Search This Blog

Apr 3, 2010

ငါ့ အမြင်တွေ

ဆွေးဆွေးလွင့်လွင့် ....
အရောင်တွေက ရင့်တောက်တောက် ...
အတောင်အတက်တွေ..အချွန်အထက်တွေနဲ့..
ဘယ်အရာ..ဘယ်သူကမှ မညှာတာ မငဲ့ညှာ
အသိအမြင်ဆိုတာလည်း အလိုလျှောက်ရောက်လာမျိုးမဟုတ်တော့
ရှုံးနိမ့်ပြီးရင် အောင်မြင်မှုလာသလား..? 
ဆင်းရဲပြီးရင်ကော ချမ်းသာလာမှာလား..?
ကမ္ဘာကြီးက စိတ်ကျဝေဒနာတွေ တိုးပြီးရင်း..ဆိုး........
အမေရေ အသက်ဇီဝဆက် ပျော်ပါစေ...အမေ
အသီးအရွက်ဝေဆာ အရိပ်အာဝါသနဲ့ ဗန်ဒါပင်လေးရေ 
မင်းရင်သွေးတွေကို လူသားအဟာရအဖြစ်ထိုးကျွေးလေလို့
ကျေးဇူးပါလေ...။ အမေ ခံတွင်းမြိန်ရဲ့လား...အမေ
တွဲလီတွဲလောင်း တလုပ်မန်းကျည်းကွေးလေးတွေ..
နည်းနည်းဖန်ပေမဲ့ လူသားရဲ့ဆာလောင်မွတ်သိပ်မှု
အာသီသဖြေ..ချေပေးလို့ ကျေးဇူးပါ..
ညီလေး..အဆာပြေစေတော့လေ
ရှေးအစဉ်အလာမပျက်
အငမ်းမရတိုက်ကျွေးနေလေတဲ့ ရေအိုးစဉ်လေးရေ
တကျိုက်ဆို တကျိုက်လေ
ဝမ်းမီးတမြိုက်တော့ငြိမ်းစေတယ်မဟုတ်လား
ဘဝအမောတွေ ပြေပါစေ လုပ်သား အကိုရေ...။
တာဝန်...တာဝန် တွေလည်း နေ့ခင်းနေထဲ မျက်နှာ အဆီတဝင်းဝင်း
မကောင်းပေမဲ့လည်း အလှမ်းကွာမှုတွေကို 
အမှီလိုက်ဖို့ သူတို့ကြိုးစားကြတယ်။
ရောင်စဉ်ပျယ်သက်တန့်တွေလေ...
ခပ်မှိန်မှိန်ပါပဲ...ကြွေလွင့်ချိန်ကို ကြိုဆိုရင်း 
အခြေအနေမှန်မြင်ကြဖို့..ကျားကန်ထောက်မနေကြဆဲ
ယဉ်ကျေးမှုဆိုတာ လူမျိုးတစ်မျိုးရဲ့ တိုးတက်မှုမှတ်တမ်း
ရှေ့ကိုတိုးတက်ဖြစ်ထွန်းနေတဲ့ ဓမ္မတာလေ
ကန့်သတ်ခံအနုပညာဆိုတာမှန်သမျှ ဝမ်းစာမဝရှာတဲ့ ဝမ်းဗိုက်တွေအတွက်တော့
ပြန်သုံးလို့မရတော့တဲ့ ကြွပ်ကြွပ်အိတ်စုပ်လို
လမ်းမပေါ် လေမွှေ့ရာလွင့်
အလင်းတွေထိုးကျွေးနေလည်း အမှောင်က
နက်သထက် မှောင်တယ်
ဟေ့....!!!ဝမ်းမီးတောက်လည်း သွေးမပျက်ကြနဲ့...
အဆင်ပြေနေလို့လည်း နားထင် သွေးမတက်ကြနဲ့
"လူမတန် ကံချ"ကြမ္မာလည်း မရိုးကြနဲ့
ကွာဟမှုတွေကြား အများစုက ဘာဖြစ်နေကြလဲ..?
ဒီလိုနဲ့ပဲ...ပြောရေးဆိုခွင့်လေးမှ မရှိပဲ ဘာနိုင်ငံဆီသို့
ဒီလိုနဲ့ပဲ...ခန္ဓာထဲမှာ နီကိုတင်းနဲ့သွေးတွေတိုး
အိုက်စပ်စပ် ရေငတ်တယ်
အမှောင်ငှက်တွေနဲ့ နှလုံးသွေးတက်တယ်။
မီးစက်ရဲ့ မီးခိုးနဲ့ ဆူညံမှု
လမ်းမနဲ့လူသွားလမ်းပေါ်ကဆိုင်တွေရဲ့အမှိုက်နဲ့ ဆီညှော်နံ့
မညီမညာလမ်းထက် ငါ့ဖိနပ်တွေ အသက်တိုတယ်။
ဖုန်မှုန်တသောသောနဲ့ အညာသည်လည်း 
သန်းထွန်းလေးရဲ့ မွေးဌာနီစာသားအား 
ဆက်လက်ထိန်းသိမ်းလျက်မို့
ငါ့အမြင်တွေမှာ
ငါ့မနက်ဖြန်တွေ အသက်တိုတယ်။         ။
နွေလှိုင်ဿုန်း
၃.ဧပြီ.၂၀၁၀








3 comments:

  1. စိတ်မကျပါနဲ့ကဗျာဆရာ
    တင်းထား

    ReplyDelete
  2. အမြင်တွေ ကြည်လင်လာ့ချည့်လား

    ReplyDelete

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။