Search This Blog

Aug 21, 2008

အကန့် (၁၅) ချို့ယွင်းမှု

အရေးပေါ်လူနာ အမှတ်(၁၀)။ ။

ငါငိုအောင် ခေါ်ဦးမလား ဆောင်းရေ...
နှင်းတစ်ပွင့်မပါတဲ့ အရိုးကွဲဆောင်း နောက်
တောင်စဉ်ရေမြေခြားမှာ
ရွာသမျှက ဒဏ်ရာမိုးတွေပါပဲကွယ်....။

အမှတ်(၆)။ ။

မျဉ်းကြားက မကူးရင် အန္တရာယ်များတယ်ကလေး ။
မိဘက မဖြစ်ခဲ့ရတာတွေကို..
မျိုးဆက်ကို ဖြစ်စေချင်ခဲ့တဲ့ မိဘတချို့..
လူဆိုတာ ရှင်သန်တဲ့ခေတ်အလိုက် ပြောင်းလဲချင်..
လွတ်လပ်ချင်တဲ့ သက်ရှိတွေသာပဲ...။

အကန့်(၂၈)။ ။

လွမ်းမောခြင်းပေါင်းပင်တွေ တောထနေတဲ့ငါ့မြို့လေးမှာ
ဒုတိယမြောက်ရှုန်းကန်တွန်းလှန်မဲ့ လူသားလည်း
နွေနေမုန်တိုင်းကြားက
တည်ငြိမ်တဲ့ တောင်ကျချောင်း ရဲ့ရင်ကွဲနာနဲ့
အလိုမကျသမျှ ဆေးမြီးတိုနဲ့ ကုစားရတဲ့ဒဏ်တွေချည်းလေ ။

အကန့်(၂၅)။ ။

ခေါက်ရိုးကျိုးတဲ့ နေ့သစ်တွေလည်း
နေဖို့ရှင်ရင်း ရှင်ဖို့နေဖြစ်သွားတာများပြီ ။
ကမ်းလှမ်းပေးထားတဲ့ လက်တွေချည်းပဲ
အလှမ်းကွာမှုမိုင်တိုင်များကြား
တသောသောမျောတဲ့ ငါ့သောကနဲ့ မောဟ
ကမ်းတဲ့လက်တွေ ဘယ်တော့ ဆက်မလဲ???? ။
ခံစားချက်တွေ မပစ်ပယ်နိုင်သမျှ
ဟောဒီမြေပြင်ဟာ ကပ်တွယ်နေတဲ့သောကအပူတွေနဲ့
နွေးမှာပဲလေ ။

အရေးပေါ်လူနာအမှတ်(၀)။ ။

တကယ်တော့ ............
ငါသိတဲ့ ဆယ်နှစ်ရာသီဟာ
မသိမှုတွေနဲ့ လည်နေဆဲပါ ။
ငါလွှတ်တင်တဲ့ စက္ကူစွန်တွေဟာ တိုက်ခိုက်ဖို့တက်လာတာချည်းပဲ ။
အလိုလို ပြတ်တောက်မယ်ဆိုတာ ငါ မယုံကြည်ဘူး ။
ငယ်ဘ၀က ...
လကွယ်ည ကြောက်စိတ်တွေ မရှိတော့ပေမဲ့
လူးလွန့်ရခက်တဲ့ အိမ်မက်ဆိုးတော့ မက်ရမှာကြောက်ရွှံဆဲမို့
ရူးမသွားအောင် တွေးတတ်ဖို့ လေ့ကျင့်ခဲ့ဖူးတယ် ။ ။
နွေလှိုင်ဿုန်း

No comments:

Post a Comment

ရဲရဲသာ ရေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်။