ဆရာမသန်းမြင့်အောင်၏ စာမူအား ပြန်လည် ဖြန့်ဝေခြင်းဖြစ်ပါသည်။ ။
ပြောင်းလဲခြင်းများဖြင့်ထာဝရတည်မြဲနေသော လူမှုဘဝ၊လူ့အဖွဲ့အစည်းကြားမှာအနေကြာလာတာနဲ့အမျှ ကျွန်မရဲ့ခြေလှမ်းတွေက မှန်းဆလို့မရသေးတဲ့လမ်းသစ်တွေဆီဦးတည်နေချင်စိတ်တွေကို မနည်းဖိသိပ်ချိုးနှိမ်ရင်း ဘဝအမောတွေကြားမှာ သက်ပြင်းကို အခါခါချနေရပေသည်။
ဒုလ္လဘတစ်ပါးဟု တင်စားရလေသော ရခဲလှသည့် လူဘဝတစ်လျှောက်မှလူသားတို့၏ အို၊နာ၊သေ၊ဝဋ်ဒုက္ခသည်ကား ဘဝ၏ နောက်ဆုံးကာလများတွင် မည်သူမျှ ရှောင်လွှဲ၍မရလေသော အကြောင်းတရားများပင်တည်း။
ထိုရှောင်လွှဲ၍ မရလေသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြသောသူတို့အတွက် ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ကျင်လည်၊ရှင်သန်၊သာယာခဲ့သော မိသားစုပတ်ဝန်းကျင် အသိုင်းအဝိုင်းတို့ ပျောက်ကွယ်ပျက်သုန်း၍ ပျော်ရွှင်မှုမဲ့ခဲ့လေသော အထီးကျန်ဘဝသို့ ရောက်ကြလေသောအခါ……..
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် (၇)နှစ်တာကာလအတွင်း ဆင်းရဲချမ်းသာ လူမျိုးဘာသာ အသက်အရွယ်မရွေး နာရေးကိစ္စများ လိုက်လံသယ်ယူပို့ဆောင်ကုသိုလ်ယူခဲ့ကြသော ကျွန်မနှင့်တကွ လုပ်ဖော်ကိုင်ဖက် ပရဟိတ ညီအကို မောင်နှမများအတွက် လူသားတစ်ယောက်၏ ဘဝနိဂုံးအဆုံးသတ်ချိန်တွင် အကြောင်းတရား အမ်ျိုးမျိုးနှင့်လူ့ဘဝထဲမှ ထွက်ခွာသွားကြသူပေါင်းများစွာကို တွေ့မြင်ခဲ့ကြသလို၊ ကျန်ရစ်သူတို့၏ ဘဝရှင်သန်မှုများစွာကိုလည်း မျက်မြင်ကြုံတွေ့ခဲ့ခြင်းမှ တစ်ဖန် ပဟေဠိပေါင်းများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရပြန်သေး၏။
မိသားစုပေါင်းများစွာထဲက ထွက်ခွာနေကြသည့် တစ်ယောက်ချင်းသော ဘဝကူးမကောင်းသည့် မကောင်းသည့်သူတွေ၏နောက်မှာ-
“ကျွန်မတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲ”…“သမီးတို့ကို ပစ်ထားခဲ့ပြီလား အမေရဲ့”….“ကျုပ်တို့ရဲ့ ဒုက္ခတွေကို ဘယ်သူလာကယ်တော့မှာလဲ ကျေးဇူးရှင်ကြီးရဲ့”…စသည့်အသံပေါင်းများစွာက ဘဝကို ဆက်လက်ရုန်းကန် ရင်ဆိုင်နိုင်ရန်ကိုတော့ ဘယ်နည်းနဲ့မဆို အင်အား တစ်စုံတစ်ရာကို ဆုပ်ကိုင်မိဖို့ ကြိုးစားနိုင်ကြဦးမည်ပင်။တစ်သက်တာ ချစ်မြတ်နိုးစွာ အတူတကွ နေထိုင်လာကြရသောမိသားစု၏ ပျော်ရွှင်မှု၊သံယောဇဉ်၊ကျေးဇူးတရားနှင့် ခိုင်မြဲသော မေတ္တာနှောင်ကြိုးကြားမှ ရုန်းထွက်သွားသူအတွက် ယူကြုံးမရသည့်သောက ဗျာပါဒတွေကိုလည်း ကြားရသူတိုင်း စာနာ နားလည်နိုင်ကြပါသည်။
ကျွန်မအတွက် တကယ်တမ်းရင်ထဲမှာ တမြေ့မြေ့လောင်ကျွမ်းပြီး မေ့ပစ်၍ မရနိုင်သည့် ထွက်ခွာသွားကြသူတို့နှင့် ကျန်ရစ်ကြသူ အချို့၏ ဘဝများသည်ကား……-
အချိန်ကာလကို အတိအကျ မပြောပြလိုပေမဲ့ မကြခဏ တွေ့ကြုံရသော အဖြစ်အပျက်များပင်ဖြစ်သည်။
ပထမဆုံး ကျွန်မရင်ထဲကို ဝင်ရောက်ခဲ့ဖူးသည့် သက်ကြီးရွယ်အိုတစ်ဦးကား ရန်ကုန်မြို့မှ...........သူကိုယ်တိုင်ပင် အမေ့မေ့ အလျော့လျော့ဖြစ်နေပြီဖြစ်သော သူပိုင်တိုက်ခန်း တစ်ခန်း၏ အတွင်းမှာဖြစ်သည်။၆ ပေ-၉ပေ ခန့် နောက်ဖက်ကျကျ မှောင်မိုက်နံစော်နေသော အခန်းကျဉ်းကလေးထဲတွင် သူ့ကို ကျွန်မ မကြာခဏ သွားရောက်တွေ့ဆုံခဲ့ဖူးခြင်းကြောင့်ဖြစ်သည်။
တင်ပါးဆုံရိုးကျိုးပြီး အောက်ပိုင်းချိနေသော ထိုအမေအိုသည် မိဘဘိုးဘွားအစဉ်အဆက် ဆွေမရှိ မျိုးမရှိ မောင်နှမ နှစ်ယောက် ကိုယ်ပိုင်တိုက်ခန်းကလေးဖြင့် အဖော်ရအောင် ဆွေမျိုးနီးစပ်တော်သူ မွေးစားသားက အိမ်ထောင်ကျ ၊ကလေးဘုစုခရုနှင့် အဘိုးကြီး အဘွားကြီး မောင်နှမအတွက် အဖော်မရဘဲ အစ်ကိုကြီး(၇၈)နှစ်က ညီမ(၇၅)နှစ်အား မုန့်ထွက်ဝယ်ပေးပြီး ပြင်ကျွေးရသည့် အခြေအနေရောက်လာသည်။တစ်နေ့ ထိုအစ်ကိုကြီး ဆုံးသွားသောအခါ ညီမ အမယ်အိုအတွက် အခက်တွေ့ရသည်ကား အားကိုးစရာ ကောက်ရိုးတမျှင်ပင် လက်လှမ်း၍ မမီနိုင်လောက်အောင် သောကရောက်ရတော့သည်။
မွေးစားသားအမည်နှင့် လွှဲထားခဲ့သော တိုက်ခန်းကလေး၏ နောက်ဖက်ကျကျ အခန်းကလေးဆီသို့ သီးသန့် လွတ်လွတ်လပ်လပ် နေရအောင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းခံလိုက်ရပြီးနောက်…နောက်တွင်မူ အဖွားအိုခမျာမှာ လူသူအရိပ်အရောင်ကိုပင် မြင်တွေ့ရခွင့် နည်းပါးသွားရပြန်ပါသည်။
အကွက်အပေါ် နံစော်မာခေါက်နေသော ခန်းဆီးလိုက်ကာ၏နောက်မှ မှောင်မိုက်အခန်းကလေးထဲတွင် ရေးမိုးချိုးပေးမည့်သူ မရှိ၊ဆံပင်ဖြီးသင်ပေးမည့်သူမရှိ ၊ထမင်းစားချိန်တွင် ထမင်းနှင့်ဟင်းကို သူ့အတွက် သတ်မှတ်ထားသော ပန်းကန်ထဲတွင် တစ်ခါပြင်စာကလေးပုံ၍ လိုက်ကာအောက်မှ ထိုးသွင်းပေးလိုက်သည့်အတွက် ထမင်းကလေးကိုတော့ဖြင့်် ဟင်းကောင်းကောင်းနှင့် မဟုတ်တောင် ကျွေးဖော်ရ၍ ကျေးဇူးတင်ရပေသေးသည်။ သည် အဘွားအိုနှင့် အသိအကျွမ်းဖြစ်ခဲ့ဖူးသောစာပေနယ်မှ ကျွန်မ၏ အစ်မကဲ့သို့သော ဆရာမကြီးတစ်ယောက်ကြောင့် ဆက်သွယ်ပတ်သတ်ခဲ့ရဖူးခြင်း ဖြစ်ပါသည်။
“မမတို့ သွားလာဝင်ထွက်ရင် သူ့အိမ်က မိသားစုက မကြိုက်ချင်ဘူး ညီမရေ၊ သူတို့သိက္ခာကျတယ်လို့ ယူဆတယ်ထင်ပါရဲ့။အဘွားကြီးခမျာ ကလေးတစ်ယောက်လိုပဲ အပေါ့အလေး စွန့်ချင်ရင်လည်း လက်နှစ်ဖက်ကို အားပြုပြီး ဖင်တရွတ်တိုက်ဆွဲနဲ့ လိုက်ကာကြားက ထွက်ပြီး မနီးမဝေးရှိ အိမ်သာလေးဆီရောက်အောင်သွားရရှာတာ။ လမ်းမှာထွက်ကျလို့ပေကျံရင်လည်း ငြိုငြင်ငေါက်ခံရသေးတော့ အန္တရာယ်ကို မလွယ်နိုင်မှာစိုးလို့ သူ့ခမျာအစားအသောက်တောင် သိပ်မစားရဲရှာပါဘူး။ အဲဒီအဘွားကြီးအတွက် မရှိမဖြစ် အရေးကြီးတာက ဖယောင်းတိုင်နဲ့မီးခြစ်ပဲ၊မမက တစ်လတစ်ခါ ဖယောင်းတိုင် သေးသေးလေးတွေရယ် ၊မီးခြစ်နဲ့အဝတ်အစားတစ်စုံ၊ပြီးတော့ မုန့်လေးနည်းနည်း ဒါမှမဟုတ် သူစားချင်တာ စားရအောင် ပိုက်ဆံကို အကြွေကလေးတွေအမ်းပြီး အဲဒီအိမ်သားတွေ ငြိုငြင်နေတဲ့ကြားပဲ သွားသွားပို့ပေးနေရတယ်။သူ့အခန်းကလေးထဲမှာက နေ့ည မပြတ် ဖယောင်းတိုင်ထွန်းထားရတယ်။ဘာဖြစ်လို့လဲဆိုတော့…ကြွက်တွင်းပေါက်နဲ့ ပြည့်နှက်ပြီး မြေကြီးတွေအမှိုက်တွေ ပွစာကြဲနေတဲ့အတွက် အလင်းရောင်ကလေး နည်းနည်းမှ မရှိရင် မြေကြွက်တွေက လူကို လာလာကိုက်နေလို့ပဲ။”
အို…ဖြစ်မှဖြစ်ရလေနော်..။ကျွန်မ ရင်ထဲ ကျဉ်ခနဲ ဖြစ်သွားခဲ့သည့် ထိုခံစားချက်က အခုချိန်ထိ မပြေနိုင်သေးပါ။
ချေးညှော်အထပ်ထပ်နဲ့ဖြစ်သလိုနေရတဲ့ သူ့အတွက် တစ်လတစ်ကြိမ်ပို့ပေးတဲ့ တစ်ပတ်ရစ် ဝတ်စုံတစ်စုံက တစ်လလုံးအတွက် တစ်ခါသုံးပစ္စည်းပေါ့။မုန့်ဖိုးပေးရင် အိမ်က ကလေးတွေက မုန့်ဝယ်ပေးတယ်။ဒါပေမဲ့ မုန့်ဝယ်မဲ့ ပိုက်ဆံရော သူတို့ကို မုန့်ဝယ်ခ ပေးရတဲ့ပိုက်ဆံပါ အတိအကျပေးလိုက်မှ နို့မဟုတ်လို့ရင် ပြန်အမ်းရမယ့် ငွေစက္ကူပေးလိုက်လို့ကတော့ ဘယ်တော့မှ ပြန်မရဘူးဆိုပဲ။ကိုယ့်မလည်း ခေါ်ထားစရာနေရာက မရှိ၊ သူနဲ့အတူနေသူတွေကလည်း လူမှုရေးအသိနဲ့ စေတနာက ခေါင်းပါးတော့ အရင်တုန်းက သူ့ကိုမြင်ဖူး သိခဲ့ဖူးတဲ့ လူတချို့ အဲဒီပတ်ဝန်းကျင်မှာ ရှိနေသေးရင်တောင် ဒီတိုက်ခန်းကလေးရဲ့ နောက်ဘက် အမှောင်ထဲမှာ ဒုက္ခိတ အမေအိုကြီးတစ်ယောက်ရှိနေတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ကြတော့ဘူး။ သူ့ကို မေ့ကုန်ကြရောပေါ့လို့ သတိရတဲ့အခါ ပြောလေ့ရှိတယ်။
နောက်ဆုံးတော့ ထို အစ်မ ပေးသော အလုပ်တာဝန်ကို ကျွန်မလိုလိုလားလားပင် လွှဲယူလက်ခံလိုက်ပြီး အလိုမကျသော မှုန်ကုတ်ကုတ် မျက်နှာတွေကြားမှာ တစ်လ တစ်ကြီမ်၊မျက်နှာပြောင်တိုက်ကာ ကျွန်မ ထိုအဘွားအိုထံ သွားရပါတော့သည်။
ချေးအထပ်ထပ်နှင့် ဂျပ်ခဲလိန်ကျစ်နေသော ဆံပင်များ၊ နံစော်ပေပွနေသော အဝတ်အစားများနှင့် ပိန်လှီလှီ ချိနဲ့နဲ့ ခန္ဓာကိုယ်ပိုင်ရှင်၏ အရောင်မိန်မွဲနေသော မျက်ဝန်းများကိုတော့ ကျွန်မ ဘယ်အချိန်အခါတွင်မှ မေ့ပျောက်မနိုင်လိမ့်မည် မထင်မိပါ။
ကျွန်မနှင့် အခါများစွာ တွေ့ပြီးသော တစ်နေ့တွင် ထိုအဘွားအိုမှာ လူ့လောကကြီးထဲမှ ထွက်ခွာခွင့်ရသွားရှာလေသည်။ထိုအခါ ကျွန်မသည် သံယောဇဉ်ကြိုးတမျှင်ကြားမှပင် ဝမ်းပန်းတသာ ရေရွတ်လိုက်မိသည်မှာ……………..
ဝဋ်ကျွတ်သွားပြီပေါ့….အဘွားရယ်….။ ဟူ၍သာ….…..။ ။
စာဖတ်ပြီးခံစားရတယ်
ReplyDeleteဝေငှပေးတာကျေးဇူးပါ
အမြဲတမ်းပြောင်းလဲခြင်းသဘောတရားတွေပါပဲ
ReplyDeleteစာကြွေးကဗျာကြွေးဖတ်သွားတယ်
ReplyDeleteထပ်လာတယ်
ReplyDeleteသစ်သစ်လည်းတွေ့ဘူးးးးးးးးးးးးးးးးး
သစ်သစ်လည်းတွေ့ဘူး
ReplyDeleteမေခင်လိုပဲ မအားဘူးလား