Search This Blog

Oct 16, 2008

ပွက်ထနေဆဲ ရေပြင်

အပုပ်ဖော်တဲ့ပါးစပ်က ယုတ်ညံ့သလား ။
မပြောသင့်ဘူးထင်တဲ့...စကားလုံးတွေ ကြမ်းပေမဲ့...
ဒါဟာ လူတွေမသိတဲ့လူတွေရဲ့အော်ကလီဆန် အန်ချင်စရာတွေ..×..×..။
ဟန်တွေ ပန်တွေနဲ့ ကြိတ်ပုပ်ပွနေတာ များနေပြီလေ ။
အပုပ်တွေ ပေါ်တာနဲ့ အတွင်းသရုပ်မှန်က ဖော်စရာ မလိုပဲ ပေါ်လာပေါ့...
ဒါပေမဲ့ကွယ်...ငါတို့ကမ္ဘာကြီးက...
လူတွေရဲ့အမှားတွေနဲ့ အသားကျနေပါပြီ...။
ငါ့အမှားတွေများပေမဲ့ ငါ့အမှားတွေမှာ ကျေနပ်နေပါတယ် ။
မင်းကရော.....မင်းရဲ့အမှန်ထင်ခဲ့တဲ့ အမှားမှာ..........
မင်းထက်လှတဲ့ မိန်းမတွေ အများကြီးပါ ကောင်မလေးရယ်...

ဒါပေမဲ့....မင်းနဲ့တော့ မတူဘူးပေါ့လေ..။
ငါ့ရွက်တွေက လေလာလို့လွင့်တာလား??
စွန့်လွှတ်ဆုံးရှုံးခံခြင်းတွေကပဲ ငါ့လှေကို ကမ်းပျောက်စေသလား??
အဆုံးထိနှစ်လိုက်တဲ့နွံ ရူးနေတော့လည်း ရွံစရာဆိုတာ နားမ၀င်ဘူး...။

ထန်းသီးကြွေခိုက် ကျီးနင်းခိုက် မဟုတ်တာသေချာတယ်...
အခုတော့ တသောသော ...တမျောမျော..
ဘ၀ဆိုတာ အရှုံးတွေနဲ့သီကုံးထားတဲ့ခရေပန်းကြိုးပေါ့ကွယ်....
ရနံ့မွှေးရပေမဲ့ ဘယ်သူမှ အလေးမထားပါဘူးလေ ။
ဒီလိုနဲ့ပဲ သင်ခန်းစာတွေ များခဲ့တယ် ။
ငါ့တဏှာက ပွဲသိမ်းချိန် မရောက်ခင်ထိ ...
မင်းအနားမှာ ရှိနေချင်သေးတယ်...။..
မင်း အယူအဆတွေထက် တည်ငြိမ်တဲ့ မိန်းမတွေ အများကြီးပါ ကောင်မလေးရယ်..
ဒါပေမဲ့...မင်းနဲ့တော့ မတူဘူးလေ...။

ငါလည်း မင်းလို ပုထုဇဉ်မို့ ရာဂမီး တဟုန်းဟုန်းနဲ့ပဲ
ဘ၀တွေကူးလူးနေဦးမဲ့သူ....
အကျနာခြင်းတွေနဲ့ ထုသားပေသားကျနေတော့လည်း ကွယ်....
ဘ၀ကို ခင်ရင်းနဲ့ပဲ အရှုံးကိုဖက်ပြီး အိမ်မက်တွေ မက်နေဆဲလေ...
အမှောင်ဖုံးတိုင်း ဖရောင်းတစ်တိုင်စာလောက် ဖြန့်ကျက်ခွင့်ရချင်သေးတယ် ။

ဒီထက်မပိုချင်တော့ဘူးလေ........။........ဘာမှမတည်ငြိမ်တဲ့အချိန်အခါမှာ ငါတို့တွေကြီးပြင်းလာတော့ ဘယ်အရာက ခိုင်မာစွာယုံကြည်ကိုးစားသင့်လဲ ဆိုတာ အမြင်တွေ ယိုင်လဲပြောင်းရွှေ့သွားတာပေါ့လေ ။ငါဆိုတဲ့ကောင်ကလည်း ဟိုးအရင်ကတည်းက ခွင့်လွှတ်နားလည်ရင်း ချစ်ခဲ့မိသူကိုး ။ကျေနပ်သာယာနိုင်ပါစေ ချစ်သူ..........။ ။

Oct 8, 2008

ဖရောင်းတိုင် အတုနဲ့ အခန်း

လူအ၀င်အထွက် မများပေမဲ့ ငါ့တံခါးက ယိုင်နဲ့နဲ့လေးပါ...၀င်သမျှလူ မူးမေ့သွားလောက်တဲ့ မှိုင်းတွေအပြည့်...နဲ့အခန်းပဲ။တိတ်ဆိတ်တယ် မပြောနဲ့ ။...ငါ့ညတွေထဲ ဘယ်လိုကြယ်တွေမှ မကရဘူး ။ ချော့သိပ်မဲ့ပုံပြင်တစ်ပုဒ် တစ်လေမှ မြင်ရမယ်မထင်တော့... .။..ငါ့နှုတ်ကိုက ဆွံ့အသူပဲကိုး....။......စိုထိုင်းဆများတဲ့ အတွေးတွေနဲ့မို့ မိုးရာသီလည်း မလိုအပ်လေသူပဲလေ...ကိုယ့်ဒဏ်ရာကို ကြည့်လို့ရတဲ့ စိတ်ပုတီးတော့ရှိတယ် ။......ကိုယ့်ကိုယ်ကို ပြန်ကြည့်ဖို့မလိုလို့ မှန်မထားဘူး ။
ငါ့ဧည့်ခန်းကတော့ ကျဉ်းတယ် ။ ခရမ်းရောင်ခန်းဆီးက လူတွေကိုကြောက်သတဲ့လေ ။ အဲဒီလို.....မကောင်းမှုတွေ သာဓုခေါ်တဲ့ နေရာလည်းဖြစ်တတ်တယ် ။ ခေတ်သစ်လူမိုက်တွေရဲ့ အပြုံးတွေက နံရံမှာ မြင်မကောင်းအောင် တွဲလီတွဲလောင်းပဲ ။ ...တကယ်ပဲ...လူစွန့်စားတွေချည်း ၀င်ထွက်သွားလာကြတယ် ...။....မှန်တယ်ဆိုတာ ထောက်ခံဖို့ ပုတ်သင်ညို အကောင် တစ်ရာလည်း ၀ယ်ထားတယ် ။ ..။.မလိုချင်တာတွေ.......။..လိုချင်တာတွေ..၊....ရှိတယ် ။ စကြာဝဠာနဲ့ ကမ္ဘာရွာအကြောင်းသတ်ပွဲ မှာ ခင်ဗျားပါချင်ရင် ကြိုတင်စာရင်းပေးသွင်းပါ ။ ခြောက်ကပ်ကပ် အသံတွေထဲမှာ ငါ့နာမည် ပါနေတာပဲ ခက်တယ်...။.
..ဟောဒီအခန်းရဲ့အရိုးကွဲဆောင်းတွေနဲ့ပဲ ငါ အချမ်းခံနိုင်ခဲ့ပေါ့ ...။..တခြားဂြိုလ်စုမှာ အခန်းပြောင်းတာကောင်းပါတယ်...။....နံရိုးတစ်ချောင်းက ဒုက္ခပေးလိုက်တာ...ဒီကမ္ဘာက စကားလုံးတွေကြပ်ပြီး မွန်းခဲ့ပြီလေ ။
နွေလှိုင်ဿုန်း

Oct 6, 2008

မစဉ်းစားရဲတဲ့ အသိဥာဏ်အကန့်

ငါဟာ နာဂစ်လို အမေ့ခံဘ၀ ရောက်ခါစ လူသားပါ ။

အခုလောက်ဆို...

အေးစက်ထုံကျင်လောက်ပြီပေါ့..တောင်တန်းကြီးရေ...။

နေသားတကျ ဒုက္ခတွေက ငယ်ထိပ်ရောက်...

သိမ်ငယ်ရတာတွေ မခံချင်လေတော့ စိတ်ကျရောဂါလည်း စွဲခဲ့တယ်။

အပြင်မှာရော ပျော်နေနိုင်မယ် မင်းထင်နေလား ..။..???

အချစ်ဆိုတာ ဝေဒနာပဲမို့...

ဘယ်လိုပဲ လွတ်မြောက်ပါတယ်ပြောလည်း...

အရိပ်ဆိုတာ ထပ်ကြပ်မကွာလိုက်နေမှာပဲ ။

အချစ်ရေ...

ငါ့ရင်ခုန်သံနဲ့ ကျောက်ဆောင်ကွဲလိမ့်မယ် ။

ထိန်းချုပ်မရခြင်းကို ထိန်းချုပ်နေဆဲပဲ ။

လူကို စိတ်ကနိုင်စားတယ် ။

အချစ်ရေ...

ဟိုတုန်းကကဗျာလေးတွေ...ရယ်

သဲသောင်ကမ်းခြေနဲ့ ခရမ်းပြာနုတ်ခမ်း၊

အရောင်နွမ်းသွားတဲ့ ရေတမာအနမ်းအောက်မှာ

ညိုရော်တဲ့ ကျောက်ခင်းလမ်းတွေလည်း ပြီးခဲ့ပေမဲ့မှတ်တမ်းလေ ။

အချစ်ရေ...

ငါ့ဘ၀မှာ ဘာတွေများများစားစားတောင့်တ ဖူးသလဲ ။

လက်တစ်ဆုပ်စာ ငြိမ်းချမ်းရေးနဲ့

ငါ့ ပရိတ္ခရာ နည်းနည်းလေးပါကွယ် ။

အချစ်ရေ...

အုံ့မှိုင်းမှိုင်းယုတ္တိဗေဒနဲ့ ..

ဘ၀ကို စေစားတော့မယ်လား ။....???

အဲဒီမျိုးစေ့ကို ဘယ်သူကြဲခဲ့သလဲ စဉ်းစားပါ..။..

ငါဟာ မင်းအတွက် သိုးမည်းဖြစ်ပေမဲ့...

အကြွင်းမဲ့ယုံကြည်ခွင့်ပေးခဲ့ပါတယ် ။

သေခြင်းတရားရဲ့နောက်ကွယ်မှာ...

ဘယ်လိုအရာမှ မရှိတော့ရင်ပေါ့ ။

နွေလှိုင်ဿုန်း