Search This Blog

Oct 28, 2007

အချစ်နဲ့မကင်းသည့်လူသားနှင့်သာမန်ထက်ပိုသည့် အဖြစ်ဆိုးများ၊အရောင်မှိန်အိမ်မက်

ဒါဟာ
အရောင်တွေရောထွေးနေတဲ့စုပ်ချက်မပီပန်းချီကားတစ်ချပ်ပဲ။
တင်ထားတဲ့အရောင်တွေကတော့ ကောင်းမွန်လိမ့်မယ်လို့ ထင်မြင်ယူဆချက်နဲ့ ပက်ဖျန်းလိုက်တာပဲ။မတူညီမှုရဲ့ အလှတရားတစ်ခုဟာ ပန်းချီမို့လားဗျ။အတိတ်ဆိုတဲ့ ပန်းချီကားဟာ ထုတ်ကုန်ပေါ့။အခုတော့ရေးလက်စ ပန်းချီကို အရောင်တွေ တင်နေတုန်းပဲ။ဒါဟာ ကျနော်ရေးခဲ့တဲ့ ပန်းချီကားတချို့ကို ခင်းကျင်းပြသရာ ဧည့်ခန်းတစ်ခုပါ။လူတွေမှာ အားနည်းချက်ကိုယ်စီနဲ့မို့ ကျနော်လည်း
အားနည်းချက်နဲ့လူပါပဲ။ ဒီလိုပါပဲ...

အချစ်ရေ တို့တွေဝေးကွာခြားနားခဲ့ကြပေမဲ့ ဘယ်တော့မှ သေဆုံးခြင်းမရှိ၊ပျောက်ပျယ်ခြင်းမရှိတာ ငါတို့ကြားက စကားလုံးမဲ့သစ္စာ ။အဲဒါ အသေချာဆုံး ရှင်သန်ရာ အကြောင်းရင်းပဲလေ။ရောက်ရာနေရာမှာ တတ်စွမ်းနိုင်သမျှ လူသားကမ္ဘာကြီး သာယာဖို့ ဖြည့်ဆည်းရင်းအသက်ရှင်ရတဲ့ အဖြစ်မှာကျေနပ်တတ်ခဲ့တာ...ငါ။ငါ့မှာ နိမ့်ကျခြင်း၊ မြင့်မားခြင်းတွေ မရှိ ။ဂုဏ်ပကာသနတွေလည်း ခံစားချက်မရှိ ။နောက် မင်းနဲ့ နီးရခြင်း၊ဝေးရခြင်းတွေဟာ ခံစားနေစရာ မဟုတ်တော့ပါဘူးကွယ်။ငါ အကျင့်ပါနေအောင်လွမ်းဆွတ်ခဲ့ရပါသော အချစ်ရေ...ငါဟာ စွန့်လွတ်ပြီးသား လူတစ်ယောက်ဖြစ်ခဲ့ပြီလေ။ထမင်းစားပြီးပြီလား။ဟန်လေးနဲ့သွားလာနေထိုင်ရပေမဲ့ တစ်နေ့တခြား တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့မို့ဘ၀က တစ်နေ့ထက်တစ်နေ့ အသက်ရှူကြပ်လာတယ်။ပူပန်သောကများနဲ့ ကျနော်ဖြစ်သည်။

ခင်ဗျားပြောတတ်တယ်လေဗျာ။နုတ်ခမ်းလေးတွန့်ရုံပြုံးရင်း လူတွေဟာသိပ်ရီစရာကောင်းတယ်လို့။အခုတော့ ခင်ဗျားကိုယ်ခင်ဗျားလည်းပြန်သရော်နေရပြီပေါ့။ဟန်ဆောင်ပန်ဆောင်အပြုံးများ၊ဘာမဟုတ်ပဲချဲ့ကားမှုတွေကို ပျင်းရိငြီးငွေ့နေပြီမဟုတ်လား ။တစ်ယောက်တည်းလည်းနေတတ်ခဲ့တာကြာပြီမို့လားဗျ။ခင်ဗျားက လောကကြီးထဲမှာ စူးစမ်းလေ့လာဖို့အလည်ရောက်လာတာပါလို့လည်း ခင်ဗျားကိုယ် ခင်ဗျားသုံးသပ်တတ်ရဲ့။အသိုင်းအ၀ိုင်း၊ပတ်ဝန်းကျင်များစွာမှာ ကျင်လည်ဖြတ်သန်းခဲ့ပေမဲ့ အားလုံးက တစိမ်းသက်သက်၊အတ္တသားကောင်တွေချည်းလို့ ပြောကောင်းပြောတတ်တယ်။မြေခွေးကစပျစ်သီးကိုချဉ်တယ်ပြောသလို ဖြစ်မှာစိုးလို့ အရာများစွာကိုကြိုးစားရယူ ပိုင်ဆိုင်ပြီးမှ အလကားပါကွာလို့ပြောတတ်တယ်။ဥပမာ -ခင်ဗျားယူထားတဲ့ဘွဲ့တို့၊ မိန်းမတို့စသည်ဖြင့်ပေါ့လေ။

ဟုတ်တယ်မို့လား။မင်းဟာ အချိန်ဒါးစက်အောက်က လှပတဲ့ပန်းလေးတပွင့်ပဲလေ။ဘယ်သူကဲ့ရဲ့တာကိုမှ ဂရုမစိုက်တဲ့ ရဲရင့်နှင်းဆီလေးပေါ့။လရောင်ဟာ မင်းအလှမှာ ရူးသွပ်ယိုင်ထိုးလို့ ကကြိုးပြောင်းတဲ့အချိန် ငါရှိမှာ မဟုတ်ဘူး။အိမ်ပြန်ပြီ။ဆက်သာ က ပါမရွှေချော ။မင်းသမီးဖြစ်မှတော့ ကကြိုးတွေမှာ မမောပါနဲ့တော့လေ။ကာရန်လှလှ စကားလုံးကြွကြွ ကဗျာတွေလည်း ရေးဖြစ်မှာမဟုတ်ဘူး။ကြာပြီပဲလေ...။ရေသေအိုင်ဟာ ညစ်နွမ်းပြီးကြောက်ဖို့ကောင်းပါတယ်။ကိုမွန်းအောင်ရဲ့ သီချင်းခွေတွေ ဘယ်မှာလဲ။သိမ်းမထားပါနဲ့နောက်လူမြည်းလည်းချိုမှာပါ။မဖြစ်နိုင်တာ ဘာမှမရှိဘူး။ဘာလုပ်မလဲ။မနက်ဖြန်တွေကိုစောင့်လာခဲ့တဲ့ ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ။လူဟာ မလွတ်မြောက်ပေမဲ့ လွတ်မြောက်ဖို့ စိတ်လိုတယ်။တခါတရံလည်း လောကကြီးမှာ တစ်ခုကို လိုချင်တာနဲ့ အရင်းအနှီးအများကြီးပေးပြီးမှ လွဲချော်တတ်သေးသလား ?????ကျနော်မသိပါ။ကျနော်သည် သေးမွှားလှသော အစက်အပြောက်လေးဖြစ်သည်။ ။မနက်ဖြန် အားလပ်မည်မဟုတ်ပါ။ ။ ။

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။