Search This Blog

Aug 26, 2007

ကျနော့်အတွေး၊ ကျနော့် အရေး


ဘယ်သူဘယ်ဝါပြောတာမှ ယုံဖို့ မဟုတ်ဘူး။ နားယောင်ဖို့မလိုဘူး။ဦးနှောက်ပါတယ်။ နှလုံးသားပါတယ် ။စဉ်းစားဆင်ခြင်နိုင်တဲ့ အသိတရား ...လူတိုင်းကိုယ်စီ ပါကြတယ် ။မှန်တာကိုသိနေရင် မှန်တဲ့ဖက်က ရပ်တည်ရဲတဲ့ သတ္တိပဲလိုတယ်။ကျုပ်ကလည်း မြန်မာဆိုတော့ မြန်မာလိုရေးပြီး မြန်မာ့အရေးပြောမယ် ။ အခုတလောကျနော်တို့ ရဲ့ မြန်မာပြည်အခြေအနေတွေကတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ ။အင်မတန်ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဘာတွေဘယ်လို ဆက်ဖြစ်လာဦးမလဲ ဆိုတာ အဝေးမှာရောက်နေကြတဲ့ ကျနော်တို့ မြန်မာလူငယ်တွေဟာ အခြေအနေတွေ ဘယ်လိုရှိနေလဲဆိုတာကို စိတ်လှုပ်ရှားစွာ မျက်ခြေမပျက် ရှာဖွေစောင့်ကြည့်လေ့လာနေကြပါတယ် ။ပြောစရာစကားလုံးမဲ့ အောင် အောက်တန်းကျယုတ်မာကောက်ကျစ်စဉ်းလဲလှတဲ့ အာဏာလုအစိုးရဟာ အဆင့်အတန်းမရှိတဲ့ရွှံရှာဖွယ်ရာနည်းမျိုးစုံသုံးပြီး ယင်းတို့ အာဏာတည်မြဲရေးကို လုပ်နေပါတယ်။ကမ္ဘာ့အောက်တန်းအကျဆုံးအစိုးရ ပါပဲ။ဘယ်အစိုးရမှ ဒီလက်ရှိမြန်မာစစ်အစိုးရလောက်အောက်တန်းမကျနိုင်ဘူးထင်ရဲ့ ။စံချိန်ချိုးလောက်တယ်ဗျ။စည်းလုံးမှုပြိုကွဲနေတဲ့ ရွှေမြန်မာကြက်ဆူမျိုးတွေကြားမှာ သာရာကူးပြီးနိုင်ငံရေးနဲ့လုပ်စားတဲ့ဦးနှောက်မဲ့လူငနွားတွေက အမျိုးကိုဖျက် ၊ရှူးတိုက်တိုင်း လိုက်ကိုက်တဲ့ ခွေးတွေလို အမဲရိုးမျှော်ကြရင်း လိုက်ကိုက်ကြသဗျ ။ ဟိုကဗျာထဲကလို အမျိုးပါ ဆဲချင်တယ်။ကိုလွှမ်းမိုး ဆိုခဲ့ဖူးတဲ့ သီချင်းလိုပေါ့ဗျာ ။ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်.... ကျနော်တို့ ရပ်ကွက်ထဲမှာဒီလိုပဲ ။
အခုကျနော်တင်ထားတဲ့ ဓာတ်ပုံက ယူဂိုဆလပ်က အာဏာရှင်တော်လှန်ရေးလုပ်တဲ့ ကျောင်းသားတွေရဲ့ Logo ပါ။သူတို့လည်း မြန်မာကျောင်းသားတွေလိုပါပဲ ။ အခွင့်အာဏာ ရာထူးတွေ လိုချင်လို့ တော်လှန်ရေးလုပ်တာမဟုတ်ပါဘူး ။ တရားမျှတမှုနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရရှိဖို့ ရည်ရွယ်တာပါ။ နောက်ဆုံးမှာသူတို့ရဲ့ တော်လှန်ရေး အောင်ပွဲခံနိုင်ခဲ့ကြတယ်။ ကျနော်တို့နိုင်ငံရော ဘာကြောင့် ဒီလို အောင်ပွဲမခံနိုင်ရမှာလဲ။ ခက်တာက ကျနော်တို့နိုင်ငံက အခုတောင်အကြွေးတွေ ပတ်လည်ဝိုင်းပြီး ချွတ်ချုံကျနေပြီ။ဒါကိုတောင် နျူးကလီးယားအိမ်မက်ကို ဆက်မက်နေကြဆဲပါပဲ ။ဓာတ်ပေါင်းဖိုကြီးတွေ ရပါပြီတဲ့ ။စွမ်းအင် ထုတ်လုပ်ဖို့၊ လည်ပတ်ဖို့၊ ထိန်းသိမ်းဖို့ ထောက်ပံ့တဲ့ ငွေကြေး ...ဘယ်ကရမလဲ ။ပြည်သူ့ လည်ပင်းကို တက်နင်းဦးမှာပဲ ။ ကိုယ့်နိုင်ငံအတွက် ၀မ်းနည်းတုန်လှုပ်ပါရဲ့ဗျာ။ကိုလွှမ်းမိုးဆိုခဲ့ ဖူးတဲ့ သီချင်းတစ်ပုဒ်လို အမျိုးအတွက် ကျုပ်ငိုတယ် ပေါ့ဗျာ ။ဇာတ်ခုံပေါ်တက်ကနေကြတဲ့ မျောက်တွေကတော့ သူတို့တရားခံဘ၀မှာ ပြည်သူတွေရဲ့ လက်ညှိုးထိုးကြ၊ တံတွေးထွေးကြ ၊မတရားလုပ်ခဲ့သမျှ ၀ဋ်လည်မှာကို အကြောက်ကြီးကြောက်ပြီး မျက်ပြူးဆန်ပြာ လုပ်မိလုပ်ရာ မဟုတ်မဟပ်တွေ စွတ်ရွတ်လုပ် ...၊ အဲဒီလိုနဲ့ မှားပြီးရင်းထပ်မှားဖြစ်နေတာပေါ့ ။
အဓိကပြောလိုတဲ့ အချက်က စည်းလုံးညီညွတ်မှုပဲ။တခြား ဝေးဝေးပြေးပြီး ရှာနေစရာမလိုပါဘူး ။ ကျနော်တို့နိုင်ငံရဲ့ အခြေအနေကို လွတ်လပ်ပွင့်လင်းစွာ ထိမိသိရှိနေကြတဲ့ ကျနော် အပါအ၀င် ပြည်ပရောက် ရွှေမြန်မာတွေ အချင်းချင်းရော စည်းလုံးညီညွတ်မှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စုစုစည်းစည်း ရှိနေနိုင်ကြပါရဲ့လား ။ပြည်တွင်းမှာရော ....တနေ့တခြား ကွဲပြဲအောင်လုပ်နေကြတဲ့ မျောက်တွေရဲ့ လိုသလို ဆွဲသုံးတဲ့ အသုံးချခံဆိုတဲ့ ဘ၀ အဖြစ်ကို စားဝတ်နေရေးပြေလည်ဖို့ ဖြတ်လမ်းကလိုက် ၊မိုက်မဲပြီးဦးနှောက်မဲ့ တဲ့ အလုပ်မျိုးကို မျက်စိမှိတ်ပြီး စွတ်လုပ်နေကြတဲ့ ရွှေမြန်မာငမိုက်သားများရဲ့ လုပ်ရပ်တွေက ပြည်တွင်းစည်းလုံးညီညွတ်မှု ရဲ့ သကေ`င်္တလား ။ရွံလို့ တော်ချင်သည်ဖြစ်စေ ၊မတော်ချင်သည်ဖြစ်စေ သူတို့လည်း ရွှေမြန်မာမျိုးပါပဲ ။ကြောက်စရာအကောင်းဆုံးကတော့ အားသာတဲ့ဖက် ကူးပြီး နိုင်ငံရေးလုပ်တာကို ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းပုံစံအဖြစ်နဲ့ရပ်တည်နေကြတဲ့ ရွှေမြန်မာတချို့ ၊နောက် တောင်ပြိုရင် ဖနောင့်ပေါက်ဖို့ စောင့်နေကြတဲ့ သူရဲကောင်းယောင်ကြီးတွေ ပေါ့ဗျာ ။အချိန်အခါ အခြေအနေကို ကြည့်ပြီး လုပ်စား ၊နိုင်ငံရေးနဲ့ အမြတ်ထုတ်သွားမဲ့ လူတွေ ရှိကြလေတော့ နိုင်ငံရေးသမားဆိုတဲ့ အင်မတန်ဖြူစင်မြင့်မြတ်တဲ့ ၊အများအကျိုးကို ဘ၀စွန့်လွတ် ရင်းနှီးပြီး ပေးဆပ်ခြင်းဆိုတဲ့ အဓိပ္ပါယ် ပျောက်ပြီး ရှုပ်ထွေးပွေလီမှု ၊ကောက်ကျစ်စဉ်းလဲမှု...စတဲ့မဟုတ်မဟပ်အဓိပ္ပါယ်တွေ ရောထွေးကုန်တာပေါ့ဗျာ။ စကားပုံတွေ ၊ဆိုရိုးတွေ ပြောရ ရင် လေရှည်ပါတယ် ။
နိဂုံး ။ ။တကယ် လုပ်ရရင် တကယ်ပင်ပန်းတာပေါ့ဗျာ ။ဒါပေမဲ့ ...မလုပ်ပဲနေလို့မှမရတာ ။ကိုယ့်နိုင်ငံအခြေအနေကတော့ ဖက်နေတဲ့ ရွှေမြန်မာလည်း သိနေမှာပါ။မြင်မြင်သမျှ လူသားရွှေမြန်မာ အားလုံး....တကယ် အလုပ်လုပ်ရင်း ၊ကိုယ့်ရာဇ၀င် ကိုယ်ထွင်းရင်း နိုင်ငံကောင်းဖို့ စုပေါင်းလို့ ပြန်လည်ကြိုးစားကြပါစို့လား ဗျာ။ ။

Aug 21, 2007

သောက်လေသူ ဆယ့်တစ်မိုး အတွက်....အမျှ..အမျှ..အမျှ

မရေးချင်ပဲ ရေးတဲ့ ကဗျာ တပုဒ်ပဲဗျို့ ။ ဘာလို့ လဲဆိုတော့ လူမှုရေးအရမို့ပါ ။ဟိုလူ....ဆယ့်တစ်မိုး ဂျီကျနေတာကို နားပူလွန်းလို့ရေးလိုက်ရတာ။သူ့ ရဲ့ နှလုံးသားကို အစားထိုး ၀င်ရောက်ခံစားခြင်းပေါ့ ။ သူ့ ကောင်မလေးကိုတော့ နည်းနည်းမှ ၀င်မခံစားခဲ့ ရဘူးဗျဟားဟားဟား။ဘာပဲဖြစ်ဖြစ်... ရေးပြီဗျာ.....။
နေပျော်ခြင်း
ချစ်သူရေ.....။
ငါလေ...................
ကျရှုံးခဲ့ ရင်လည်း
မင်းအတွက်ခံစားခဲ့ရတဲ့ ဒဏ်ချက်တွေမို့
နေပျော်တယ်။
အောင်မြင်ရင်လည်း
မင်းအတွက်ရည်စူးလို့ ကြိုးစားခဲ့ တဲ့ အားအင်တွေမို့
ကျေနပ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ်လေ......
ငါ့ ဘ၀မှာ ပတ်သတ်လာသမျှ
အရာရာကို
ကျေနပ်နေပျော်တတ်အောင်
သင်ကြားပေးခဲ့ တဲ့
ဝေဒနာများနဲ့လမ်းပါပဲလေ.....။
အတုံ့ အလှည့် မမြင်တဲ့
မင်းအတွက်
မေတ္တာတရားများနဲ့ ငါ့ရင်ခွင်ကို
တသက်စာနေပျော်ဖို့
ဖန်ဆင်းပေးခဲ့ တဲ့ ကျေးဇူးအတွက်
ချစ်သူရေ....
သတိရရင်း......
လွမ်းဆွတ်ရင်း.....
ရီဝေခံစားနေရင်း......
ကျေးဇူးတင်နေဆဲပါလေ.....။ ။

Aug 10, 2007

ခေါင်းစဉ်မဲ့



ဒီနေ့ Post တစ်ခုရေးဖို့ နေ့ခင်းက စဉ်းစားခဲ့ ပေမဲ့ အခု ရေးမယ်ဆိုတော့ မပေါ်တော့ဘူး။ မေ့သွားပြီ။အဲဒါနဲ့ ရေးတော့ ရေးမယ်ဆိုပြီး လက်ရောက်လာတာပဲ။ကျနော်ကတော့ ဘာကောင်မှ မဟုတ်သလို၊ ဘာရယ်မှလည်း မဟုတ်ပဲ blog လောကထဲ လာရှုပ်တဲ့ သူပါပဲ။ကျနော့် ကို ဒီBlog လောက ထဲ ၀င်ရှုပ်နိုင်အောင် လမ်းစဖေါ်၊လမ်းပြတာက ကိုယ့် ကိုယ်ကို ပြောဆို ဆုံးမလို့ မရသေးဘူး ဆိုတဲ့ လူလေဗျာ ။ ကမိုးညိုလို့ သူ့ ကိုယ်သူ နာမည် ပေးထားတဲ့ လူပေါ့ ။.....ဟုတ်တယ် ..သူပဲ ..သူပဲ အဟွတ် အဟွတ် ။ကျနော် ဆိုတဲ့ လူက မင်းဘာသိ လဲ ၊ ဘာတတ်လဲ လို့ မေးလာရင်တော့ ဘာမှသိဘူး ၊ ဘာမှ တတ်ဘူး ဆိုတာပဲ ဖြေစရာရှိတဲ့ သူဗျ ။ဒါပေမဲ့ မတက်တခေါက်နဲ့ ကြီးကြီးကျယ်ကျယ် တွေလည်း နည်းနည်းတော့လျောက်ရေးချင်သေးတယိ ။အဲဒါနဲ့ ကျနော့် ဆီသူငယ်ချင်းတစ်ယောက်ပို့တဲ့ သီချင်းတစ်ပုဒ် ကောက်တင်လိုက်တာပါပဲ ။ရောက်တဲ့ အရပ်၊ ရောက်တဲ့ နိုင်ငံတွေ မှာ မြန်မာလူမျိုးတွေ လူမျိုးပေါင်းစုံ၊ လူတန်းစားပေါင်းစုံက အရမ်းစည်းလုံးကြတယ် ကြားတယ်ဗျ ။ဒီလိုပဲ ဖြစ်ရမှာ ပေါ့ ဗျာ။ ကြားရတာ ၀မ်းသာ သဗျာ။အွန်လိုင်း ပေါ်မှာ အောက်လိုင်းထဲမှာ Blog တွေမှာ အင်မတန် သွေးစည်းညီညွတ်ကြသတဲ့ ။

မြန်မာ့ အလံတော် ကြီးလည်းပြောင်းကြ၊ကျနော်တို့ ပြည်သူလူထု ကြီးကလည်း တညီတညာထဲ ဖြစ်နေပြီ ဆိုတော့ ......အင်း ....ဒီမိုကရေစီဟာ ပြည့်သူတွေလက်ထဲ ရောက်ဖို့ မဝေးတော့ပါဘူးဗျ။နောက်လကုန်လောက်က စပြီး တက္ကသိုလ်တွေ ရက်ရှည်ပိတ်ပေးဦးမယ်တဲ့ ။(၇)လပိတ်မယ် ဆိုလားဗျာ။ကျောင်းသားကျောင်းသူတွေ ပင်ပန်းနေသမျှ နားကြရတာပ ။ သာဓုဗျာ သာဓု သာဓု ..။ကျနော်တို့ရဲ့ ရွှေမြို့တော်နဲ့ ခရိုင်ကြီး တစ်ခုလုံးအညိုရောင်နယ်မြေ ကြီးပါတဲ့ ။ဖြူဝူးတဲ့ ဂျ ...ဟီး...။ကျောင်းတွေမှာလည်း စစ်တပ်က ဗိုလ်တွေရောက်နေသဗျ။ဘာလာလုပ်ကြတာလဲ အတိပါဝူးဂျာ ။ကျောင်းပြန်လာတက်ရအောင်လည်း အဲဒီလို ပညာရေးစနစ်မှ မရှိတာပဲ ။ ရောက်နေကြတဲ့ ဗိုလ်တွေ ကြည့်ရတာလဲ စိတ်မချမ်းသာပေါင်ဗျာ။သူတို့ လည်း သူတို့ အပူတွေနဲ့ သူတို့ဆိုတော့ အင်း....မိသားစုတွေက ပါသေးတယ်။ သနားစရာပါဗျာ ။ကိုယ်တို့တွေမှ အကြပ်ရိုက်နေတယ်မှတ်နေတာ ။ သူတို့ လည်း ညုပ်နေကြတာကိုး ။ ကောင်းပဗျာ ကောင်းပ ။ဒီကြားထဲ အနေမတတ်ရင် မျောက် ကုတ်ခံရနိုင်သေးတယ် ။

ဟောဒီ ရေမြေဟာ မွေးရပ်ဌာနေ ချက်ကြွေမြေမြုပ်မို့ အဟုတ်ချစ်လို့ ၊မြတ်နိုးခင်တွယ်လို့ ပါ။အဟုတ် ပါ ကြွားတာမဟုတ်ပါဘူး။ဒီရေခံမြေခံ နဲ့ တကယ့် လူမှန်တွေ အမြောက်အများလည်း ပေါ်ထွန်းခဲ့တာမို့ ကျနော်ဂုဏ်လည်းယူချင်သဗျ ။ သူတို့ပြောတဲ့ သူပုန်ကြီးတွေ၊ နိုင်ငံရေးသမားတွေ ပေါက်ဖွားကြသပေါ့ဗျာ ။ အပူပိုင်းကလူမို့ လား မသိဘူး သွေးလည်းဆူလွယ်ကြသဗျ။ကျနော် မညာပါဘူး ။ ကလေးဘ၀ ကတော့ ဒီလို သူပုန်ကြီးတွေ ၊ နိုင်ငံရေးသမားကြီးတွေ လို့ ကြားရတာနားထဲမှာ တမျိုးကြီးပဲ။ပြောတဲ့ လူကြီးတွေ ကလည်း တိုးတိုး တိုးတိုး နဲ့ ပြောကြတာကိုး ။ ဒီလိုပြောတာကြားရတော့ နုနယ်တဲ့ ကျနော့် နှလုံးအိမ်မှာ ကြောက်စရာ လန့်စရာသတ္တ၀ါကြီးတွေ လိုပဲဗျ ။လူထူးလူဆန်းကြီးတွေ အဖြစ်မြင်တာပေါ့ ...။ ဘာလို့ သူတို့က သူများတွေလို သာမန်ပဲ အေးအေးဆေးဆေး မနေကြတာလဲပေါ့ ။ကျနော် ငယ်ငယ်က ကြောက်တတ်ပုံကတော့ မီးသတ်ကားကို မကြည့်ရဲဘူးဗျ....ဟီး.. ။(သုံး လေးနှစ် အရွယ်လောက်က ဗျ)အနီရောင်ကားကြီးကို ကြောက်လို့ အဖိုးရဲ့ လက်ကို အတင်းဆွဲဖြုတ်ပြီး ထွက်ပြေးဖူးတယ် ။ တကယ့် ဇာမဏီသွေးပဲ ဟဲဟဲ...။အရွယ်ရောက်လာတော့ စာတွေဖက်ရင်း ၊ လူတွေကို လေ့လာရင်း ကျနော် သူပုန်ကြီးပဲ ဖြစ်ချင်လာတယ်။လူတွေ ခပ်ရှောင်ရှောင် လုပ်နေကြတာကို ကြည့် ပြီး သူတို့ နေရာက ၀င်ခံစားတယ် အမှန်ကို ပြန်သုံးသပ်တယ်။(မှတ်ချက်။ ။ဤအလေ့အထများကို ဒီနေ့ ပညာသင်ကြားရေးဘောင်အတွင်းရှိ ကျောင်းမှ သင်ကြားရရှိခြင်း မဟုတ်ပါကြောင်း) အသံပဲရှိပြီး အဆံ မရှိတဲ့ သတ္တ၀ါများကို ဥပေက္ခာပြုရင်း ခံစားရတဲ့ လောကဓံကို အံကြိတ်တင်းခံရင်း ကိုယ် ယုံကြည်ရာလမ်းကိုပဲ လျောက်တော့တယ် ။အလိုဆန္ဒနောက် ကောက်ကောက်ပါအောင် လိုက်နေရရင် ဆင်ခြင်ဥာဏ် အသိတရားဟာ ဒီနေ့လည်း သေနေမယ် ။မနက်ဖြန်လည်း သေနေဦးမှာပဲ ။ဘ၀မှာ ဘာတွေ များများစားစား တောင့်တ တက်မက်နေစရာရှိလဲ။မပျက်စီးတတ်တဲ့ အရာရှိတယ်ဆိုရင် ကျနော်ကိုရော လက်တို့ လိုက်ပါဦး ။မဟားတရား အတ္တတွေကို လှမ်းအကြောင်းကြားရမှာမို့လေ ။ အေးရော .......

နောက်တစ်ခုက လူရဲ့ ၀န်ဆောင်နိုင်မှုအလေးအဆချိန်ခွင်လျှာ အကြောင်း လျှာရှည်ခြင်းပါ။ပါရမီရှင်တချို့ တွေကလွဲလို့ အများစုရဲ့ ၀န်ဆောင်နိင်မှု အလေးအဆဟာ တဖက်က သိပ်လေးနေရင် ကျန်တဖက်က မြောက်တက်ပြီး ပေါ့နေမှာပါပဲ ။နားလည်ကြပြီးသား ဆိုပေမဲ့ သတိကပ်နားလည်ပေးတတ်ကြဖို့ လျှာရှည်ရင်း ကျနော်ရဲ့ လက်အငြိမ် မနေမှု ကို အဆုံးသတ်ပရစေ။ ။စစ်တပ်ဆို တာ ပစ်ရင်မှန်အောင် ပစ်တယ် ဒါပဲ ။

Aug 8, 2007

မှတ်ဥာဏ်

ဒီကနေ့ ...............
မှတ်မှတ်ရရ ထက် မေ့လို့ မရတဲ့ သမိုင်းတစ်ရပ်ပဲ ။
လွန်လေပြီးတဲ့ မှတ်ဥာဏ်မှာ
၁၉ နှစ်က ရဲရင့် ၀င်းပတဲ့
တိမ်နီတွေ ပြေးလွှားနေကြ ရဲ့ ------။
ကလေးဘ၀က သီးသန့်ကမ္ဘာတစ်ခု
စုရုံးတက်ကြွနေကြတဲ့ လူအုပ်ကြီးကို မြင်တယ် ။
စည်းလုံးညီညွတ်တဲ့ အားအင်တွေကို မြင်တယ် ။
တူညီတဲ့ ရွေ့ လျားမှုနဲ့ အနာဂတ်သစ်ကို မြင်တယ် ။
သွေးစက်လက်နဲ့ ပေးဆပ်ကြရသူတွေအတွက်
ဝမ်းနည်းပက်လက် နာကျည်းချက်တွေ မြင်တယ် ။
ငိုသံများနောက်က ကြုံးဝါးသံတွေမြင်တယ် ။
ထူးဆန်းတဲ့ တရားသံတွေမှာ
လူသားတွေရဲ့ မူလတောင်ပံတွေ ပါတယ် ။
ညီမျှတဲ့ ရွှေရောင် အနံ့ အသက်တွေ ပါတယ် ။
ခေါင်းမော့ ရင်ကော့ လာနိုင်မဲ့ လူသားမျိုးနွယ်စု ပါတယ် ။
အရည်အချင်းတွေ မြှင့် တင်မဲ့ အင်္ဂျင်တစ်လုံး ပါတယ် ။
မိသားစုတစ်ခု အေးချမ်းစွာနေနိုင်မဲ့ အိမ်တစ်လုံး ပါတယ် ။
ကိုယ့် အသား ကိုယ်ပြန်ဆိတ်
အိမ့် မက်များ မက်ခဲ့ သလား ။
ဇာတ်လမ်းက ဒီမှာတင် ဆုံးမသွားဘူး ။
ပစ္စည်းမှန်ရင် ပြန်ရ ရမှာပဲ ။
အခု ဘယ်သူ့ အလှည့် လဲ ???။
ခေတ် တစ်ခေတ်ရဲ့ တာဝန်
ပခုံးပြောင်း တင်လိုက်ပါ
ရဲရဲ ရင်ဆိုင်လိုက်ကြစို့ လား ။
လူ့ ဘ၀ဆို တာ တိုတိုလေးပါ ။ ။
နွေလှိုင်ဿုန်း(၈.၈.၂၀၀၇)


Aug 7, 2007

ကမ္ဘာဦးယဉ်ကျေးမှု

တောင်ပုံယာပုံ အိမ်မက်ကြီး များနဲ့

ခရမ်းရင့် ရောင်ဘ၀တစ်ခု

ရယူချင်တာ တစ်ခု အတွက်

ပေးဆပ်ရမှာ များတတ်တာသိရက်

အချစ်ဆိုတာ ကို တစ္ဆေဖြစ်ခံခဲ့ တယ် ။

အစစ်ဆိုတဲ့ ခက်ဆစ်ကမှားနေလေသလား

ငါဆိုတဲ့ ကောင်ဟာ ဗလာပါ ကောင်မလေးရယ်...

ကောင်းကင်က ပန်းတပွင့် ကို လိုချင်ရင်

မြေကြီးကို ချစ်တတ်ဖို့ အရင်သင်ကြားခဲ့ ပေါ့ ။

ယိုးမယ်ဖွဲ့ လက်ညှိုးထိုးဖို့ တရားခံ--ငါ--

အခွံတစ်ခုလောက်တော့

ရာထူးရသင့်ပါတယ်

အချစ်အကြောင်းပြောတာ မဟုတ်ဘူး

ဇာတ်နာတပုဒ်လောက်တောင် မခမ်းနားတဲ့

တခန်းရပ်ဇာတ်ပျက်ပဲ ။

ငါ့ ဘ၀--- ဘာလဲ.....ဘယ်လဲ..

ရလာဒ်တွေ ရောက်လာမှ ဘယ်ကလာလဲ မမေးနဲ့

လူ့ ဘ၀မှာ လုပ်သမျှ အရာ အကုန်ပြန်ရတယ် ။

အရိပ်တစ်ခုစာ နဲ့ တစ္ဆေဖြစ်ခဲ့ တဲ့ ရူးကြောင်မှု က

အန်ထုတ်လိုက်တဲ့ ပြုန်းတီးမှုတွေ

ငါ့ ဒုက္ခ နင်ယူxxxx

နင့် ဒုက္ခ ငါ့ ပေးxxxx

လူနှစ်ယောက်ပေါင်းပြီး ဒုက္ခတွေ မွေး

လေကွယ်လုံခြုံရာ အထင်နဲ့

အတ္တကိုယ်ပွားတွေထုလုပ်

ဟို တဖက်နံရံက ကဗျာရွတ်သံကြားတယ်...။

မင်းနေခဲ့ တော့ လေ

ငါ.....နာရီအိုတလုံးကို စွန့် ပစ်ရဦးမယ်

အချိန်မဲ့ ကာလများဆီ ထွက်ခွာဖို့ ။ ။ ။





Jul 24, 2007

အိမ်ပြန်မရောက်တော့တဲ့ကျနော်


တိတ်တဆိတ်စီးဆင်းလိုပေမဲ့ အကွေ့အကောက်အနိမ့်အမြင့်တွေနဲ့


လမ်းခရီးက ကြမ်းတမ်းလှတယ်။.....


မနက်ခင်းတစ်ခု ရောက်လာတော့ ပွင့်လာတဲ့ မျက်လုံးတွေနဲ့အတူ ကပ်ပါလာတဲ့အတွေးပေါင်းစုံကို ခဏထား ...မိုးလင်းကာရှိသေးတယ်။ကောင်းရာကောင်းကြောင်းတွေး ဘုရားတရားလေးနဲ့ သတိကပ်စမ်း။ရေအိုးစင်က ရေတစ်ဖလားကို အသက်အောင့် ပြီး မော့သောက်လိုက်တယ်။(အဲဒါ ဂျပန်တွေရဲ့ ကျန်းမာရေးအတွက် လျှို့ဝှက်ဆေးနည်း ဆိုလားပဲ။ ) မျက်နှာသစ်ရေချိုးပြီး အ၀တ်အစားပြောင်း၊ နည်းနည်းဟောင်းနေပေမဲ့ မဆိုးပါဘူး။ ဒီနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်။ထုံးစံအတိုင်း မြန်မာပြည်ရဲ့ လ္ဖက်ရည်ယဉ်ကျေးမှုအရ ဆိုင်တစ် ဆိုင်မှာ စုကြတယ်။ ပြောကြ ဆိုကြရင်း အစီအစဉ်တစ်ခု ရလာရဲ့။ အဲဒီနေ့ ကတည်းက ကျနော်ပျောက်ဆုံးသွားတော့တယ်။

မနက်ဖြန်တွေ မနေ့ လို့ ဖြစ်သွားတော့လည်း

အချစ်က အချစ် မဖြစ်နိုင်တော့ဘူးပေါ့လေ...




ငါ့လမ်းကို ငါလျောက်နေတာ ဘာလို့တခြားလမ်းတွေထဲရောက်သွားရတာလဲ???။ရည်ရွယ်ချက် မခိုင်မာတာလား။ငါ့လမ်းရှိတယ် လို့ထင်နေခဲ့တာလား။အားကိုးရှာတာလား။ပေါပေါသွမ်းသွမ်း ဖြစ်နေခဲ့ တယ်ဆိုရင် အချိန်တွေ နှမြောစရာ....။ဘ၀ဟာ ဘယ်လောက်ကြာလဲ။ အသက်ရှူရတာ ပင်ပန်းလိုက်တာနော်။ငါဘယ်သူ့ ကိုမှီရရင်ကောင်းမလဲဆိုတာ လိုက်ရှာလိုက်ပါဦးမယ်လေ။သူ့ကို အသက်ပါ အဌားရှူခိုင်းရမယ်။အတုံ့အလှည့် မမျှော်လင့်ပါဘူးကွယ်။ ဘယ်ပခုံးပေါ်မှာ မှေးစက်နေနေ ငါဆိုတဲ့ ကောင်ဟာ ဘ၀ရပ်တည်ရာ အတွေးအခေါ် ခံယူချက် မဲ့သူမှ မဟုတ်တာ။ခေတ်အခါက အပြစ်အနာအဆာတွေများလှတယ်။ဒီလိုနဲ့ပဲ အချစ်ရေ......တို့တွေ ဝေးဝေးနေကြရတာပဲ ကောင်းပါတယ်။




ဒါဟာထွက်ပေါက်လား....။

မှားသွားမယ်xxx

ဒါဟာ လောကငရဲကို သွားရာလမ်းကွဲ့---။



ရာသီဥတုက မကောင်းဘူးလေ။တခါတလေလည်း ဒီလိုပါပဲ...ကွန်နက်ရှင်က အင်တာနက် သုံးရတာအဆင်မပြေပါဘူးဗျာ။ဒီလိုနဲ့ ချိန်းထားတဲ့ အချိန်တွေ ခဏခဏ လွဲလွဲနေတော့ ကျနော်ရဲ့ (၂၇)ယောက်မြောက် အွန်လိုင်းကချစ်ကြူလေး နဲ့ ပြတ်ဆဲ ပါလေရော။တော်သေးတာပေါ့ နောက်(၅) ယောက်ကျန်သေးလို့ ။ဒီလိုပဲ စိတ်ညစ်ညစ်နဲ့ ၀ီစကီသောက်( တမျိုးမထင်ပါနဲ့ ၀ီစကီမှာ ပါဝင်တဲ့ တဆေးတစ်မျိုးဟာ နှလုံးရောဂါ ပျောက်တယ်ဆိုလို့ပါ)၊ ဟော်တယ်ပေါ်အရောက်သွားပြီး ကလိုက်တယ်။ သီးနှံထွက်နုန်းက ညံ့လာတော့ လယ်ယာလုပ်ငန်းမှာလုပ်နေရတဲ့ ကျုပ်တို့တွေအတွက် လက်ခလုပ်ခနဲ့ စားသောက်လို့မရပေဘူးဗျ။အဲဒီတော့ ကြုံရာကျရာ ရှိတဲ့အလုပ် လိုက်ရှာ လုပ်ရတာပေါ့ဗျာ။အင်း....အသားကျနေတဲ့ ငတ်မသေရုံတမယ် စားသောက်ရတာပ။ကျန်တာ ဘာမှ မသိမြင်နိုင်ဘူးဗျို။ ကျုပ်တို့အတွက်တော့ ဒီဘ၀မှာ ဒါမျိုးတွေက မထူးဆန်းတော့ပါဘူး။အဲဒီနေရာမှာ ကျနော် အိပ်စက်ခဲ့တယ်။



ဇာတ်ခုံပေါ်မှာ အလိုကျ က ပြဖို့

ရုပ်သေးတော့ မဖြစ်လို။



အိမ်က ထွက်လာပြီးနောက် ကျောင်းတစ်ကျောင်းကို ရောက်ခဲ့ပါသေးတယ်။၉၁ဌာန အုပ်ချုပ်ရေးလို တနယ်စီခွဲပြီးကျောင်းတွေ ဗွက်ပေါက်အောင်ဖွင်.၊ မတူခွဲခြားတဲ့ ကျောင်းသားများရဲ့ အခွင့်အရေး၊လုပ်ပိုင်ခွင့်တွေ ၊အရေးယူမှုတွေ တွေ့ ကြုံခဲ့တယ်။ကျောင်းသားများရဲ့ ရပိုင်ခွင့် ၊လုပ်ပိုင်ခွင့် တွေဟာ တနေ့ တခြား ကန့်သတ်၊ထိန်းချုပ်တားမြစ်မှုတွေသာ တိုးမြင့်လာရဲ့ ။အဲဒီနေရာမှာ ကျနော် ဆိုတဲ့ ဗုံးတစ်လုံးကို ကျယ်ကျယ်လောင်လောင် ဖောက်ခွဲပြီး အသက်ရှူလို့ မ၀တာနဲ့ ကြာကြာမနေပဲ လက်ဗလာနဲ့ လှည့် ပြန်ခဲ့တယ်။ခင်မင်ကြတဲ့ သူငယ်ချင်းတွေကိုတော့ အားနာပါရဲ့ ။အိမ်မှာ အမေက မျှော်နေမှာလေ။လူမိုက်လို့ လည်း ဝေဖန်ကြပစေ ကျနော့် ယုံကြည်ချက်ခိုင်မာခဲ့ ပြီ အမေ။ယုံကြည်ချက်ရဲ့ လမ်းပြတဲ့ အလင်း အတိုင်းသာ လျှောက်ပရစေတော့ ......။ခွင့် ပြုပါ အမေ။

နျူးကလီးယားအိမ်မက်နဲ့ ချောက်နက်ထဲက ကဗျာ

နာရေးကြော်ငြာမှာ မျိုးဆက်ဆိုတာပါသလား...???

မနက်ဖြန်မှာ စိန်ခေါ်ပွဲ ရှိတယ်။လောကဓံနဲ့ ကျနော့် ကောင်မလေး ကြိုးဝိုင်းထဲမှာ တွေ့ ကြမယ်။ ကျနော်ကို စိန်ခေါ်ထားတဲ့ ပွဲစဉ်တွေ ခဏနားရင် သူ့ ပွဲကို သွားကြည့် ဖြစ်မယ်။ ပွဲကြည့် ပရိသတ်တစ်ဦးပဲ ဖြစ်ခွင့် ရှိတယ်။သူ့ အစား ၀င်ယှဉ်ပြိုင်ပေးလို့မှ မရတာပဲ။ကို့ယ် အရှုပ်ကိုယ် ရှင်းကြရကြေးလေ။လောကကြီးကတော့ ဘယ်သူ့ ကိုမှ မျက်နှာသာ မပေးဘူး။ ခေတ်တစ်ခေတ်က ခင်ဗျားရဲ့ ပခုံးပေါ်တင်ထားတဲ့ ထမ်းပိုးစရာတာဝန်ကို ဘယ်လိုများ သယ်ပိုးမလဲဗျာ။အသက်(၄၀)ရောက်ရင် မူကြိုကျောင်းတက်မယ်လို့ ဂျက်လန်ဒန်က မပြောခဲ့ပါ။မနက်ဖြန် ကျနော် ခရီးဆက်ရပါဦးမည်။ကိုယ့်ကိုယ်ကို ၀ှက်မထားပဲ ရှင်ဖို့ နေမလား ။နေဖို့ ရှင်မလား ....ဆိုတာ ခင်ဗျားလည်း ပြန် သုံးသပ်သင့် တဲ့ မေးခွန်းပါ ။ ။





Jul 22, 2007

အပြာရောင်လမ်း

တဏှာမဖြတ်တဲ.ဥပါဒါန်


ရမ္မက်နဲ.မပတ်သတ်တဲ.မေတ္တာရဲ.ကြမ္မာ


အရောင်မရှိတဲ.အရောင်ရဲ.အလင်း


အာဏာတွေလိုချင်လှတဲ.မတော်အတ္တနဲ့


တကယ်.နေ.တွေ~~~~မလိုအပ်ပဲအမှောင်အတိကျဲလေပြီ~ ~~


အလင်းတွေပျိုးထောင်ခဲ.သော စာမျက်နှာများ


ဝင်လာသမျ မြား ဒါး ကျည်တွေ~~~~


ဘ၀လဲကျပစေ မာန်မသေဘူး


လူသားရဲ.ဦးနှောက်နဲ. နှလုံးသားဟာ


ဘာသာဗေဒသက်သက်မှ မဟုတ်ရပါဘဲလေ ~~~~။ ။




အနှစ်မဲ့တော၌လမ်းလျောက်ထွက်ခြင်း

ခင်ဗျားရင်ဘတ်ကို ဆွဲဖွင့်လိုက်စမ်းပါ

သောက်သုံးနေတဲ့ ပျော်ရွှင်မှုဟာ ပေးဆပ်ခြင်းကြောင့်လား။

ဟောဒီမြေကြီးမှာ ........... လူဆိုတဲ့ သတ္တ၀ါ အားလုံးအတူတူပါ။ ။

အသီးတွေမှာတောင် အချိန်နဲ့အမီ ရင့်မှည့်ရလေရဲ့

ဒါပေမဲ့~~~

ဘယ်တော့မှ မကြီးရင့်တဲ့ သတ္တ၀ါတွေ.....

သူတို့ရဲ့ ကွန်တိုမျဉ်းတွေအောက်

တို့ဘ၀မှာ......အယ်လ်နီညိုဟာ သဘာဝဘဲ~~~

အိမ်မက်ဟာ တရံမလပ် ရီဝေခုန်ပေါက်

အမှန်တည်ရာမှာ အသိတရားကျက်စားတယ်~~~~

ထုသားပေသားကျ ရင့်ကျက်သွားတဲ့မျက်ရည်

ဒါဟာ......... ၀ိညဉ်ထိရိုက်သွင်းခံရတဲ့သံမှို+++

စည်းလုံးမှုမှာ မာန်မာနပါသလား???

လိုသလိုမတွေးနဲ့ လုပ်ရပ်ပဲလိုတယ်။

ကိုယ့်ကိုယ်ကို ပြန်မေးပြီးရှေ့ဆက်မယ်

စကားလုံးတွေက အပိုဘဲxxx

ထပ်ပြောမယ် ဟောဒီမြေကြီးမှာ.........

စကားလုံးတွေက အပိုဘဲxxxx။ ။xxx





ကျနော်ကောက်ရခဲ့တဲ့ လွတ်လပ်မှု

ငယ်ငယ်တုန်းက လူကြီးတွေစကားဝိုင်းထဲ ၀င်ပါတဲ့အခါတိုင်း ကလေးက ကလေးနေရာနေစမ်းပါလို.အပြောခံရဖူးလား။ကျနော်တော့ မကြာခဏပါလို. မကြာခဏပဲ အပြောခံရတယ်။အဲဒီလိုဝင်ပြောနိုင်မှလည်း လူရာဝင်တယ်လို. ထင်ခဲ့သကိုးဗျ။လူကလည်း လူကြီးစီးတဲ့ စက်ဘီးရဲ့ ဖင်ထိုင်ခုံပေါ်တက်စီးနိုင်လာပြီကိုး။ဒီတော့ငါလည်း လူတော်တော်ကြီးနေပါပြီပေါ့။ဘာလို.ကလေးလို.မြင်ကြတာလဲ။ဘာညာပေါ.ဗျာ။စဉ်းစားလာပြီ။ကောင်မလေးတွေ မြင်ရင် စပ်ဖြီးဖြီးနဲ.နောက်ချင်ပြောင်ချင်နေပြီပေါ.။ဘာမှန်းညာမှန်းတော. မသိသေးဘူးလေ။ဒါပေမဲ့ လူကြီးဖြစ်ချင်လှပြီ။သိပ်လွတ်လပ်ချင်နေပြီ။ တခါတလေ အိပ်တာအဆင်မပြေလို. ကယောင်ချေက်ချားအိမ်မက်မက်ရင်တော. "အမေ." ဆိုပြီး မိဘတွေကြားထဲ ပြန်ဝင်တိုးအိပ်တတ်တာပေါ.။ဟီး ဟီး ...ဒီလိုနဲ. ဟိုမရောက်ဒီမရောက်အရွယ် လူကြီးမိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာ တရွတ်တိုက်လိုက်ပါရင်း ကျနော်လိုချင်လှတဲ့ လူလားမြောက်လို. "မင်းလိုရာမင်းသွားနိုင်ပြီ" "မင်းဘ၀ကို မင်းထူထောင်တော့ ..." ဆိုတဲ့နေ.ကိုတိတ်တိတ်လေး စောင်.နေမိတယ်လေ။အချိန်ဆိုတာ ငြိမ်မှမဟုတ်ပဲကိုးဗျာ ရောက်လာတာပေါ့။ဒီလိုနဲ့ ကြီးပြင်းလာတဲ့ အရွယ်နဲ့အတူ အတော်အတန်လည်း လောကဓံကို မြည်းစမ်းခဲ့ရပြီလေ။သိပ်လွတ်လပ်ချင်တော့ သူများတွေ တော်ရုံတန်ရုံမှားလေ.မရှိတဲ့နေရာတွေမှာလည်း အမှားတွေ ကြုံခဲ့ရတာပေါ.။ဒီလိုဘဲ....ရှာဖွေရင်း၊ လေ့လာရင်း၊သင်ယူရင်း၊မှားယွင်းရင်း၊မှတ်သားရင်းနဲ....ဖြစ်ချင်တာ၊ဖြစ်နေတာ၊ဖြစ်နိုင်တာ၊ဖြစ်သင့်တာ၊ဖြစ်ရမှာ၊ဖြစ်လာတာတွေရဲ့ကြား....။ဘ၀ဟာ တဖြည်းဖြည်း ခါးသက်လာပါတယ်။တာဝန်ဝတ္တရားတွေနဲ. ချုပ်နှောင်ခံလာရတယ်။ဆန္ဒတွေနဲ. လူဟာပူလောင်မောဟိုက်လာရဲ့။ကန်.သတ်ထိန်းချုပ်ရတာတွေနဲ. မွန်းကျပ်လာတယ်။ဒီတော. ကျနော် လွတ်လပ်မှု ဆိုတဲ့အပေါ်မှာ သံသယ၀င်လာပါတော.တယ်။ဘာလဲပေါ့။ကျနော့ ရည်မှန်းချက်ပန်းတိုင်လည်း ဆုံးရှုံးလွဲမှားခြင်းတွေနဲ. ထိတွေ့....။ဘ၀မှာ မရေရာ၊မသေချာတာတွေ တွေ.ကြုံရပါများလာတော့ ဘယ်ကိုဆက်သွားပြီးရှာဖွေလဲ ဆိုတော့ သိကြတဲ့ အတိုင်းပါပဲ။ဘာသာတရားမှာ ရှာကြည့်တော့တာပါပဲ။လောကကြီးက ရိုက်သွင်းပေးလိုက်တဲ့ ကျနော့ရင်ဘတ်က သံသယတွေနဲ.ပေါ့။ကျနော် ကံကောင်းတယ်လို. ဆိုရပါမယ်။ဘယ်လိုရှူ.ထောင့်ကပဲ ကြည့်ကြည့် အစမ်းသပ်ခံနိုင်အောင် အဖက်ဖက်ကပြည့်စုံတဲ့ ဘာသာတရားဟာ ကျနော့်ရဲ့ မိရိုးဖလာကိုးကွယ်ယုံကြည်တဲ့ဘာသာဖြစ်နေပါတယ်။အဲဒီမှာ ကျနော်သိချင်တဲ့ လွတ်လပ်ခြင်းကို ရှာဖွေပါတယ်။သိပ်ကျယ်ပြန်.လွန်းတော. အားလုံးနားလည်သိရှိနိုင်စွမ်းမရှိပါဘူး။သိရင်တော့ ရဟန်းဝတ်တောထွက်ပြီး တရားကျင်.နေမှာပေါ့နော။ဘာလို. ဒီမှာလာပြီး လေပေါနေမလဲ။ဟုတ်ဖူးလား။ဒါပေမဲ့ ကျနော်လိုချင်တဲ့ လွတ်လပ်မှုကိုတော့ ကျနော့် အတိုင်းအတာလေးနဲ. ကျနော် ပြန်ရှာတွေ.ခဲ့ပါတယ်။လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ခံယူချက်၊ ရပ်တည်ချက်တွေပေါ်မှာ လောကဓံနဲ. ကြုံဆုံတိုင်း စိတ်ကိုအတန်အသင့်ငြိမ်အောင် ဘာသာရေးရှူ.ထောင့်ကနေအာရုံပြောင်းတတ်လာပြီပေါ.ဗျာ။ဘာရယ်မဟုတ်ပါဘူး။ကျနော်ဖြတ်သန်းခဲ့တဲ့ အချိုးအကွေ.၊အတက်အကျတွေထဲက ကျနော် ကောက်ရခဲ့တဲ့ ကျနော့်ဘ၀ဒဿန တချို.ပါ။ဖက်ရှူ.ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကြိုးစားပါဦးမည်။ပေါ့ဗျာ ...ဘယ်သူသုံးတဲ့စကားလုံးလည်းတော့ မသိဘူး။ဆွဲသုံးလိုက်ပြီဗျာ...ဟဲဟဲ ...တ တာ

Jul 19, 2007

မျိုးဆက်သစ်သို့တပ်လှန့်သံ


လာပါ သူငယ်ချင်းရေ.....
အမှောင်ထဲမှာ အလင်းသစ်ရှာရအောင်
ရုပ်ဝတ္ထုတွေဖျောက်ဖျက်လို့ သားရေနားစားတဲ့ခွေးအ
ငါတို့ဝိညာဉ်က အသက်သွေးချွေးနဲ့ရေးတဲ့
အာဇာနည်တွေရဲ့ သမိုင်းပုံရိပ်တွေက
ဖျောက်ဖျက်လို့ မရ စံပြတွေပါ။
လာပါ သူငယ်ချင်းရေ.....
အဆိုးတွေကြားမှာ အငြိုးတွေရှာဖျက်စီးရအောင်
စကားလုံးလှလှတွေ ကာရန်ညီရွေးမနေပါနဲ့
အာဇာနည်နေ့မှာတိုင်တည် ကတိသစ္စာဆိုကြမယ်လေ
ငါတို့တွက်မပါ တိုင်းပြည်သာဖို့
ရဲဝင့်တွန်းလှန် အမှန်ရှင်သန်ရေး
ငါတို့အသက်ကို စတေးပေးပါမည်။
လာပါ သူငယ်ချင်းရေ.....
တွေဝေငေးမော လွင့်မျောလို့လေ မနေပါနဲ့တော့
တို့နိုင်ငံအတွက် ရှေ့သို့ချီတက် မားမားရပ်၍
အရှုံးနိုင်မတွက်ပဲ ရဲဝင့်တော်လှန် တပ်လှန့်သံမို့
လာပါ သူငယ်ချင်းရေ....
ငါတို့လက်တွေ မြဲစေ တွဲစေ။ ။
နွေလှိုင်ဿုန်း။ဂျူလိုင် ၁၉၊၂၀၀၇။


မှတ်ချက်။ ။ယခုဓာတ်ပုံကို http://thitsarforce.org/ မှကူးယူသုံးစွဲထားခြင်း ဖြစ်ပါကြောင်း