Search This Blog

Apr 7, 2008

လူထုဒေါ်အမာကွယ်လွန်ဆုံးရှုံးခြင်း(မဇ္ဇျိမသတင်း)


မဇ္ဈိမသတင်းဌာန
Monday, 07 April 2008 10:48 - မြန်မာစံတော်ချိန်
" အမေမာအတွက် အမှတ်တရစကားများ "
ludu-dawamar1.jpgludu-dawamar2.jpg

ကိုထွန်းမြင့်အောင် (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)

"အမေမာဟာ အဖိနှိပ်ခံ ပြည်သူလူထုဘက်က အမြဲတမ်း တောက်လျှောက် ရပ်တည်ပြီးတော့ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် အမေမာဟာ ငယ်စဉ်ခါကတည်းက သူကိုင်တဲ့ ကလောင်စွမ်းနဲ့ ခုခံပြီးတော့ ရပ်တည်လာခဲ့တဲ့ သူရဲကောင်း အာဇာနည်တဦးလို့ ပြောလို့ ရပါတယ်။ အမေမာ အခုလို ကွယ်လွန်သွားတာ ကျနော်တို့ တိုင်းပြည်အတွက်၊ ဒီမိုကရေစီ ဘက်တော်သားတွေအတွက် အင်မတန် ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။

အမေမာတို့ လွတ်လပ်ရေးတိုက်ပွဲ တလျှောက်လုံးကနေ ကနေ့ထက်ထိ မျှော်မှန်းခဲ့တဲ့ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ တိုင်းပြည်တခုကို မဖြစ်ဖြစ်အောင် တည်ဆောက်သွားဖို့ ကျနော်တို့ သံန္နိဋ္ဌာန် ချထားပါတယ်။ ဒါကြောင့်မို့လို့ အမေမာ ဆုံးပါးသွားပေမယ့် အမေမာ ဆုံးမခဲ့တဲ့ စကားတွေကတော့ ကျနော်တို့ တိုင်းပြည်မှာ ကနေ့ထက်ထိ ရှင်သန်နေဆဲပါ။ အမေမာ မှာခဲ့တဲ့အတိုင်းပဲ ကျနော်တို့ တိုင်းပြည် လွတ်မြောက်ရေးအတွက် ကျနော်တို့ လုပ်သွားကြပါမယ်"

မနီလာသိန်း (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)

"အမေ ဆုံးသွားတဲ့အခါ ကျမတို့အတွက်ရော၊ မြန်မာပြည်မှာရှိတဲ့ လူထုတွေအတွက်ရော တကယ်ကို စိတ်မကောင်းစရာ ဖြစ်တယ်။ အမေဟာ အမှန်တရားဘက်က၊ ငြိမ်းချမ်းရေးဘက်က၊ လူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မိခင်ကောင်းတယောက် ဖြစ်ပါတယ်။ ကျမတို့ ထောင်ထဲမှာ ရှိနေစဉ်မှာ အမေ့ရဲ့ စကားတွေဟာ ကျမတို့ ထောင်ထဲက လူတွေအတွက် ခွန်အားတွေ ဖြစ်ခဲ့ရတယ်။ အပြင်မှာ လုပ်နေတဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အတွက်လည်း အမေ့ရဲ့ စကား၊ အမေ့ရဲ့ အမှန်တရား၊ အမေ့ရဲ့ ငြိမ်းချမ်းမှုတွေဟာ ကျမတို့ ခြေလှမ်းတိုင်းအတွက် တကယ်ကို ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ အခု အမေဆုံးပါးသွားတဲ့အခါ ကျမတို့အတွက် တကယ်ကို နှမြောမိပါတယ်။

အခုဆိုရင် ကျမတို့ရဲ့ မဆုံးတဲ့ ခရီးတခုပေါ့နော်။ ပန်းတိုင် မရောက်ခင်၊ မအောင်မြင်ခင်မှာ အမေဆုံးပါးသွားပေမယ့် အမေ့ရဲ့ ရင်ထဲက ဆန္ဒတွေကို ကျမတို့တွေအားလုံးက အောင်မြင်တဲ့အထိ ဆက်လက် လုပ်ဆောင်သွားမှာပါ"

ဦးဉာဏ်ဝင်း (NLD ပြောခွင့်ရ ပုဂ္ဂိုလ်)

"ကျနော်တို့ကတော့ အထူးပဲ ဝမ်းနည်းပါတယ်။ ဘာလို့လည်း ဆိုတော့ အမေလူထု ဒေါ်အမာက အမြဲတမ်း ပြည်သူဘက်က ရပ်တည်တယ်။ နိုင်ငံရေးအရလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ အမြဲတမ်း Sympathy ထားတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးတယောက် ဆုံးပါးသွားတာ ကတော့ ကျနော်တို့ အထူးပဲ ကြေကွဲ ဝမ်းနည်းပါတယ်"

စာရေးဆရာ ဖေမြင့်

"အင်မတန်မှ ကြီးမားတဲ့ ဆုံးရှုံးမှုတခုပေါ့ဗျာ။ ဒေါ်အမာက အသက်လည်း ရှည်ပါတယ်။ ဆုံးရှုံးသွားတာ၊ ကွယ်လွန်သွားတာက ဝမ်းနည်းစရာပေါ့ဗျာ။ ရှည်လျားတဲ့ သက်တမ်းတလျှောက်မှာ ဗမာစာပေအတွက် အကျိုးပြုတဲ့စာတွေ၊ အသိအမြင် ကြွယ်ဝစေရေး စာတွေ အများကြီး ရေးခဲ့တယ်။ တိုင်းပြည် ကောင်းရာကောင်းကြောင်းအတွက် လုပ်သင့်လုပ်ထိုက်တာ မှန်သမျှမှာလည်း ကိုယ်ကျိုးကို မငဲ့ဘဲ အမြဲတမ်း လုပ်ခဲ့တယ်။ အင်မတန်မှ ကျေးဇူးကြီးမားတဲ့ စာပေနယ်အတွက်ရော တိုင်းပြည်အတွက်ရော ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ အင်မတန်မှ ဝမ်းနည်းစရာ ဆုံးရှုံးမှုတခုလို့ ပြောချင်ပါတယ်"

မော်ဒန်စာရေးဆရာ မင်းခိုက်စိုးစံ

"ဒေါ်အမာ ကွယ်လွန်သွားတယ် ဆိုတဲ့ဟာက ကျနော်တို့မှာက မိသားစုတစုအနေနဲ့ ပြောရမယ်ဆိုလို့ ရှိရင် ကျနော်တို့ရဲ့ အိမ်ဦးခန်းမှာ ဂုဏ်ကျက်သရေရှိရှိ အလေးအနက်ထားရတဲ့ အဖွားတယောက် မိခင်ကြီးတယောက် ကွယ်လွန်သွားသလိုပါပဲ၊ စာပေလောက အတွက်ရော အားလုံးအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုလို့ပဲ ပြောပါရစေ။ ကျနော်တော်တော်လည်း စိတ်မကောင်း ဖြစ်နေပါတယ်"

ဆရာကြီး ဒဂုန်တာရာ

"ဆုံးရှုံးဆုံးမှုတရပ်လို့ ပြောရမှာပေါ့။ ဒေါ်အမာက နှစ်ပေါင်းများစွာ ကြာပြီပဲ။ တိုင်းပြည်အတွက် ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာ။ ဒေါ်အမာဟာ ၁၉၃၆ ဒုတိယကျောင်းသား သပိတ်မှာ စတွေ့ဖူးတယ်။ ကျနော်တို့က (၁ဝ) တန်းပေါ့။ သူရဲ့ ခင်ပွန်းပေါ့ ဦးလှဆိုရင်ကျောင်းသားဘဝတည်းက ခင်တယ်။ သူလည်း ငြိမ်းချမ်ရေးကိစ္စတွေ ပါဝင်ဆောင်ရွက်ခဲ့တာပဲ။ သူနဲ့ ကိုအောင်ဆန်းနဲ့က မွေးနှစ် အတူတူပဲ။ ဒေါ်အမာနဲ့ ပတ်သက်လို့ ပြောရရင် ပြောစရာတွေက အများကြီးပေါ့။ ချက်ချင်း စီကာပတ်ကုံးပြောဖို့က တချို့အကြောင်းအရာ တွေက အချက်အလက်နဲ့ပြောမှ ပြည့်စုံမယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါမှာ ဒေါ်အမာနဲ့ တွေ့ရပါတယ်။ မကြာခဏ။ မန္တလေးရောက်ရင် တော့ ဝင်တယ်ပေါ့ဗျာ။ သူ့အိမ်မှာပဲ တည်းရတာပေါ့ဗျာ။ အထူးသဖြင့် အမျိုးသမီးရေးရာတွေ မဟုတ်တော့ဘူးပေါ့ဗျာ။ တိုင်းပြည် တပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အတူတူဆောင်ရွက်ခဲ့တာ။ ကျနော်သိပ်ပြီးတော့ စိတ်မကောင်း ဖြစ်သွားပါတယ်"

ရဲဘော် ဖိုးသံချောင်း (အမေမာ၏ သား၊ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ)

"သူများတတိုင်းပြည်လုံး ကျဉ်းထဲကျပ်ထဲအချိန်မှာ ဆုံးရှုံးမှုကို ခံစားရတယ် ဆိုတာလောက်ပါပဲ"

လူထုဒေါ်အမာ

၁၉၁၅ - မန္တလေးမြို့၊ ဂုန္တန်ရပ်၊ အဖ ဦးထင်- အမိ ဒေါ်စု တို့မှ နိုဝင်ဘာ ၂၉၊ တနလာင်္နေ့မှာ မွေးဖွားခဲ့၊ မွေးချင်း ၁၂ယောက်၊ စတုတ္ထသမီး၊ အမည်ရင်းအမာ။

၁၉၂ဝ -၂၃ - တရုတ်တန်း အမျိုးသမီး နေရှင်နယ်ကျောင်းမှာ ဒုတိယတန်းအထိ ပညာသင်ခဲ့။

၁၉၂၃ - ၃၁ - အမျိုးသမီး နေရှင်နယ်ကျောင်းပျက်လို့ တတိယတန်းမှ နဝမတန်းအထိ ABM ကျောင်းမှာ ဆက်လက် ပညာသင်။

၁၉၃၁ - ၃၃ - မန္တလေး ဗဟိုအမျိုးသားကျောင်းက ဆယ်တန်းအောင်။

၁၉၃၃ - ၃၅ - မန္တလေး ဥပစာကောလိပ်၊ ဓာတု၊ ရူပ၊ သင်္ချာ ဘာသာတွဲယူ။

၁၉၃၆ - ရန်ကုန်တက္ကသိုလ် ဘီအေ အောက်တန်း။ အင်းလျားဆောင် သဟာယနဲ့ စာဖတ်အသင်း အတွင်းရေးမှူး၊ ဒုတိယ ကျောင်းသားသပိတ်ကြီးတွင် ပါဝင်။ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊၊ ဘားမားဂျာနယ်တို့မှာ ဝတ္ထု၊ ဆောင်းပါးများရေး။ ကြီးပွားရေး ဦးလှနဲ့ စတင်သိကျွမ်း။ ကြီးပွားရေး မဂ္ဂဇင်းမှာ ကလောင်အမည် ခင်လဝင်း၊ မြမဉ္ဇူတွေနဲ့ ရေးခဲ့။

၁၉၃၇ - ဘီအေ နောက်ဆုံးနှစ် စားမေးပွဲ ကျရှုံးပြီး ကျောင်းထွက်။ မန္တလေးမှာ မြန်မာစက္ကူဆိုင် ဖွင့်။

၁၉၃၈ - Maurice Collis ရေး Trials In Burma ကို မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ အမည်နဲ့ မြန်မာပြန် ထုတ်ဝေ။

၁၉၃၉ - ကြီးပွားရေး ဦးလှနဲ့( ၁၃နိုဝင်ဘာ)လက်ထပ်။

၁၉၄ဝ - Maurice Collis ၏ Sandamala ကို စန္ဒမာလာ အမည်နဲ့ နှစ်တွဲခွဲ မြန်မာပြန် ထုတ်ဝေ။

၁၉၄၂ - ၄၄ - ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ကပိုင်ရွာကို ခေတ္တ ပြောင်းရွှေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်။

၁၉၄၅ - လူထုဂျာနယ် (ဇူလိုင်) ထုတ်ဝေတဲ့အခါ လက်ထောက် ဘယ်ဒီတာ။

Ashihei Hino ရဲ့ Jh War and Soldier အပိုင်း ၄ က Wheat and Soldier ကို ဂျုံနှင့် စစ်သားအမည်။Wanda Wasilewska ရဲ့The Rainbow ကို နှစ်ပိုင်းခွဲကာ သက်တန့်ရောင်အမည် တို့နဲ့ မြန်မာပြန် ထုတ်ဝေ။

၁၉၄၆ - လူထုသတင်းစာ (၁၉၊ ဧပြီ) စတင်ထုတ်ဝေတဲ့အခါ အယ်ဒီတာ အဖွဲ့ဝင်။ ဖခင် အောင်နိုင် ကလောင်ခွဲနဲ့ နိုင်ငံရေးဆွေးနွေးခန်း ပင်တိုင် ဆောင်ပါးရှင်။

၁၉၄၇ - လူထုဦးလှနဲ့အတူ လွတ်လပ်ရေးအတွက် ဦးဆောင်နေတဲ့ ဖဆပလအဖွဲ့ရဲ့ အာဘော်နဲ့ထပ်တူ ရေးသား တိုက်ပွဲဝင်ခဲ့။

၁၉၄၉ - လူထုသတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုင်းနဲ့ ဖောက်ခွဲခံရ။ Gunther Stein ရဲ့ The Challenge of Red China ကို ကွန်မြူနစ် တရုတ်ပြည် အင်အားပြိုင်ပွဲ အမည်ပေးပြီး နှစ်ပိုင်းခွဲ ဘာသာပြန်ထုတ်ဝေ။

၁၉၅ဝ - (ဧပြီ ၂၄၊ ၁၉၄၉)က ပိတ်ထားခဲ့ရတဲ့ လူထုသတင်းစာကို (၁၊ နိုဝင်ဘာ)မှာ ပြန်လည်ထုတ်ဝေ။ (မေ၊ ၁၉၄၉) က ရပ်နားခဲ့တဲ့ လူထုဂျာနယ်ကို (သြဂုတ် ၁) မှာ ပြန်လည် ထုတ်ဝေ။

၁၉၅၃ - ကမ္ဘာ့ ဒီမိုကရက်တစ် အမျိုးသမီး ညီလာခံ ( ကိုပင်ဟေဂင် ၇-၆-၅၃) ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နဲ့ ကျောင်းသားပွဲတော် (ရူပေရီးယား၊ ဘူခါရက်စ် ၂၅-၇-၅၃) ကို တက်ရောက်။

Archie John Stone ရဲ့ In The Name of Peace ကို ငြိမ်းချမ်းရေးသို့ အမည်ပေးကာ ဘာသာပြန် ထုတ်ဝေ။ လူထုဦးလှ ပုဒ်မ ၅ နဲ့ အဖမ်းခံရလို့ လူထု သတင်းစာခေါင်းကြီးတွေကို တာဝန်ခံ ရေးသား။

၁၉၅၉ - (မေ၊ ၁၂) လူထုသတင်းစာ ချိန်ပိတ်ခံရ။

၁၉၆ဝ - (မေ၊ ၁ဝ) လူထုသတင်း ပြန်ထွက်။

၁၉၆၂ - (ဖေဖော်ဝါရီ၊ ၃) အေရိုဖလုတ်လေကြောင်း ဖွင့်ပွဲမှာ သတင်းစာဆရာ ကိုယ်စားလှယ်အဖြစ် ဖတ်ကြားခြင်းခံရလို့ မော်စကိုသို့ သွားရောက်ခဲ့။

အပြန် မှာ အရှေ့ဂျာမနီ၊ ချက်ကို စလိုဗက်ကီးယားနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်များကို လှည့်လည်။

၁၉၆၃ - ဥရောပခရီး စဉ်များကို ဆိုရှယ်လစ် တိုင်းပြည်များသို့ အမည်နဲ့စာအုပ် ပြုစုထုတ်ဝေ။

C.Wright Mills ရဲ့ Listen ankees ကို အိုယန်ကီးတို့၊ Anna Lewis Strong ရဲ့ Cash and Violance in Losa ကို ငွေနှင့်လက်နက် အမည်ပေးရေးသား ထုတ်ဝေ။

၁၉၆၄ - ပြည်သူချစ်သော အနုပညာသည်များ ပြုစုထုတ်ဝေ။

ဒီစာအုပ်နဲ့ ၁၉၆၄ခုနှစ်၊ စာပေဗိမာန် အနုပညာဆိုင်ရာ စာပေ ပထမဆု ရ။

၁၉၆၆ - Edgar Snow ရေး The Other Side of the Riber ကို ဘဝချင်း မတူသည့် တရုတ်ပြည် အမည်နဲ့ဘာသာ ပြန်ပြီး နှစ်တွဲခွဲ ထုတ်ဝေ။

၁၉၆၇ - (ဇူလိုင်၊ ၇ ) လူထုသတင်းစာ ရပ်ဆဲခံရ။ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးများ ကို ဖြည့်စွက် အမှာရေး ထုတ်ဝေ။

၁၉၆၉ - ရွှေရိုး ဘကလေး နှစ်တွဲခွဲ ထုတ်ဝေ။ (မတ်လ၊၃) မန္တလေး ကွန်သာယာ ဗမာ့သဘင် စာတမ်းဖတ်။

၁၉၇ဝ - ရွှေမန်းတင်စာအုပ် ပြုစုထုတ်ဝေ။ မတ် (၃) မန္တလေး ကွန်သာယာ စာတမ်းဖတ်ပွဲမှာ ဗမာ့ဖတ်ကျီလုပ်ငန်း စာတမ်းဖတ်။

၁၉၇၂ - မန္တလေး နိုင်ငံတကာ စာအုပ်နှစ် စာတမ်းဖတ်ပွဲမှာ ကမ္ဘာ့အကြီးဆုံး စာအုပ် စာတမ်းဖတ်။

၁၉၇၃ - အငြိမ့်စာအုပ် နှစ်တွဲခွဲ ထုတ်ဝေ။

၁၉၇၄ - ကမ္ဘာ့ အကြီးဆုံးစာအုပ် ကို ဒေါက်တာသန်းထွန်းက The Worlds Biggest Book အမည်နဲ့ အင်္ဂလိပ်ဘာသာ ပြန်ဆို ထုတ်ဝေ။

၁၉၇၅ - ရွှေဒေါင်းတောင် ဆောင်းပါးများ စာအုပ်ထုတ်ဝေ။

၁၉၇၆ - ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာအုပ် ထုတ်ဝေ။ (သြဂုတ်၊ ၁၉) ဟံသာဝတီသတင်းစာ စနေစာပေဝိုင်း စာတမ်း ဖတ်ပွဲမှာ အတ္ထုပတ္တိစာပေ စာတမ်းဖတ်။

၁၉၇၈ - (သြဂုတ်၊ ၂၁) လူထုဦးလှ၊ သား ကိုငြိမ်းချမ်း( ညီပုလေး) တို့နဲ့အတူ အထိန်းအသိမ်းခံရ။ ၁နှစ် ၁လ ၁ရက်ကြာ။

၁၉၇၉ - (သြဂုတ်၊ ၂၂) အထိန်းအသိမ်းခံ ဘဝက ပြန်လွတ် Chester Ronning ရဲ့ A Memoir of Chin in Revolution ကို တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော်မှတ်မိသမျှ အမည်နဲ့ ဘာသာပြန် ထုတ်ဝေ။

၁၉၈၂ - နှစ်ပေါင်း ၄၃နှစ် ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းသည် လူထု ဦးလှ (သြဂုတ် ၇) ကွယ်လွန်။

၁၉၈၄ - (မတ်၊ ၄) မန္တလေး မီးကြီးအတွင်း ကြီးပွားရေး စာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူ သိုလှောင်ရုံ၊ စာအုပ် သိုလှောင်ရုံတွေ မီးလောင် ဆုံးရှုံး။

၁၉၈၅ - (နိုင်ဝင်ဘာ၊ ၂၉) အသက် ၇ဝပြည့်က စပြီး အမရပူရ တောင်လေးလုံးကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ် ကျင်းပ။

ချင်းတွင်းမှ ပင်လယ်သို့ စာအုပ် ထုတ်ဝေ။

၁၉၈၉ - (မေ၊ ၂၇) ပြည်သူချစ်သော အနုပညာသည်များ စာအုပ် ငွေရတုပွဲ အမရပူရ တောင်လေးလုံးကျောင်းများ ကျင်းပ။ မြန်မာ မဟာဂီတ စာအုပ်။ အာဖရိက ဝတ္တုတိုများ စာအုပ် ထုတ်ဝေ။

၁၉၉ဝ - လူထုဦးလှနဲ့ ပူးတွဲ ရေးသားတဲ့ ဆေးလိပ်နဲ့ လူသား စာအုပ်ထုတ်ဝေ။

၁၉၉၁ - ဓနမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းပြီး မန္တလေးသူ မန္တလေးသားများ အမည်နဲ့ စုအုပ်ထုတ်ဝေ။

၁၉၉၂ - ရနံ့သစ် မဂ္ဂဇင်းမှာ ဇမ္ဗူဒီပါ အောင်ထွန်း ကလောင်အမည်ခွဲနဲ့ နိုင်ငံတကာ ဆောင်းပါးများကို ရေးခဲ့။

ထိုင်းးဝတ္တုတိုများ (၁) တို့ကို ထုတ်ဝေ။

၁၉၉၃ - မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ မန္တလေးဆိုင်ရာ ဆောင်းပါးတွေကို စုပေါင်းပြီး ရတနာပုံ မန္တလေး၊ ကျွန်မတို့ မန္တလေး စာအုပ်။ ထိုင်းဝတ္တုတိုများ (၂) တို့ကို ထုတ်ဝေ။

၁၉၉၄ - သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ စာအုပ် ထုတ်ဝေ။

ရွှေဒေါင်းတောင် ဆောင်းပါး တွေကို ဂျပန်ဘာသာနဲ့ ပြန်ဆို ထုတ်ဝေ။ ပြန်ဆိုသူက ဂျပန်အမျိုးသမီး Yasuko Dobashi ( မြန်မာနာမည် ဒေါ်ယဉ်ယဉ်မြ) ဖြစ်ပြီး ထုတ်ဝေတဲ့ စာအုပ်တိုက်မှာShinjuku Shiobo Co. Ltd ၊ စာအုပ်တန်ဖိုး ယန်း ၂၇၁၈။ ၇၉နှစ် မွေးနေ့ အမှတ်တရ အဖြစ် ကျွန်မတို့ ငယ်ငယ်က ကိုယ်ရေးအတ္ထုပတ္တိ စာအုပ်ကို ရေးသား ထုတ်ဝေ။

၁၉၉၅ - မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်း ကျောင်သားဟောင်းများ ဦးစီးထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်။

(၂ဝဝ၄ ခုနှစ်တွင် ထုတ်ဝေသော လူထု ဒေါ်အမာရေး၊ စာအုပ်ဆိုင်က လူဝင်လူထွက်စာအုပ်မှ ကူးယူ ဖော်ပြပါသည်)

အမေမာအတွက် ဂုဏ်ပြုကဗျာများ

"မန်းတောင်ရိပ်ငို"

ပြည်ပက

သားတွေ သမီးတွေကို

အားကိုးပါတယ်လို့  ပြောသွားတဲ့

အမေ ပြောသွားတဲ့ စကားအတွက်

သမီး ရှက်လှပါတယ်အမေရယ် ။
နှင်းဆီ

မြနန္ဒာနဲ့ 

သင်္ကြန်ကိုလွမ်း

တမ်းတမ်းဆွတ်ဆွတ်

လူက

ပိတောက်ကဗျာ ဖြစ်နေရင်း

အမေ့သတင်းက ၊ ရင်ဝထိုးခွဲ

သွေးက

အမေ့ရဲ့ သွေးတွေ ။

အမေရယ်

မန္တလာကို ၊ မြန်မာပြည်ကို

လူထုကို ၊ အောင်ဆန်းစုကြည်ကို

မင်းကိုနိုင်တို့ကို ၊ အဝေးရောက်သားသမီးတွေကို

အားကိုး ယုံကြည်တယ်ဆို ။

ချင်းတွင်း ၊ဧရာဝတီ

ရိုးမတကြော ၊ သောလှုပ်မုန်တိုင်း

လှိုင်းတွေ ခုန်ပေါက်နေကြပြီ ။

တောင်လေးလုံး

တောင်သမန် ၊ မယ်ဇယ်ပင်တန်း

ငိုခန်းတွေအခန်းဆက်၊ ရက်စက်တဲ့ ဇာတ်လမ်းရှည်

ကြေကွဲလို့ မဆုံး၊ စစ်မုန်းစိတ်က မိုင်ထောင်ရှည် ။

သူရဲကောင်းလူထု

သွေးစုမယ့်နေရာ

အမေဖွေရှာတော့လေသလား ။

သွေးမြေကျ သံဃာတော်တွေကို

လိုက်လံ ပူဇော်နေတာလားအမေ ။

အနုပညာ

စာပေ အငြိမ့် သဘင်

မမြင်ရက်တော့ဘူးလားအမေ ။

မြို့ရိုးပြဿဒ်

ကျုံးတပတ်မှာ

ဆုံးဖြတ်သွားခဲ့တာလားအမေ ။

အမေ မြင်ချင်တဲ့ခေတ်

အမေ တွေ့ချင်တဲ့စနစ်

ကျနော်တို့ ချစ်တယ်

ကျနော်တို့ ခေတ် ၊ သစ်ကို သစ်ရမယ်

ဖြစ်ကို ဖြစ်ရမယ်

ရောက်ကို ရောက်စေရမယ်အမေ ။

အမေ

ရှက်နေဦးမည်

ဆက်မည် တိုက်ပွဲ

ယုံကြည် ခွဲရစ်ခဲ့ပါတော့။

မောင်လွမ်းဏီ (၇-၄-၀၈)

"အာဝေဏိက ဂုဏ်ရှင် အမေ"

ဟယ် ---

မရဏမင်း

အလိုက်ကန်းဆိုးမသိ လုပ်ရက်ပါဘိ ကွယ်ရို့

ဒါ ဒို့ အမေ

ပြည်သူချစ်တဲ့ အမေ၊

လူထုချစ်တဲ့ အမေ၊

ရဲရဲတောက် အမေကွ ။

ကိုလိုနီကို အံတု

ဖက်ဆစ်ကို မမှု

အာဏာရှင်ကို ဂရုမပြုတဲ့အမေ ဒို့အမေကွ ။

လွတ်လပ်ရေး ဝန်

တော်လှန်ရေး ဝန်

ငြိမ်းချမ်းရေး ဝန်

အမျိုးသားရေး ဝန်

ဝန် အလီလီ ထမ်းခဲ့တဲ့အမေ ဒို့အမေကွ ။

စာပေဂီတ အနုပညာ

ရိုးရာ ယဉ်ကျေးမှု

လူမှုသမိုင်း

အမွေအပိုင်းပိုင်းကို ပေးသွားတဲ့အမေ ဒို့အမေကွ ။

မြန်ပြည်သမိုင်းမှာ

သားသမီး အနန္တကို မွေးထုတ်

နောင်လည်း မွေးထုတ်အုံးမယ့် အမေ

အာဝေဏိက ဂုဏ်ရှင်

သား အနန္တရဲ့ မိခင်

သား အနန္တက ချစ်တဲ့အမေ

သား အနန္တကို ချစ်တဲ့အမေ

အနန္တ မေတ္တာရှင် အမေ

အနန္တ ကရုဏာရှင် အမေ

အနန္တ မုဒိတာရှင် အမေ ။

လူထုအမေ ဒို့အမေကွ၊ ဒို့အမေ ။

အောင်ဟိန်း (မုံရွာ)



ဒါလည်းမဇ္ဇိမသတင်းပါပဲ
နေသွင်
Monday, 07 April 2008 11:39 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဝါရင့်သတင်းစာ ဆရာမကြီး လူထုဒေါ်အမာ (၉၂) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသည်။

စာနယ်ဇင်းလောကတွင် အမေမာအဖြစ် လေးစား ချစ်ခင်ခြင်းခံရသော သတင်းစာဆရာမကြီးသည် ပြီးခဲ့သော တနင်္ဂနွေတကည်းက ဆေးရုံတင်ထားရခြင်း ဖြစ်သည်။

"ပြီးခဲ့တဲ့ တနင်္ဂနွေက တင်ရပါတယ်။ ကနေ့မနက် (၈) နာရီ (၃၇) မှာ အနိစ္စ ရောက်ပါတယ်" ဟု လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက တယ်လီဖုန်းမှ တဆင့် မဇ္ဈိမသို့ ပြောသည်။

သတင်းစာဆရာမကြီး လူထုဒေါ်အမာ
သတင်းစာဆရာမကြီး လူထုဒေါ်အမာ
ရုပ်အလောင်းကို သမီးအကြီး မြမဉ္ဇူအိမ်တွင် ထားရှိပြီး ဈာပန အခမ်းအနားကို မနက်ဖြန် နံနက် (၁ဝ) နာရီတွင် ကြာနီကန် သုဿာန်တွင် ပြုလုပ်မည် ဖြစ်သည်။

လူထုဒေါ်အမာ ကွယ်လွန်သည့်သတင်းကြောင့် အံသြစိတ်မကောင်း ဖြစ်နေသော စာရေးဆရာကြီး ဒဂုန်ုတာရာက "ဒေါ်အမာက နှစ်ပေါင်းများစွာ ကြာပြီပဲ။ တိုင်းပြည်အတွက် ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာ။ အထူးသဖြင့် အမျိုးသမီးရေးရာတွေ မဟုတ်တော့ဘူး ပေါ့ဗျာ။ တိုင်းပြည်တပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အတူတူ ဆောင်ရွက်ခဲ့တာ။ ကျနော် သိပ်ပြီးတော့ စိတ်မကောင်း ဖြစ်သွားပါတယ်" ဟု မဇ္ဈိမသို့ပြောသည်။

လူထု ဒေါ်အမာသည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဒဂုံတာရာတို့နှင့် ခေတ်ပြိုင် ဖြစ်သည်။

၁၉၁၅ နိုဝင်ဘာ (၂၉) တွင် မန္တလေးမြို့တွင် အဖ ဦးထင်၊ အမိ ဒေါ်စုတို့မှ မွေးဖွားပြီး ၁၉၃ဝ တဝိုက်တွင် တက္ကသိုလ်ကျောင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွင် သပိတ်မှောက် ကျောင်းသူအမာ ဖြစ်လာသည်။

၁၉၃၉ တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ်ပြီး ၁၉၄၅ တွင် လူထုဂျာနယ် ထုတ်ဝေသောအခါ လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ လူထုသတင်းစာကို ထုတ်ဝေသောအခါ အယ်ဒီတာအဖွဲ့ဝင် ဖြစ်လာသည်။

၁၉၄၉ တွင် လူထုသတင်းစာနှင့် ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုက်နှင့် ဖောက်ခွဲခံရသည်။

၁၉၅ဝ အလွန်ကာလများတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော မြန်မာပြည် ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ လူထုဦးလှ ဖမ်းဆီးခံရသည့် နောက်ပိုင်းတွင် လူထုသတင်းစာ ခေါင်းကြီးများကို တာဝန်ခံ ရေးသားခဲ့သည်။

၁၉၅၉ မှ ၁၉၆ဝ အတွင်းလူထု သတင်းစာတိုက် အပိတ်ခံခဲ့ရသလို ၁၉၇၈ တွင် လူထုဦးလှ၊ သား ကိုငြိမ်ချမ်း (ညီပုလေး) တို့နှင့်အတူ တနှစ်ကျော်ကြာ ဖမ်းဆီးခံခဲ့ရသည်။

ဒေါ်အမာသည် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဒေါက်တာသန်းထွန်း၊လူထုစိန်ဝင်း အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရဆဲ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်တို့နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသည်။

ပြီးခဲ့သည် မတ်လတွင် ကျရောက်သော ဦးဝင်းတင်၏မွေးနေ့တွင် ဒေါ်အမာက သားသဖွယ် ချစ်ခင်သော ဦးဝင်းတင်ကို သူမသေခင် မြင်သွားရမည်ဟု မျှော်လင့်သည်ဟု မဇ္ဈိမသို့ ပြောကြားခဲ့သေးသည်။

နှစ်စဉ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ကျရောက်သော ဒေါ်အမာ၏ မွေးနေ့ပွဲကို မန္တလေးမြို့ တောင်လေးလုံး ကျောင်းတိုက်တွင် နှစ်စဉ် ကျင်းပလေ့ရှိပြီး တနိုင်ငံလုံးမှ ဝါရင့်စာနယ်ဇင်းသမားများ တက်ရောက်လေ့ ရှိသည်။

အဆိုပါ မွေးနေ့အခမ်းအနားသည် ဝါရင့်သတင်းစာဆရာများအပြင် ဒီမိုကရေစီ ဘက်တော်သားများ အစုံအညီ တက်ရောက်လေ့ ရှိသဖြင့် အာဏာပိုင်းများက တားမြစ်ခဲ့သည့် အကြိမ်များလည်း ရှိခဲ့သည်။


လူဖြစ်ရတဲ့ဒုက္ခ(မျိုးကျော့မြိုင် သီချင်းခေါင်းစဉ်နဲ့ တူသွားပါတယ် ဒီပုံနဲ့လိုက်ဖက်တဲ့ခေါင်းစဉ်မို့ပါ)


ကျနော်က ရလာတဲ့သတင်းဘာမှ မချန်ထားချင်သူပါ။အဲဒါကြောင့်မျှဝေတာပါ ။စိတ်မကောင်းစရာလေးပါဗျာနော်။အသက်ဆက်ရှင်ရဦးမယ်ဆိုရင်တောင်.....ဒီလိုဘ၀.....ဒီလိုအခြေအနေနဲ့ သူ့ဘ၀ တလျှောက်ဟာ လောကငရဲ ပါပဲ။ငါရော အဲဒီလို ပုံမျိုးနဲ့ ရှင်သန်ရမယ်ဆို.....ဟီးဟီး.....တွေးကြည့်စမ်းပါဗျ...

မြန်မာပြည်ကြီး အခုတလော ပေါက်တက်ကရတွေ ဖြစ်နေပါလားနော်....ဩော်...လူဖြစ်ရတဲ့ ဒုက္ခ...လူဖြစ်ရတဲ့ ဒုက္ခ....ဟူး...ပျော်ရဲ့လား...။
ဂြိုလ်သားနဲ့ တူသောခလေး တစ်ယောက်ကိုပုသိမ်မြို့ နယ်သလပ်ခွါကျေးတိုက်နယ် ကြက်တူရွေးရွာ က လှေခတ်လုပ်သားဦခင်ချောင်း၄၃နှစ် ဇနီးဒေါ်အသေးမ၄၂နှစ်က သတ္တမြောက် ခလေးအဖြစ်မတ်လ ၂၅ နံနက် ၉နာရီ ၁၅မိနစ်ကမွေးဖွား..... ပေါင်ချိန် ၁၁ပေါင် ရှိသည့် အနက်ဦးခေါင်းက၇ပေါင်......
လုံးပတ် ၃ပေ....
အပေါ်နှုတ်ခမ်းမရှိ....
အာခေါင်ကွဲ....
( ပုံပါအတိုင်း )
.........................
မနုဿတ္တဘာဝေါဒုလ္လဘော...........................
ဒီမှာထပ်ရေး

Mar 28, 2008

မိုးအကြောင်း၊မျောလွင်.နေတဲ့ခြေရာတစုံ၊ကမ္ဘာမကြေသီချင်း

ခွင့်လွတ်ချင်လွတ်၊ မလွတ်ချင်နေတော့ ချစ်သူ။ဘ၀ကိုယ်စီ ပိုင်ဆိုင်နေတဲ့လူသားတွေပဲလေ။ဆန္ဒရှိရာ ပျံသန်းဖို. တောင်ပံတွေရှိတာမို. ယုံကြည်ရာကိုယ်စီလမ်းတွေပေါ် စီးမျောကြမှတော.ကွယ်။....ငါမရောက်ဖြစ်တော့မဲ့လမ်းထဲ မှာ....မိုးတွေရွာလာပြန်ပြီလားချစ်သူ...။ဝမ်းသာအားရ ငိုချလိုက်တော့လေ ဟိုအရင်က ရီသံတွေရဲ့ အစားထိုးရမဲ့ကွက်လပ်နေရာမှာ........

ဟေ့ကောင် ...ကွာ...
မင်းဘာတွေရေးနေတာလဲ။အူကြောင်ကြောင်နဲ.ကွာ။အဲဒီလိုပါပဲဗျာ ပျိုမြစ်ခြင်းရာသီကုန်ချိန် တဖြည်းဖြည်း ရောက်လာတော့လည်း အတိတ်ကိုပြန်လွမ်းရတဲ့ အိုမင်းလာသောနာရီတွေအောက်ကို တိတ်တိတ်လေးရောက်ရပြီပေါ့။မနေ.ကမိုးတွေရွာတယ်။ကိုယ့် ကိုယ်ကိုတည်ဆောက်နေခြင်းဟာ အားလုံးအတွက် အကောင်းဆုံးပေးဆပ်ခြင်းပါလို.ကျောင်းတွေ အမျိုးမျိုးလျှောက်တက်ပြီး ခဏခဏစာမေးပွဲ ကျနေတဲ့ကောင်မလေးတစ်ယောက်က အသက်မမွေး နဲ့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေမှာ ဖွင့်လှစ်သင်ကြားနေတဲ့ကျူရှင်တော်လှန်ရေးလုပ်နေတာပါလို့ ပြောဖူးတယ်ခင်ဗျားထင်သလား။ဘာတွေရေးမှန်းမသိတဲ့ ခင်ဗျားစာကြောင်းတွေက ရှည်လိုက်တာဗျာ။ချစ်သူရေ နင်သိရဲ့လား။မိုးစက်များသည် ကမ္ဘာမြေကိုဆေးကြောပေး၏။ကိုယ်စီအသိစိတ်ဓာတ် ရှိနေရင် ဒါတွေက ပြောစရာမလိုတဲ့ အပိုစကားတွေပဲ။ကျွန်ုပ်တို.၏လူမျိုးများသည် စည်းလုံးညီညွှတ်ကြပါသလား။ချစ်ခြင်းမေတ္တာသည် မိုးစက်များကဲ့သို. အေးမြသည်။အေးမြသည် ကမ္ဘာမကြေသီချင်းဆိုရပါသလား။ဖရဲသီးများက အေးမြကို အေးမြစေသည်။အမျိုးသ္မီးဆောင်ရှေ.မှာ ကျောင်းသားတချို.မူးပြီး ကမ္ဘာမကြေသီချင်းကို အော်ဟစ်နေကြ၏။တချို.သစ်သီးများသည် မစားရပဲချိုမြိန်ကြောင်း သစ်သီးရောင်းသူက ပြော၏။ကျနော် စပိန်လို လေးလုံးခန်.သိကြောင်း ကလေးမလေး တစ်ယောက်က သိသည်။ရီစရာပြောမှ ရီပါ။ရဲများသည် ရီနေသောအေးမြနှင့် ကျောင်းသားများကို စခန်းသို. ခေါ်သွားကြ၏။ချစ်သူရေ နိဂုံးရေးရန်အချိန်ရောက်ပြီလား။အခါများစွာ၌ လူသည်ကိုယ်.အားကို မကိုးပါ။အကယ်၍ ကျွန်ုပ်တို.၏ အားကိုးယုံကြည်သူများမရှိလေသော် သင်ဘာလုပ်ရမည်နည်း။အကယ်၍ မရှိမဖြစ်လူ မရှိလျှင် မည်သို.ရှေ.ဆက်ရမည်နည်း။ချစ်သူသည် မရှိမဖြစ်ဆိုလျှင် သင်ဘ၀ကို ရေစက်ချ အမျှဝေလိုက်ပါ။အကယ်၍ မနက်ဖြန်များကို ပါးပါးလှီး၍ မျောက်တစ်ကောင်ကို ကျွေးလိုက်သောအခါ ကြယ်တွေကို တောက်တောက်စားတဲ့စုန်းမတစ်ကောင်သည်ကျနော့်ချစ်သူ ဖြစ်သွား၏။အကယ်၍ အတွေးအခေါ်မည်မျှ တိုးတက်သည်မသိပါ။အကယ်၍ ဆံပင်များသည် တစ်နေ.တခြား ဖြူလာလေ၏။အဲဒါကြောင့် ပြောတာပေါ့။အကယ်၍အခုတော့ ကိုခင်ဝမ်းရဲ့ နှင်းဆီဖြူကသူမဖြစ်သွားလေပြီ။မိုးအကြောင်း ကမ္ဘာမကြေ သီချင်းထဲမှာပါလို.လား။မျောလွင့်နေတဲ့ခြေတစုံဟာ မိုးအကြောင်းမဟုတ်သလို ကမ္ဘာမကြေသီချင်းလည်း မဟုတ်ပါ။တကယ်တော့ ပျော်ရွှင်စရာဖြစ်ဖြစ်၊၀မ်းနည်းစရာဖြစ်ဖြစ် လူဟာခံစားမှုမှာ မိန်းမောသာယာနေတတ်တယ်လေ။အကယ်၍ ကျွန်ုပ်သည် စက်ဝိုင်းတစ်ခုကို အလျှားလိုက်ရေးဆွဲနေလေ၏။တချို.မနက်ဖြန်များကျနော်ကို ချေးငှားကြပါ။အကယ်၍ မနက်ဖြန်မိုးရွာဦးမည်လား။မိုးရေထဲမှာသာ ငိုရတော့မည့်သူအတွက် အကယ်၍ ရွာပေးလိုက်ပါ။အကယ်၍သည် သူမဖြစ်သောအခါ သူတို.ပျော်ကြလေပြီကို မင်းလူရေးသားခဲ့ပါသည်။ကိုတာ ကတော့ မုံရွေးမှာနေချင်သေးပါသလား ၊ မသိပါ။လမ်းလျှောက်နေသော်လည်း ရှေ.မရောက်သူကို နွေလှိုင်ဿုန်းဟုခေါ်တွင်ပါသလား။မသိပါ...။ကျင်လည်ရာ ရပ်ဝန်းတွေမှာ ဘယ်လောက်ထိကျွမ်းကျင်လဲ..။ဘယ်လောက်ထူးချွန်ပြောင်မြောက်လဲ ။ဘယ်အတိုင်းအတာထိ နှံ့စပ်သိမြင်လဲ ။ဖြစ်နိုင်သလား....မဖြစ်နိင်လား ဆိုတာစဉ်းစားတတ်အောင် ရင့်ကျက်ခဲ့ရင် ခင်ဗျား အလိမ်မခံရနိုင်တော့ပါဘူး ။ဒါပဲဗျာ ။

အိမ်မက်အိမမှ စာစဉ်အား ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Mar 26, 2008

မျောလွင့်နေတဲ့ ကမ္ဘာ

မနေ့ကလို အမှောင်ထဲမှာနေဖို.နိုးတဲ့မနက်
လူငယ်တစ်ယောက်ပါလို့ပြောရမှာ ....အားနာတယ်
အချစ်ကိစ္စနဲ့ အတင်းအဖျင်းအမှားတွေဘဲ
မြင်ကြားနေရတဲ့~~~~~ ဟောဒီ
နား၊မျက်စိတွေသာ ဖောက်ဖျက်လိုက်ချင်ရဲ့
မလောက်မငှဝမ်းစာအတွက်
မချိမဆန့် ရုန်းကန်နေရ~~~
စာရိတ္တထိန်းတဲ့ အစာအိမ်က xxxမီးတောက်ပြာကျ
ပညာတတ်တစ်ယောက်ပါလို့
ပြောရမှာရှက်လာတယ်။ ။
တတိယလှိုင်းထဲမှာ ငါတို့စီးမျော
အမှိုက် ဒိုက်သရိုက်တွေလို
ဟောဒီမှာ ထုံကျင်နေပေါ့ ဒုက္ခထဲ
အခွင့်အလမ်းအတွက်
လှည့်ပတ်ချောင်းမြောင်းခံနေ၇တဲ့
နေ့ရက်တွေကိုအားနာလှချည်ရဲ့ ။ ။
ငါတို့ကမ္ဘာမှာ......
နေသာသလိုပျော်တယ်။
ငါတို့ကမ္ဘာမှာ.......
မွန်းလှောင်ပိတ်တဲ့ပြူတင်းပေါက်အတုဟာ
ရီဝေရစ်မူးတယ်။
ငါတို့ကမ္ဘာမှာ.........
မနက်ဖြန်တွေက မှောင်တယ်။
ငါတို့ကမ္ဘာမှာ .....အလင်းလိုက်မုဆိုးတွေ.......မြားဆိပ်သင့်တယ်..........။......။။။......။...။।။။।။.။....ငါတို့ကမ္ဘာမှာ..။။..။.။..။.။..။...။ကိုယ့်လည်ပင်းကို ကြိုးကွင်းပြန်စွပ်ရမဲ့ ဒီရွေးကောက်ပွဲကို သွေးချင်းတို့ရေ.....




Mar 23, 2008

ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်က ဆန္ဒပြမှု တစ်မျိုး



ရွှေတိဂုံဘုရားပေါ်မှာ ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တဲ့ ဇင်နိုင်(ခ) အောင်ကြီး လို့ အမည်ရတဲ့ အသက်(၂၅)နှစ် အရွယ် တစ်ဦးရဲ့ ပုံပါ။ကျန်တဲ့ သတင်းတွေကတော့ မီဒီယာတော်တော်များများမှာ ရေးပြီးလောက်ပါပြီ။ဧရာဝတီက သတင်းတချို့ကိုတော့ ကူးယူတင်ပြလိုက်ပါတယ်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်တွင် တပေါင်းလပြည့်နေ့ညက လူတဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၈ 7နာရီ 30 မိနစ် ခန့်က ရွှေတိဂုံဘုရား သောကြာထောင့်၌ အသက် 25 ကျော် လူငယ်တဦး ဆီမီးခွက်မှ မီးဖြင့် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းကာ မီးရှို့ခြင်းဖြစ်ကြောင်း ရွှေတိဂုံဘုရားရှိ ပန်းသည်များက ပြောသည်။

“အခင်းဖြစ်တဲ့အချိန်က ဘုရားပေါ်မှာ လူတွေအများကြီးရှိနေတယ်၊ ပထမ လူတွေက မီးလောင်တယ်ဆိုပြီး ပြေးကြတယ်၊ ကျမတို့လည်းမီးဆိုတော့ ရေပုံးတွေဆွဲပြီး ပက်ဖို့ပြေးကြတယ်၊ ရဲတွေ၊ မီးသတ်တွေ ရောက်လာပြီး ဘုရားမုခ်တွေအကုန် ပိတ်လိုက်တယ်၊ နောက်တော့မှ သိတယ်၊ ကိုယ့်ကိုယ်ကိုယ်မီးရှို့တာဆိုတာကို”ဟု ရွှေတိဂုံ မြောက်ဘက်မုခ်တွင် ပန်းရောင်း နေသူတဦးက ဆိုသည်။

ရွှေတိဂုံဘုရား တံမြက်စည်းလှည်းအသင်းဝင် တဦးကလည်း“မီးလောင်တာ ၁၀ မိနစ်လောက်တော့ ရှိမယ်၊ လူတွေက အကုန်ရုတ်ရုတ်သဲသဲပြေးကြတယ်၊ ရဲတွေကလည်း ပထမ ဆန္ဒပြတယ်ထင်ပြီး ၀ီဆီတွေမှုတ်ပြီး ဘုရားကိုပိတ်လိုက်တာ၊ နာရီဝက်လောက်ကြာမှ ဘုရားကို ပြန်ဖွင့်တယ်၊ ဘုရားပေါ်မှာ နာရီဝက် လောက် ပိတ်မိနေတဲ့ ဘုရားဖူး 30000လောက်တော့ ရှိမယ်ထင်တယ်”ဟု ဆိုသည်။

ကိုယ့်ကိုယ်ကိုယ် မီးရှို့သူမှာ အင်္ကျီအဖြူလက်ရှည်နှင့် ယောပုဆိုးကို ၀တ်ဆင်ထားကြောင်း မျက်မြင်တွေ့ရှိသူ ပန်းသည် တဦးက ဆိုသည်။

အဆိုပါ မီးရှို့သူမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ် စိုးရိမ်ရ၍ ရဲအစောင့်အရှောက်များနှင့် ထားရှိကြောင်း ရန်ကုန်ဆေးရုံဝန်ထမ်းတဦးက ဆိုသည်။
ယင်းကိုယ့်ကိုယ်ကိုယ် မီးရှို့သူကို ဗဟန်းမြို့နယ်ရဲစခန်းက အများပြည်သူအထိတ်တလန့်ဖြစ်စေမှုဖြင့် ပုဒ်မတပ် အရေးယူ ထားပြီး အသေးစိတ်စစ်ချက်များကို ၄င်းပြန်လည်သတိရလာမှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဗဟန်း ရဲစခန်းမှ ရဲတပ်ကြပ် တဦးက ပြောသည်။

ဒဂုံတက္ကသိုလ် သင်ပုန်းကြီး ဖက်စာ

















Mar 17, 2008

မြန်မာ့ကိုယ်ပိုင်သံစဉ် ခရောင်းလမ်းထက်မှကြွေလွင့်သူ










ကျနော် သိသလောက် မြန်မာ့ကိုယ်ပိုင်သံစဉ် သူရဲကောင်းတွေဟာ ကဒ် စနစ် ကနေ စတူဒီယိုခေတ်ဦး ၊အဲဒီကနေဒီကနေ့ထိ သူများသီချင်းကို ကူးဆို၊ကူးရေး ကြတဲ့သူတွေလောက်တောင် ထိုက်တန်တဲ့ နေရာမရခဲ့ကြပါဘူး။အဲဒါ မင်းနဲ့ဘာဆိုင်လဲမေးရင်တော့

နိုင်ငံနဲ့ ချီပြီး၊ တမျိုးသားလုံးနဲ့ချီပြီး ရှက်ရွှံ့စရာကောင်းလှတဲ့အဖြစ်ပါ ။ကျနော်တစ်ယောက်ထဲ ဆိုင်တာမဟုတ်ပါဘူးလို့ပဲ ပြောရမှာပေါ့ ။အခုဆို အင်မတန်ရှားပါးတဲ့ ကိုယ်ပိုင်သံစဉ် သူရဲကောင်းတွေ တစ်ယောက်ပြီး တစ်ယောက် ကြွေလွင့်နေကြတယ်။........ဒိုးလုံး...၊အယ်လ်ဖြူ....၊ထူးအိမ်သင်.....၊...အခု...စိုင်းထီးဆိုင်....။ကဲ လက်တစ်ဆုပ်စာတောင် မရှိတဲ့ကိုယ်ပိုင်သံစဉ်သမားတွေ တဖြုတ်ဖြုတ် ကြွေနေလိုက်ကြတာ။မြန်မာပြည်နဲ့ သူရဲကောင်းတွေနဲ့ မထိုက်တန်ဘူးထင်ရဲ့။

Link

Mar 10, 2008

တိမ်စားတဲ့ ငါး

ရစ်ပလ္လင်ထက်က ငြီးငွေ့စိတ်ပျက်ခြင်း
ကျိန်စာတွေငိုတဲ့ ဘ၀မှာ ရှင်သန်ခြင်းရဲ့လက္ခဏာ


အပေါင်း-တစ် အနုတ်-တစ် နဲ့.......
လိုချင်တာတွေ ပြန်မလာကြတော့.........။.....
အဓိပ္ပါယ်ဖွင့်မနေပါနဲ့။ ...ဒါ...
ပညတ်တွေချည်းပဲ

Mar 7, 2008

ရွေးကောက်ပွဲ


မေးလ်စစ်ရင်းနဲ့ မြန်မာပြည်က ပို့လိုက်တဲ့ ဆော်ဩသံ လေးကို လက်ဆင့်ကမ်းလိုတာနဲ့ တင်ဖြစ်တာပါ။ကျနော်ကလည်း အခုနောက်ပိုင်း မရေးတာများတာမို့ မတော်တဆ ရောက်ရှိလာတဲ့မိတ်ဆွေကိုတက်စွမ်းသမျှ လက်ဆင့်ကမ်း အသိပေးကြဖို့တိုက်တွန်းလိုပါတယ် ခင်ဗျာ။ကျေးဇူးတင်ပါတယ် ။