ်ပါသည်။ သို့မဟုတ် အမည်နာမများမှာ ပညတ်များသာဖြစ်ပါသည်။ သို့မဟုတ် အမှန်တရား၊ သိပ္ပံပညာ၊ လူ၊ စနစ်၊ ရမ္မက်၊ သေခြင်းတရားနှင့် အရာအားလုံးမှာ ပညတ်များသာဖြစ်သည်။ ပညတ်ဆိုသည်မှာ မသေချာသော အရာဖြစ်ပါသည်။

ကျွန်ုပ်တွင် ၀တ္ထုတစ်ပုဒ်ရှိသည်မှာသေချာပါသည်။ သို့သော ထိုဝတ္ထုထဲတွင် ဇာတ်လမ်းပါရန်မှာ မသေချာပါ။ သည်ပန်းသည် ရနံ့မွှေးသည်မှာ သေချာပါသည်။ သို့သော် သည်ပန်းကို နှင်းဆီဟု ခေါ်ကြောင်း မသေချာ။ ကလီယိုပက် ထရာကိုကိုက်သည့် ပန်းသီးခြင်းထဲမှ မြွေသည် အဆိပ်ရှိကြောင်း သေချာပါသည်။ သို့သော် ထိုမြွေသည် မြွေဟောက်ဖြစ် ကြောင်း မသေချာ။ စာရေးဆရာညိုသစ်တွင် အိမ်ထောင်မရှိကြောင်း သေချာပါသည်။ သို့သော် လူပျိုဖြစ်ကြောင်း မသေချာ။ သည်အရာမှာ ရွှေတစ်ကျပ်သားဖြစ်ကြောင်း သေချာသည်။ သို့သော် ရွှေစစ်စစ်ဖြစ်ကြောင်း မသေချာ။

မနက်ဖြန် နေထွက်မည်လား မသေချာ။ မသေချာခြင်းမှာ နောက်ဆုံးပေါ် သိပ္ပံနည်းကျ အယူအဆဖြစ်ပါသည်။ ရူပဗေဒသိပ္ပံနယ်တွင် ထင်ရှားလှသော ဟိုင်ဇင်ဘတ်ခ်၏ မသေချာမှုနိယာမ (Uncertainty Principle) ကို သင်ကြားဖူးပါသလား။ လူမှုရေးသိပ္ပံနယ်တွင် သတင်းနည်းပညာတော်လှန် ရေးက မွေးထုတ်လိုက်ကာ ဂလိုဘယ်လိုက်ဇေးရှင်း၏ ၀ိသေသတစ်ခုအဖြစ် Uncertainty မရေရာမှုသီအိုရီကို ရောဘတ်ဆင်မျူရယ်ဆင်လို ပညာရှင်တွေ ကိုင်စွဲအသုံးပြုနေကြသည်ကို သင်ကြားဖူးပါသလား။ အနုပညာနယ်ပယ်တွင် ပို့စ်မော်ဒန်တို့၏ အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ၀ုဖ်ဂန်အဇ္ဇာ WOLFGANGISER ၏ ရှိမှုမရေရာခြင်း သဘောတရားခေါ် ONTOLOGICAL UNICERTAINTY ကို သင်ကြားဖူးပါသလား။ သင်ကြားဖူးသည်မှာ သေချာပါသလော။ သေချာသည်မှာ မသေချာပါ။ (မှတ်ချက် သည်ဝတ္ထုကို ဟွန်းမဲ့ဇုံအဖြစ် သတ်မှတ်ထားပါသည်။)
သစ္စာနီ၊၂၀၀၃ နိုဝင်ဘာ၊ ရုပ်ရှင်အမြူတေ