Search This Blog

Oct 16, 2007

၅၀၀၀ကျပ်တန် မြန်မာငွေစက္ကူအသစ်



ရေးဖို့အစီအစဉ်မရှိပေမဲ့ mailစစ်ရင်းတွေ့တဲ့ပုံလေးကို သဘောကျလို့စာအသစ်တင်ဖြစ်သွားတာပါ။ ဒီလောက်မှရှိတာonline မှာ ဒီလိုငွေစက္ကူအသစ်ကို ထုတ်လိုက်ကြသဗျာ။ဘယ်သူက စိတ်ကူးရလို့လုပ်လိုက်တာလဲ မသိပါဘူးဗျာ။ မြန်မာ့ငွေကြေးဒီလောက်ဖောင်းပွနေတော့လည်း တချိန်မှာ ဒီငွေစက္ကူဟာ အမှန်တကယ်ပေါ်ပေါက်လာနိုင်ပါတယ်။


Oct 14, 2007

ကျနော် သဘောကျတဲ့ သီချင်းတစ်ပုဒ်


ရေးဖို့ အစိတ်မပါတာနဲ့ သီချင်းတွေနားထောင်ရင်း ကျနော် သဘောကျတဲ့Nickelback ရဲ့ သီချင်းတွေ မျှဝေလိုက်ရပါတယ်။

Oct 10, 2007

ဘ၀များစွာလွတ်မြောက်ရေး

ဘ၀များစွာလွတ်မြောက်ရေး

ဟောဒီစာလုံးတွေ မာထာန်နေမလား ။

အလံတွေ တလွင့်လွင့်
ဘ၀မှာနစ်နာဆုံးရှုံးမှုတွေနဲ့
ငါတို့+++ရင့်ကျက်ခဲ့ပြီ။
ချော့မသိပ်နဲ့xxx
ဘ၀မငြိမ်းချမ်းပဲ မအိပ်တတ်ဘူး။
ချောက်ထဲမချနဲ့xxx
အမှောင်တွေရိုက်ဖျက်မဲ့ လက်တွေချိတ်ထားပြီ ။
ဘ၀တွေလွတ်မြောက်ရေးမှာ
သူငယ်ချင်းရေ...
မလိုတဲ့ ၀န်ထုပ်တွေ ထမ်းမထားနဲ့ ပေါ့ပါးဖို့လိုတယ်။
ဘယ်ကိုသွားမှာလဲ ။ဘာတွေလုပ်မှာလဲ ???။
တစ်လမ်းတည်းကို ဦးတည်နေတာပဲ
ခေါင်းမကွဲစိတ်ဓာတ်မယိုင်မလဲ အဆုံးထိလျှောက်
ခရီးရောက်ဖို့လိုတယ်။
အသွေးအသားတွေ ၊ဘ၀တွေ ရင်းခဲ့ နစ်ခဲ့
ဘယ်မလဲ ???တူညီတဲ့ အလျော်အစား
ဝိညာဉ်တွေ စိတ်လျှော့အေးချမ်းနိုင်ဖို့
ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖို့
မွန်းကြပ်ပိတ်လှောင်ခံရတဲ့ငါတို့
သမိုင်းပေးတာဝန်ကျေစေရမယ် ။ ။ ။


Oct 6, 2007

သင်ဘာဆက်လုပ်မလဲ????


မြန်မာပြည်တွင်းက ကမ္ဘာနဲ့ ဆက်စပ်တဲ့ကွန်ယက်ဖြတ်တောက်လိုက်တာကြောင့် ပြည်တွင်းကသတင်းတွေ လိုက်လံရှာဖွေ နားထောင်ရင်း အာဏာလုယူထားသူ လက်တစ်ဆုပ်စာ ခေါင်းဆောင်အဖွဲ့အစည်း ရဲ့ မတရား ဖိနှိပ်မှုကြောင့် ယုတ်လျော့အားနည်းသွားရတဲ့ တော်လှန်ရေးမေတ္တာတိုက်ပွဲရဲ့ အခြေအနေဟာ အင်အားချိနဲ့သွားပြီလို့ ထင်မြင်လာရပါတယ် ။ဒါပေမဲ့ စစ်မိစ္ဆာတွေရဲ့ ဖြေရှင်းပုံမမှန်တဲ့ ဖြေရှင်းနည်းကြောင့် ဒီတော်လှန်ရေးဟာ အရှိန်အဟုန်ကျဆင်းခြင်း သက်သက်သာဖြစ်ပါတယ် ။သံဃာတော်တွေ ကျောင်းသားပြည်သူတွေကို ရိုက်နှက် နှိပ်စက် ဖမ်းဆီးသတ်ဖြတ်လိုက်ရုံနဲ့ ပြည်သူလူထုကြီးက ကြောက်ရွံ့ထိတ်လန့်ပြီး အဆုံးသတ်ရပ်တန့်သွားပြီ လို့ ထင်မှတ်နေကြသကိုး ။ပြဿနာ အရင်းခံကို မဖြေရှင်းပဲ ဘယ်လိုပြဿနာက ရှင်းလင်း ပြီးပြတ်သွားလို့လဲ ။ပြင်ပသတင်းတွေနဲ့ ကျနော် သိမြင်ခဲ့တဲ့အတွေ့အကြုံအရ တကယ့်အောက်ခြေက စစ်သားလေးတွေမှာ ပြင်ပကရွှေမြန်မာပြည်ကြီးရဲ့ အခြေအနေမှန်ကို စိုးစဉ်းမျှ သိခွင့် မရကြရှာပါဘူး ။နဂိုကမှ ဗဟုသုတအသိအမြင်နည်းလို့ စစ်တပ်ထဲပါသွားရတဲ့ အထဲမှာ မျက်စိ၊ နားတွေပိတ်လို့ မိစ္ဆာတွေ မှိုင်းတိုက်တာသာခံကြရရှာတယ် ။အဲဒီလိုကြာရှည်နေလာရတဲ့အခါ ဒီအသိအမြင်နည်းပါးတဲ့ စစ်သားလေးတွေရဲ့ဦးနှောက်ဟာ မှိုင်းမိတာများပြီး ကြက်ခိုးဆွဲနေကြပါတော့တယ် ။
နောက်တစ်ခုက ငတ်မွတ်ခေါင်းပါးမှုရဲ့ အကျိုးဆက် ဘေးထွက်ဆိုးကျိုးတွေလို့ ဆိုရမလားပဲ။ ငတ်ပြတ်နေတဲ့ ပြည်သူတွေမှာ အနည်းဆုံးဗျာ ရေဒီယိုနားထောင်နိုင်ဖို့မပြောနဲ့ ထမင်း အနပ်မှန်အောင်တောင် မလွယ်တာတွေက အများကြီး ......။အဲဒီတော့ မြန်မာ့အရေး၊ ကမ္ဘာ့အရေးဆိုတာ ဘယ်လောက်များသိတော့မလဲ ။သူတို့တွေ အတွက် ဘာက အရေးကြီးသလဲဗျာ ။ မိစ္ဆာတွေ ကတော့သူတို့လိုအခြေအနေတွေ အကြိုက်ပေါ့ ။မျက်ဖြူစိုက်လေ ဆရာကြိုက်လေ ပဲ ။ကောင်းကောင်း မှိုင်းတိုက်ပြီး အသုံးချလို့ ရတယ်လေ ။ကျေးလက်တောရွာနေ ပြည်သူတွေမှာ ဒီလိုအခြေအနေတွေ အများဆုံးတွေ့ရပါတယ် ။မြို့ပြတွေမှာတော့ ငတ်နေတယ်ဆိုရင်တောင် ပတ်ဝန်းကျင် ကျယ်ပြန့်တဲ့အတွက် ဘာပဲဖြစ်ဖြစ် သတင်းစကားတော့ ကြားသိနေရပါတယ် ။

ကျနော်တို့ရဟန်းရှင်လူပြည်သူတွေ ပေးဆပ်ခဲ့ရတာတွေ များလှပါပြီ ။ဘ၀တွေ နစ်ခဲ့၊ဆုံးခဲ့ရတာတွေလည်း များလှပြီ။အခု ဒီအရေးတော်ပုံကြီးကလည်း ဒီမှာတင်ပဲ စခန်းသိမ်းဖို့မရှိပါဘူး ။ရှေ့ဆက်ပြီး ပြောက်ကျားနည်းနဲ့သော်လည်းကောင်း၊ ဖြစ်တဲ့နည်းနဲ့ ဆက်လက်ချီတက် ဖြစ်ပွားနေဦးမှာပါ ။သို့သော် ကျနော်တို့ ဒီလိုပဲ ဘ၀တွေ၊ အသက်သွေးချွေးတွေကို မထိုက်တန်စွာ ပေးဆပ်နေကြရဦးမှာလား။ကိုယ့်ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်အသုံးချတောင်းဆိုရာမှာကျနော်တို့က မတန်တဆ ပေးဆပ်နေကြရမှာလား ။နည်းလမ်းတွေကတော့ ကျနော်တို့ကျဉ်လည်ရာ Blog လောကမှာဖြစ်ဖြစ်၊တခြားသတင်းမီဒီယာတွေမှာပဲ ဖြစ်ဖြစ် ပြောကြဆိုကြ တာတွေ တွေ့ပါတယ်။ပြည်ပကUN တို့EUတို့လို အဖွဲ့အစည်းတွေကို မကြည့်ပါနဲ့တော့။ကိုယ့်နိုင်ငံအရှုပ်ကိုယ်ပဲ ရှင်းရမှာပါ။တခြား စစ်မိစ္ဆာတွေကိုအတိုက်အခံလုပ်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှလည်း ထုတ်ပြန်ကြေငြာချက်တွေ တွေ့မြင်ဖက်ရှူ့နေရပါတယ်။ဒါနဲ့တင်ပြီးသလား၊ ပြီးမလား။အလုပ်ဖြစ်ဖို့ အလုပ်လုပ်နိုင်ဖို့လိုပါတယ် ။ဘယ်လောက်ထိ အကျိုးရှိတယ်။ထိရောက်တယ် ။အသုံးတည့်တယ် ဆိုတာ သုံးသပ်ကြဖို့လိုပါတယ်။အာဏာလုထားသူတွေကလည်း ဥာဏ်နီဥာဏ်နက် အကုန်ထုတ်သုံးပြီး လက်ရှိအခြေလေးမပျက်အောင်တားဆီးနှိမ်နင်းမှာပဲ ။ ကဲ ...ကျနော်တို့ဘာဆက်လုပ်ကြမလဲ??????


Oct 4, 2007

တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ

တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ
ဒေါက်တာလွဏ်းဆွေ


၈၈-မျိုးဆက်ခေါင်းဆောင်တွေကို ဖမ်းကုန်ပြီတဲ့
ညက ရေဒီယိုမှာ ကြေညာသွားတယ်
ဒီလောက်နဲ့ပဲ ပြီးလိုက်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ပခုက္ကူသံဃာနှစ်ပါးကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ရိုက်သတဲ့
ညက ရေဒီယိုမှာ ကြားလိုက်ရတယ်
ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတော်တွေ ပတ္တနိက္ကုဇ္စန ကံဆောင်နေကြပြီတဲ့
ညက ရေဒီယိုမှာ ပြောသွားတယ်
ဒီလောက်နဲ့ပဲ တင်းတိမ်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတွေနောက်ကို ပြည်သူတွေပါလာပြီတဲ့
ညက ရေဒီယိုမှာ အသံလွှင့်သွားတယ်
ဒီလောက်နဲ့ပဲ ရောင့်ရဲကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဂျပန်သတင်းထောက်ကို စစ်ခွေးတွေ ပစ်သတ်လိုက်တာ
ညက တီဗွီမှာ ကြည့်လိုက်ရတယ်
ဒီလောက်နဲ့ပဲ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

စစ်ခွေးတွေ ပစ်သတ်တာ ပြည်သူတွေသေကုန်ပြီတဲ့
ညက ဘီဘီစီမှာ ကြေညာသွားတယ်
ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဘုန်းကြီးကျောင်းတွေကို ညပိုင်းဝင်စီးတာ
သံဃာတွေ တော်တော်အဖမ်းခံရတယ်တဲ့
ညက အာရ်အက်ဖ်အေမှာ ကြားလိုက်ရတယ်
ကြေကွဲဝမ်းနည်းရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာအလောင်းတလောင်း ငါးမိုးရိပ်ချောင်းထဲမှာ ပေါ်လာသတဲ့
မနေ့က အင်တာနက်မှာ ကြည့်လိုက်ရတယ်
သံရုံးတွေရှေ့မှာ ဆန္ဒပြရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဂမ်ဘာရီ မနေ့က ပြန်သွားပြီတဲ့
ညက ဗွီအိုအေမှာ ပြောသွားတယ်
ဆင့်ဟိုဒင်း ခွေးမျှော်ရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သတင်းမေး သတင်းလွှင့်ရတာလည်း
စိတ်မကောင်းစရာတွေ ချည်းပါကွယ်
စုတ်သပ်ရုံလောက်နဲ့ပဲ နေကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဆန္ဒပြသူတွေကို စစ်ခွေးတွေ ၀ိုင်းရိုက်တာ
စီအန်အန်မှာ ကြည့်လိုက်ရတယ်
စိတ်ဆိုးဒေါသထွက်ရုံနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ခေါင်းဆောင်တွေ ဘယ်ရောက်နေကြလဲ
အဖွဲ့အစည်းတွေ ဘာလုပ်နေကြလဲ
ငါတို့မဲပေးထားတဲ့သူတွေ ဘယ်မှာလဲ
ဒေါက်တာဆလိုင်းထွန်းသန်းတို့၊ ဦးဝင်းခက်တို့ ဘယ်မှာလဲတဲ့
ပြည်သူတွေ မေးနေကြပြီ
အစည်းအဝေးထိုင်ရုံလောက်နဲ့ ပြီးကြတော့မှာလား
စတိတ်မန့်ထုတ်ရုံလောက်နဲ့ ပြီးကြတော့မှာလား
ရေဒီယိုမှာ ဟိုပြောဒီပြောနဲ့ ပြီးကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

သံဃာတွေ ပြည်သူတွေ သွေးချောင်းစီးနေတာတောင်
အာဖရိက မြင်းကျားတွေလို
မြက်စားမပျက်ကြပါလားကွာလို့
အပြောခံကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

မြန်မာပြည်သားဆိုတာ
ငုံ့ခံတတ်တဲ့ လူစားတွေပါကွာလို့
သမိုင်းအရေးခံကြတော့မှာလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

ဒီကဗျာကို
အံချလိုက်ရရင်
သေပျော်ပြီကွာလို့ ယူဆနေသလား
တိုက်ပွဲက ငါတို့ကို စိန်ခေါ်နေပြီ။

အားလုံး …
အားလုံး …
ဒီမိုကရေစီကို လိုလားတဲ့
မြန်မာပြည်သားအားလုံး
ကြက်သေ သေမနေကြပါနဲ့
ငါတို့ ဘာဆက်လုပ်ရမလဲဆိုတာကို
ပျံလွန်တော်မူသွားတဲ့ သံဃာတွေက လမ်းပြသွားခဲ့ပြီ
လမ်းမပေါ်မှာ ပစ်သတ်ခံရတဲ့ ပြည်သူတွေက လမ်းပြသွားခဲ့ပြီ
အဖမ်းဆီးခံ သံဃာနဲ့ပြည်သူတွေက လမ်းပြသွားခဲ့ပြီ
အချိန်သိပ်မရှိတော့ဘူး
တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ
တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ
တိုက်ပွဲက ငါတို့အားလုံးကို အကြီးအကျယ် စိန်ခေါ်နေပြီ။ ။


Oct 2, 2007

ရွှေဘိုသား မှ လှိုက်လှဲစွာကြိုဆ�

ရွှေဘိုသား မှ လှိုက်လှဲစွာကြိုဆ�: "အညတြပြည်သူတစ်ဦး၏အိတ်ဖွင့်ပေးစာ (အောက်တိုဘာ ၁၊ ၂၀၀၇) လေးစားအပ်ပါသော မြန်မာနိုင်ငံ၏ဒီမိုကရေစီရရှိရေးအတွက် လက်နက်ကိုင်၊ လက်နက်မဲ့ နည်းမျိုးစုံဖြင့်တိုက်ပွဲဝင်နေကြသည့် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ ခေါင်းဆောင်များခင်ဗျား ......

မြန်မာနိုင်ငံ၏ကောင်းကျိုးချမ်းသာကိုလိုလားသော မြန်မာပြည်သူလူထု၏ကိုယ်စား အညတရမြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် အနည်းငယ်အကြံပြု ပြောကြားလိုပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံအတွင်းတွင် ဒီမိုကရေစီရရှိရေး၊ နိုင်ငံသားတိုင်း သာတူညီမျှအခွင့်အရေးရရှိရေး၊ စစ်အစိုးရ၏အုပ်ချုပ်ရေးဆုံးခန်းတိုင်စေရေးအတွက် နောက်ဆုံးနည်းလမ်းအဖြစ် လူထုတိုက်ပွဲအသွင်ဖြင့် လူထုနှင့်သံဃာပူးပေါင်းကာ စတင်တိုက်ပွဲဝင်နေကြပြီဖြစ်ပါသည်။၊ ယခင့်ယခင်ကာလများဆီက လူထုတိုက်ပွဲဖြစ်မြောက် အောင် ပုံဖော်တော့မည်ဟု လွတ်မြောက်နယ်မြေရှိ NCUB, NLD(LA), FDB ကဲ့သို့သော ဦးဆောင်အဖွဲ့အစည်း များက တရားဝင်ကြေညာချက်များထုတ်ပြန်ခဲ့ကြသည်ကို ကြားသိဖတ်ရှုခဲ့ရပါသည်ခင်ဗျား။

ထိုသို့ ကြေညာချက်များ၊ သတင်းထုတ်ပြန်ချက်များကို ဖတ်ရှုကြည့်ခဲ့ရာတွင် လူထုတိုက်ပွဲ ဖြစ်ပေါ်ဖို့သည် ပြည်တွင်းက လူထုအပေါ်တွင် အဓိကမူတည်သည်ဟူသော အာဘော်မျိုးကို ဖတ်ရှုခဲ့ရပါ သည်။ ယခုအချိန်တွင် မြန်မာပြည်တွင်းကလူထုသည် သံဃာတော်များ၏ဦးဆောင်မှုအောက်မှနေကာ လူထုတိုက်ပွဲအသွင်မျိုးတိုက်ပွဲဝင်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည်ကို လူကြီးမင်းတို့အသိပင်ဖြစ်ပါသည်။ ထိုအတောအတွင်း ကျဆုံးခဲ့ရသည့် ပြည်သူနှင့်သံဃာများစွာရှိနေသလို၊ လက်ရှိအဖမ်းဆီးခံ၊ အနှိပ်စက်ခံနေရသည့် ပြည်သူလူထုနှင့်သံဃာများလည်း များစွာရှိနေပြီဖြစ်ပါသည်။

ထို့ကြောင့် ယခုအချိန်သည် ပြည်တွင်း၏အင်အားကိုသာမက ပြည်ပမှ လူကြီးမင်းတို့ကပါ ၀ိုင်းဝန်းပါဝင်လုပ်ဆောင်ကြရမည့်ကာလဟု ယူဆမိပါသည်။ ထို့အတွက်ကြောင့် လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များ၊ လက်နက်ကိုင်၊ လက်နက်မဲ့ တိုက်ပွဲဝင် နေကြသူများအနေနှင့် ပြည် တွင်းကလူထုကြီး ၏သတ္တိကို လေးစားသောအားဖြင့်လည်းကောင်း၊ အားပြုခြင်းအားဖြင့်လည်းကောင်း၊ ပြည်ပလွတ်မြောက်နယ်မြေများမှနေ၍ နည်းလမ်းမျိုးစုံအသုံးပြုကာ ပြည်တွင်းကိုအထောက်အပံ့ပေးရန်အချိန်တန်ပြီဟု ယူဆမိပါသည်။ မြန်မာပြည်သူအားလုံး၏ဘုံရန်သူ သာသနာဖျက်မင်းဆိုးမင်းယုတ် နအဖစစ်အစိုးရအား ဘက်ပေါင်းစုံမှဖိအားပေးလုပ်ဆောင်သင့်ပြီဟု လည်းထင်မှတ်မိပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ဦးစီးဦးဆောင်လုပ်ဆောင်နိုင်သူအများစုမှာ နအဖမှ ဖမ်းဆီးထားသူများမှလွဲလျင် ပြည်ပတွင်သာရောက်ရှိနေကြပါသည်။ လူကြီးမင်းတို့အနေဖြင့် လူထုလိုက်ပါမှုကို တကူးတကစည်းရုံးစရာမလိုပဲ ယခုရရှိနေပြီဖြစ် သဖြင့် လွတ်မြောက်နယ်မြေအသီးသီးမှ ယခုမြန်မာနိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသော နည်းဗျူဟာများချမှတ်ကာ စနစ်တကျ ဦးဆောင်မှုပေးစေလိုပါသည်။ နိုင်ငံရေးဆိုသည်မှာ လူထုလိုက်ပါလာအောင် စနစ်တကျစည်းရုံးလုပ်ဆောင်နိုင်လျှင် အောင်ပွဲရသည်ချည်း ဖြစ် သည်ကို လူကြီးမင်းတို့ သိရှိပြီးဖြစ်ပါလိမ့်မည်။

လွတ်မြောက်နယ်မြေရှိ ခေါင်းဆောင်များကဦးဆောင်မှုပေးလျှင် ပြည်တွင်းကပြည်သူလူထုသည်လိုက်ပါဖို့ အဆင်သင့်ဖြစ်နေကြသည့် အနေအထားကို ရောက်ရှိမြင်တွေ့နေရပြီ ဖြစ်ပါသည်။ ထို့ကြောင့် လွတ်မြောက်နယ်မြေအသီးသီးရှိ ခေါင်းဆောင်များက ဦးဆောင်ဦးရွက်ပြုပြီး ခေါင်းဆောင်မှုလိုအပ်နေသည့် ပြည်တွင်းမှမြန်မာပြည်သူလူထုကို လမ်းညွှန်ပေးစေလိုပါသည်။

ခေါင်းဆောင်များအနေနှင့် ကြေညာချက်များထုတ်ပြန်ရုံ၊ သံရုံးများရှေ့တွင်ဆန္ဒပြနေရုံမျှနဲ့ကျေနပ်မနေကြစေလိုပဲ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး၊ ပြည်သူလူထုလိုလားသော ပြည်ထောင်စုစစ်စစ်တည်ထောင်ရေးကို ပြည်တွင်းမှမြန်မာပြည်သူလူထုနှင့်ပူးပေါင်းလုပ်ဆောင်သင့်သည့်အချိန် ကျရောက်နေပြီဖြစ်ကြောင်း သတိထားမိစေလိုပါသည်။

၂၀၀၇၊ စက်တင်ဘာတိုက်ပွဲအတွင်းကျဆုံးသွားခဲ့ရသော သံဃာတော်များနှင့် ပြည်သူလူထုအာဇာနည်များကို လေးစားအသိအမှတ်ပြုသောအားဖြင့်သော်လည်းကောင်း၊ ပေါ်ပေါက်လာသော နိုင်ငံရေးအခြေအနေအခွင့်ကောင်းကို အမိအရဆုပ်ကိုင်သင့်သည်ကို သတိပြုစေချင်သောကြောင့်လည်းကောင်း၊ ဤအိတ်ဖွင့်ပေးစာကိုရေးသားရခြင်းဖြစ်ပါတယ်။

အမိနိုင်ငံတော်အကျိုးကိုလိုလားသူ
ရွှေဘိုသား(အညတြပြည်သူတစ်ဦး)

Oct 1, 2007

မိစ္ဆာများရဲ့ဘာသာမဲ့ စော်ကားမှု


ဒီနေ့ရတဲ့ ဓာတ်ပုံပါ ။ဘယ်လောက်ထိ ဘာသာတရားမဲ့ ၊ဥပဒေမဲ့ ၊လူသားချင်းစာနာမှု ကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ပါလဲ ။??? ?။ စာဖက်သူကိုယ်တိုင်သာ ခံစား တုံ့ပြန်ပါတော့ဗျာ ။မိစ္ဆာတွေ ပါပဲ ။လူလိုသိတတ်ဖို့မရှိဘူး ။ဒီလိုရက်စက်မှုမျိုးကို ဘယ်နိုင်ငံမှာ မြင်ဖူးလဲ ။ဒီအသက်မဲ့ပုဂ္ဂိုလ်ဟာ သာမန်လူသားမဟုတ်ပါဘူး ။ဘုရားရဲ့ သားတော်ပါ ။လူသားတစ်ဦးသဖွယ် သဘောထားပါဦး လက်ခံနိုင်ဖွယ် ရှိလောက်စရာမတွေ့ဘူး ။လူမဆန်အောင် ရက်ရက်စက်စက် ညှင်းပမ်းနိပ်စက်ပြီး အသက်မဲ့သွားတဲ့ရုပ်ကလာပ်ကိုတောင် သဂြိင်္ုလ်ဖျောက်ဖျက်လိုစိတ်ပင်မရှိပါသလော ။
အသက်(၇၄)နှစ်ရှိပြီဖြစ်သော သေခါနီး အဖိုးကြီးတစ်ယောက်ဟာ ဘ၀ကူးကောင်းဖို့ မလုပ်ပဲ အဘယ်ကြောင့်ဤ၍ဤမျှ လူမဆန်စွာ ပြုကျင့်ရက်သနည်း။အာဏာကို လက်လွတ်ရမည် စိုး၍လော ။အာဏာလက်လွတ်ပြီးသည်နှင့်သူ့ကို ခုံရုံးတင်ခံရမှာကို ကြောက်ပြီး လုပ်မိလုပ်ရာ လုပ်နေတာလား ။ဒီလိုလုပ်ရုံနဲ့ မပြီး ဘူးဆိုတာ နားလည်ဖို့ကောင်းတယ် ။လာလိမ့်မယ် ။ဒီမိုကရေစီနည်းနဲ့ မဟုတ်လေဘူး ။လာလိမ့်မယ် သူ့အသက်ကို ခြွေမဲ့လူတွေ ၊ ရတဲ့နည်းနဲ့ဖြစ်အောင်လုပ်ကြလိမ့်မယ် ။နိုင်ငံကို အဓမ္မအနိုင်ကျင့်လုယူထားတဲ့လူတွေ အစိုးရလို့မသတ်မှတ်နိုင်ဘူးဟေ့ မိစ္ဆာတွေရေ . . .။နိုင်ငံနဲ့လူမျိုးနဲ့ ဘာသာတရားကို မငဲ့ကွက်ပဲ ရက်စက်တဲ့လူတွေ သတိကပ်နေကြ ကမ္ဘာမကြေဘူး ။
အောက်ကU Tube movieကတော့ သတင်းထောက်တစ်ဦး ၁.၁၀.၂၀၀၇မှာ လျှို့ဝှက်ရိုက်ကူးခဲ့တာပါ။